RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။
ချင်းပြည်နယ်တစ်ခုလုံး စစ်ကောင်စီလက်အောက်မှ လွတ်မြောက်ရန် ဟားခါးမြို့၊ တီးတိန်မြို့၊ ထန်တလန်မြို့တို့သာ ကျန်ရှိတော့ပြီး ဖမ်းလမ်းမြို့သိမ်းရန် စစ်ကောင်စီလက်အောက်ခံ ခလရ ၂၆၈ တပ်စခန်းတစ်ခုကို ချင်းညီနောင်နှင့်မဟာမိတ်များက အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေကြောင်း သိရသည်။
“ချင်းပြည်တောင်ပိုင်းကတော့ စစ်ကောင်စီကင်းစင်သွားပါပြီ။ ချင်းတစ်ပြည်လုံးအနေနဲ့တော့ ၈၅ ရာ ခိုင်နှုန်းနီးပါး လွတ်မြောက်နေပြီလို့ ပြောလို့ရမယ်။ တီးတိန် ထန်တလန် ဟားခါးကတော့ ကျန်နေ သေးတယ် ဖလမ်းကလည်း ၂၆၈ တပ်ကုန်းတစ်ခုသာ ကျန်တယ်၊ ကျန်နေရာတွေက စစ်ကောင်စီ ကင်းစင်သွားပြီ” ဟု ချင်းညီနောင်အဖွဲ့ဝင် CDF မင်းတပ် စစ်ဦးစီချုပ် ဆလိုင်းထန်းချွန်းဖေက ယနေ့နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။





မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသော စံမင်းသီရိစေတီကုန်၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ် (မင်းတပ်)၊ မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းနှင့် ခလရ (၂၇၄) တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး၊ ဒီဇင်ဘာ ၁၅ ရက်နေ့က မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၁၂၃) ဦးနှင့်အတူ ၎င်းတို့မိသားစုဝင်များပါ လက်နက်ချအညံခံခဲ့ကြသည်ဟု ချင်းညီနောင်အဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

