RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။
ချင်းညီနောင်စစ်ဆင်းရေးအနေဖြင့် မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ် မြို့ပေါ်ရှိစစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားနိုင်သည့်အပြင် စစ်ကောင်စီလက်အောက်ခံ စစ်နှင့်ရဲ ၁၂၃ ဦးနှင့်အတူ မိသားစုဝင်များပါ လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။
မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသော စံမင်းသီရိစေတီကုန်၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ် (မင်းတပ်)၊ မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းနှင့် ခလရ (၂၇၄) တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး၊ ဒီဇင်ဘာ ၁၅ ရက်နေ့က မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၁၂၃) ဦးနှင့်အတူ ၎င်းတို့မိသားစုဝင်များပါ လက်နက်ချအညံခံခဲ့ကြသည်ဟု ချင်းညီနောင်အဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
ချင်းညီနောင်စစ်ဆင်ရေး (Operation DB) အဖြစ် ချင်းညီနောင်အဖွဲ့ဝင်များနှင့် မဟာမိတ်များက ဖော်ဆောင်လျက်ရှိသော မြို့သိမ်းတိုက်ပွဲမှာ မင်းတပ်မြို့အပြင် ဖလမ်းမြို့သိမ်းပါ ဆင်နွှဲနေကြောင်း၊ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှာလည်း ဖလမ်းမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ရုံး၊ ထွေအုပ်ရုံးစသည်တို့ကို သိမ်းပိုက်ထားနိုင်ပြီး တိုက်ပွဲအတွင်း နိုဝင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ (၄၅) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်းမှ မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အနေဖြင့် အပြီးသတ်သိမ်းပိုက်နိုင်ရေး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#RedNewsAgency #RNA #REDNEWS