ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ အောင်နိုင်ရေးအတွက် ဖြတ်တောက်ရေးတာဝန်ထမ်းဆောင်ရင်း ရဲဘော်ငယ်ထွေး (ခ) ယောက်လုံး မြင့်မြတ်စွာကျဆုံး

RNA_ဇွန်(၂၀)၊၂၀၂၅ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းသိမ်းတိုက်ပွဲ အောင်နိုင်ရေးအတွက် ဖြတ်တောက်ရေးတာဝန်ထမ်းဆောင်ရင်း 96 Soldiers – PDF (အညာဒေသ) တပ်ခွဲမှ ရဲဘော်ငယ်ထွေး (ခ) ယောက်လုံးသည် ဇွန်လ (၁၉) ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။

ကန့်ဒေါင့်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှီ အင်မထီးရွာမှ ထွက်လာသော ပျူနှင့် စစ်ကောင်စီပူးပေါင်း စစ်ကူစစ်ကြောင်းများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA နှင့် မဟာမိတ်တပ်ပေါင်းစုများက စစ်ကြောင်းပျက်သည်အထိ အောင်မြင်စွာ တိုက်ခိုက်ဖြတ်တောက်ထားနိုင်သဖြင့် ကန့်ဒေါင့်သို့ စစ်ကူများမရောက်နိုင်ဘဲရှိသည့်အတွက် ကန့်ဒေါင့်စခန်းရှိ ကူရာကယ်ရာမဲ့ စစ်ကောင်စီစစ်သားများမှာလည်း စစ်ကူလာသည့်အချိန်တိုင်း တပ်လန်ကျနေသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်အမင်း ပျက်ပြားနေခဲ့ပြီးနောက် ဇွန်လ ၁၉ ရက်နေ့တွင် မဟာမိတ်များနှင့်အတူ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်ဟု PLA ကထုတ်ပြန်ထားသည်။

ရဲဘော်ငယ်ထွေး (ခ) ယောက်လုံးသည် နွေဦးတော်လှန်ရေးကာလအတွင် 96 Soldiers – PDF (အညာဒေသ) တပ်ခွဲ၌ ပါဝင်၍ စစ်အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ကြောင်း၊ ရဲဘော်ငယ်ထွေး(ခ)ယောက်လုံး အနေဖြင့် စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းခုလပ်တွင် မြင့်မြတ်စွာကျဆုံးရင်း သူ၏အသက်ကိုပေးလှူခဲ့ကြောင်း၊ ရဲဘော်ငယ်ထွေး(ခ)ယောက်လုံးအတွက် ကြေကွဲဝမ်းနည်းစွာဖြင့် ယူကျုံးမရဖြစ်ရသလို သူ၏စွန့်လွှတ်အနစ်နာခံမှုအတွက်လည်း ဂုဏ်ယူမိသည်ဟု 96 Soldiers – PDF (အညာဒေသ)က ထုတ်ပြန်ထားသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor