၁၀၂၇ စစ်ဆင်ရေးကို အတုယူကြ၊ စစ်ရေးအရှိန်မြှင့်တင်ကြ၊ လွတ်မြောက်ရေးအတွက် ရုန်းထွက်ကြ

“ရရာလက်နက်ဆွဲကိုင်ပြီး တော်လှန်ရေးကြသည့် အညာသူ အညာသားများကို စစ်ကောင်စီမည်သည့်အခါမျှ အနိုင်ယူနိုင်မည် မဟုတ်သော်လည်း လက်နက်ခဲယမ်းရှားပါးသည့် ပြဿနာကြောင့် တော်လှန်ရေးရဲဘော်များ၏ အသက်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များ ဆုံးရှုံးနေရသည်မှာ အားလုံးအသိ”

လင်းယုန်

တောင်ပိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်ပြီးတော့ အညာဒေသရှိ တော်လှန်ရေးအင်အားစုများကို နီးစပ်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပြည်သူများ၊ ဒေသခံတော်လှန်ရေးအင်အားစုများအချင်းချင်းနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ဝိုင်းဝန်းကူညီ ပေးရန်လိုအပ်ပါသည်။

အညာဒေသအတွင်းရှိ မြို့၊ ရွာတော်တော်များများသည် စစ်ကောင်စီ၏လွှမ်း မိုးမှုနှင့် အမျိုး၊ ဘာသာ၊ သာသနာကိုအကြောင်းပြပြီး ချုပ်ကိုင်ထိန်းချုပ်မှုအောက်တွင်နှစ်ပေါင်းများစွာကျင်လည် ဖြတ်သန်းလာခဲ့ကြသည့်ဒေသများဖြစ်သည်။ မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူ့စစ်များ၊ ပျူစောထီးအမည်ခံ စစ်တပ်ထောက်ခံသူများနှင့် စစ်အုပ်စုများက အညာဒေသခံပြည်သူများကို ဒုက္ခ ပေါင်းစုံပေးပြီး ဖိနှိပ်တိုက်ခိုက်နေကြောင်းတွေ့ရသည်။

စစ်ကိုင်းနှင့်အနီးစပ်ဆုံးတိုင်းရင်းသား လက်နက်ကိုင်များဖြစ်ကြသည့် ချင်း (CNF/CNA) နှင့် ကချင် (KIO/KIA)၊ မကွေးတိုင်းနှင့်အနီးစပ်ဆုံးနေရာ ရက္ခိုင့်တပ်တော်(ULA/AA)၊ ပဲခူးတိုင်းနှင့်အနီးစပ်ဆုံး (KNU/KNLA) တို့မှ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်ဖော်ဆောင်ရန်လိုအပ်ပါသည်။ ထိုနည်းတူ NUG ၏ ကာကွယ်ရေးဌာနဘက်မှလည်း လက်တွေ့ကူညီ စစ်ရေးမြှင့်တင်ရန် လိုအပ်ပါသည်။ ဒေသတွင်း တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ရုန်းထွက်ကြရန် လိုအပ်ပါသည်။

People’s Defence Force – Salin ရဲဘော်များ

စစ်ကိုင်း၊ မကွေး၊ ပဲခူးရှိ ပြည်သူ့တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း မိမိတို့ဒေသနှင့်အနီးစပ်ဆုံး တိုင်းရင်းသားလက်နက်ကိုင် EROs များနှင့်ပူးပေါင်း တိုက်ပွဲဝင်ရန်လိုအပ်သလို မိမိတို့ဒေသရှိအစုအဖွဲ့ငယ်များကိုစုစည်းပြီး အင်အားကောင်းအောင်၊ အဖွဲ့အစည်းတောင့်တင်းခိုင်မာအောင် တည်ဆောက်မှသာလျှင် ဘုံရန်သူစစ်အုပ်စုကို စစ်တိုင်းအလိုက် တစ်ချိန်တည်း၊တစ်ပြိုင်တည်း တိုက်စစ်ဖော် ဆောင်ချိန်တွင် အချိန်နှင့်တပြေးညီပါဝင်ဆင်နွဲ့နိုင်မည်ဖြစ်သည်။ အချိန်မရွေးပြင်းထန်လာနိုင်သည့် စစ်ရေးအတွက် အချိန်တိုင်း အဆင်သင့်ဖြစ်နေရန် အရေးကြီးပါသည်။

လက်ရှိ ရှမ်းမြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင် ၃ ဖွဲ့၏ ပေါင်းစည်းတိုက် ခိုက်မှုကြောင့် ရက်ပိုင်းအတွင်း အောင်မြင်မှုများစွာရရှိမှုကို တွေ့ရသည်။ ၎င်းစစ်ဆင် ရေးတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army – PLA) လည်း ပူးပေါင်းပါဝင် တိုက်ပွဲဝင်နေကြောင်းတွေ့ရသည်။ NUG-MOD အောက်မှ မန္တလေးခရိုင် အမှတ်၊ ၃၊ ၄၊ ၅၊ ၆ တို့သည်လည်း မြောက်ပိုင်း ၃ ဖွဲ့နှင့်အတူရပ်တည်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၇ ရက် နေ့တွင် သဘောထားထုတ်ပြန်ပြီး စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသည်။

People’s Defence Force – Pwintbyu ရဲဘော်များ

မန္တလေးခရိုင် တပ်ရင်း ၄ အနေဖြင့်လည်း မန္တလေးကို ပြန်လည်စိုးမိုးမည့် ရွှေပြည်စိုးစစ်ဆင်ရေးကို ပြင်ဆင်ပြုလုပ်နေသည့်အချိန်တွင် အချိန်ကိုက်ပေါ်ပေါက် လာသည့် မဟာမိတ်ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို အပြည့်အဝထောက်ခံကြောင်းနှင့် ပူးပေါင်းပါဝင်ကာ KNU ၏ကော့ကရိတ်မြို့ထိုးစစ်တိုက်ပွဲများကိုလည်း ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

မိမိတို့၏ ကံကြမ္မာကိုဖန်တီးရန် တနည်းအားဖြင့် အညာဒေသရှိပြည်သူလူထု စစ်ကျွန်ဘဝမှလွတ်မြောက်ရန်မှာ မိမိတို့ အညာသူ၊ အညသား များကိုယ်တိုင် နိုင်ရာဝန်ထမ်းပြီး တော်လှန်တိုက်ခိုက်သွားရန်လည်း အထူးလိုအပ်လှပါသည်။ စစ်ရေးအားကောင်းလှသည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးကိုလည်း အတုယူရန် လိုအပ်လှပါသည်။

နယ်မြေဒေသနှင့် လက်နက်ကိုင်တော်လှန်ရေး နုလွန်းသည့် အညာဒေသကိုတော့ NUG အနေနှင့် အထူးအားစိုက်ရန်လိုအပ်ပြီး တလမ်းထဲလျှောက်နေသည့် အခြားသော တော်လှန်ရေးအဖွဲ့အစည်းများကလည်း ဝိုင်းဝန်းရန် အထူးလိုအပ်ပါသည်။ သို့မှသာ အညာမြေ၏ နွေဦးတော်လှန်ရေးပါဝင်မှု ခရီးပေါက်နိုင်မည် ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်များ၏ စစ်ရေးအရှိန်မြှင့်ဖော်ဆောင်မှုကဲ့သို့ တောင်ပိုင်းတိုင်းတွင်စစ်ရေးအရှိန်မြင့်နိုင်ရန်မှာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ စစ်ရေးပူးပေါင်းပါဝင်မှုများစွာ ဖော်ဆောင်ရန်လိုအပ်ပါသည်။ အထူးသဖြင့် နှစ်ပေါင်း ၇၀ ကျော်ရပ်တည်လာပြီဖြစ်သည့် KNU/ KNLA တို့၏ ဦးဆောင်ပါဝင်မှုအပေါ်များစွာမူတည်နေပြီး ယင်းကဲ့သို့လုပ်ဆောင်နိုင်ပါကစစ်ကောင် စီကိုများစွာ အကြပ်ရိုက်စေမည်ဖြစသည်။ ပဲခူးတိုင်းအတွင်း စစ်ဆင်ရေးများသည် အကြမ်းဖက်စစ်ကောင်စီအတွက် ထိုးနှက်ချက်ကြီးကြီးဖြစ်နိုင်ပါသည်။

သန်းနှင့်ချီသည့်အညာမြေမှ ဗမာလူမျိုးများ၏ ဆန္ဒကိုလစ်လျူရှု့ပြီး တန်းတူညီမျှမှုရှိသည့်ဖက်ဒရယ်ပြည်ထောင်စုကိုတည်ထောင်မည်ဟု စစ်ကောင်စီဘက်က ကြွေးကြော်နေခြင်းမှာ မက်လုံး သက်သက်မျှသာဖြစ်သည်။ စစ်ကောင်စီသည် အညာဒေသကိုအစွမ်းကုန် ဖိနှိပ်၍ မြေလှန်ဖျက်ဆီး နေခြင်းဖြစ်သည်။ ရရာလက်နက်ဆွဲကိုင်ပြီး တော်လှန်ရေးကြသည့် အညာသူ အညာသားများကို စစ်ကောင်စီမည်သည့်အခါမျှ အနိုင်ယူနိုင်မည်မဟုတ်သော်လည်း လက်နက်ခဲယမ်းရှားပါးသည့် ပြဿနာကြောင့် တော်လှန်ရေးရဲဘော်များ၏ အသက်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များ ဆုံးရှုံးနေရသည်မှာ အားလုံးအသိဖြစ်သည်။

People’s Defence Force – Pwintbyu ရဲဘော်များ

သို့သော် အညာမြေလွတ်မြောက်ရေးအတွက် ဒေသခံလူထုနှင့်တော်လှန်ရေး ရဲဘော်များ၏စိတ်ဓာတ်ပြင်းပြမှု၊ မဆုတ်မနစ်သန္ဓိဌာန်ချမှတ်ထားမှု၊ တိုက်ခိုက်ရေးစွမ်းရည်ပြောင်မြောက်မှုများကြောင့် ယနေ့အချိန်ထိ စစ်ကောင်စီ၏ စိတ်ဓာတ်နှင့် စစ်ဆင်ရေးများကိုပြန်လည်ရိုက်ချိုးနိုင်ခဲ့ကြကြောင်းတွေ့ရသည်။

အညာလူထု အပေါ် စစ်အာဏာရူးများ၏ နှိပ်ကွပ်မှုကြောင့် ပြာပုံဘဝရောက်နေသော်လည်း ပြန်လည်ရုန်းထပြီး ရသည့်နည်းလမ်းဖြင့် ယနေ့အချိန်ထိ အန်တုတော်လှန်နေဆဲ ဖြစ်ကြောင်းတွေ့ရသည်။ ဒါသည်ပင် အညာသူ အညာသားများ၏ လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပေါ်ထားသည့် ပြင်းပြသည့် စိတ်ဓာတ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးကို မြင်တွေ့နိုင်သည်။

အညာမြေသည် ယနေ့ နွေဦးတော်လှန်ရေးအောင်နိုင်ရေးအတွက် အရေးပါသည့်နယ်မြေတစ်ခုဖြစ်သည်။ အညာကို အပိုင်ထိန်းချုပ်နိုင်ပြီဆိုလျှင် စစ်ကောင်စီ များစွာစိတ်ပျက်သွားစေနိုင်သည်။ သို့သော် အညာကိုအပိုင်ရလိုလျှင် စစ်ကိုစစ်နှင့် တူအောင်တိုက်မှရမည်။ စစ်ကိုစစ်နှင့်တူအောင်တိုက်ဖို့ဆိုရာတွင် EROs များ၏ အကူအညီ များစွာလိုအပ်လှပါသည်။ စစ်ရေးမှသည် စည်းလုံးညီညွတ်ရေးနှင့် စည်းကမ်းပိုင်းအထိ လိုအပ်နေသေးမည် ဖြစ်သည်။နောက်တစ်ခုက NUG ရှိလူကြီးမင်းများ၏ ကြံရည်ဖန်ရည်အပေါ်များစွာ မူတည်နေပါသည်။အညာဒေသသည် တိုင်းရင်းသားလက်နက်ကိုင်များ စိုးမိုးသည့် နေရာမဟုတ်သည့်အတွက် NUG-MOD အနေဖြင့် တာဝန်ရှိသည်မှာ မလွဲဧကန်ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းတွင်စစ်ရေးအရှိန်မြှင့်လာနေပြီး တစ်ချိန်တည်းတစ်ပြိုင် တည်းသုံးရက်အတွင်း စစ်ကောင်စီစခန်းပေါင်း ၆၇ ခုအထိ သိမ်းပိုက်နိုင်ခဲ့ကာ တင့်ကား ၃ စီးအပါအဝင် လက်နက်ကြီးငယ်ပေါင်းစုံသိမ်းပိုက်ရရှိထားရုံမျှမက စစ် ကောင်စီတပ်သားရာချီသေဆုံးစေပြီး အရှင်ဖမ်းမိစစ်သုံးပန် ၃၇ ဦးအထိရှိလာသည် ကိုတွေ့ရသည်။

People’s Defence Force – Pwintbyu ရဲဘော်များ

စစ်ကောင်စီတပ်၏ စခန်းသေး စခန်းအကြီးများအပြင် မြို့အချို့ကိုပါ ထိန်းချုပ်ထားနိုင်သည့်အနေအထားဖြစ်သည်။ ယခုအခြေအနေသည် အချို့ကို ပြန်လည်လက်လွှတ်ရနိုင်သော်လည်း အချို့သည် အမြဲတမ်း ထိမ်းချုပ်နယ်မြေများ ဖြစ်သွားနိုင်သည်။

ထို့ကြောင့် မြောက်ပိုင်းနည်းတူ တောင်ပိုင်းတခွင်တွင် တစ်ချိန်တည်းတစ် ပြိုင်တည်း စစ်ရေးအရှိန်မြှင့်နိုင်ရန်အတွက် အညာဒေသရှိတော်လှန်ရေးအင်အားစုများ၏ အခန်းကဏ္ဍသည် အရေးကြီးလှပါသည်။ စစ်ရေးဖြစ်စေ နိုင်ငံရေးဖြစ်စေ မဟာမိတ်များသည် အရေးကြီးသည့်အခန်းကဏ္ဍဖြစ်ပြီး စည်းလုံးညီညွတ်မှုသည် အောင်မြင်မှု ပန်းတိုင်ကိုရောက်ရှိစေပါသည်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် NUG တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပြည်သူများသည် အညာဒေသ၏ လက်နက်ကိုင် တော်လှန်ရေးကို အဘက်ဘက်မှ ဝိုင်းဝန်းပါဝင်အားပေးထောက်ပံ့မှုဖြင့် စစ်ရေးအရှိန် ယခုထက်ပိုမိုမြှင့်တင်ရန်လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။ ။

#RedNewsAgency

By Editor