ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ်(ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ်အဖွဲ့ကြေညာ

RNA_နိုဝင်ဘာ(၂)၊၂၀၂၃ ခုနှစ်။
၁၀၂၇ စစ်ဆင်ရေး (၇) ရက်တာ ကာလအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ဖြစ်ကြောင်း ညီနောင် မဟာမိတ် (၃) ဖွဲ့က ယနေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ထုတ်ပြန်လိုက်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ခဲ့သည့် ညီနောင်မဟာမိတ် (၃)ဖွဲ့ ဦးဆောင်သည့် “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇) ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း အကြီးအသေး စုစုပေါင်း ၉၀ ကျော်နှင့် သံချပ်ကာ (၆) စီး၊ လက်နက်ခဲယမ်းများစွာနှင့် မြို့ ၄ မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက ကိုးကန့်ခရိုင်၊ တုံးရှမ်းဒေသရှိ ရန်သူ့စစ်စခန်း (၂) ခု အား အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း၊ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနှင့် အုမ္မတီးကျေးရွားကြား စခန်းချထားသော ရန်သူ့စစ်စခန်း (၁) ခုအား တအာင်းတပ်မတော် TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့မှထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရန်သူ့စစ်ကောင်စီ၏ “ရွှေလီကြိုးတံတားရဲကင်း” အား သွားရောက်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#RedNewsAgency
By Editor