“နေပြည်တော် အတွင်းနဲ့ ဆက်စပ် နယ်မြေတွေနဲ့ပတ်သက်ပြီး စစ်ရေး လုံခြုံရေးနဲ့ဆိုင်တဲ့ သတင်းတွေ တော်လှန်ရေးတပ်ဖွဲ့တွေ PDF တပ်ဖွဲ့အသီးသီးတွေရဲ့ လှုပ်ရှားမှုတွေကို နည်းမျိုးစုံသုံးပြီး အရေးတစ်ကြီး၊ အငမ်းမရ အနံ့ခံနေကြပါတယ်”
ငြိမ်းမောင်
အကြမ်းဖက် လက်နက်ကိုင်ခေါင်းဆောင် မင်းအောင်လှိုင်က လူမိုက်ဆန်ဆန် လူရမ်းကားစကား ပြောခဲ့တယ်။ “မလုပ်ရဲတာ ဘာမှ မရှိဘူး”တဲ့။ ဒီစကားကို ကြားမိသူတိုင်းက လူတိုင်း ထိထိမိမိ ပြန်ပြီးတုန့်ပြန်ခဲ့ကြတယ်။ ဒါဆို “xxx”ကြည့်ပါလား တဲ့။ အားရကျေးနပ်စေခဲ့တယ်။ မင်းအောင်လှိုင် အပေါ်စီး ကနေ လူမိုက်ဆန်ဆန် လူပါးဝ ပြောခဲ့ပေမယ့် ဒီလို တုန့်ပြန်မေးခွန်းထုတ်တာကို မင်းအောင်လှိုင်လည်း ဖင်တွန့်သွားခဲ့ပုံရတယ်။ အခုလည်းပဲ တော်လှန်ရေးအင်အားစုတွေ စစ်ရေးအရှိန်တွေ တိုက်ခိုက်ရေးစွမ်းရည်တွေ တစတစ အင်အားကြီးထွားပုံတွေအပေါ် ကြောက်ရွံ့တုန်လှုပ်နေပါပြီ။
မင်းအောင်လှိုင်လည်း ဘာမှမတတ်နိုင်ခဲ့သလို မလုပ်ရဲတာဘာမှ မရှိ ဆိုတဲ့ဒီစကားကို သယ်ဆောင်လာပြီး ဂုဏ်ယူပြောကြားလာခဲ့တဲ့ မင်းအောင်လှိုင်နောက်လိုက်တွေလည်း ဘာမှပြန်ပြီး မချေပနိုင်ကြတော့ပါ။ ဒီလို အဓိပ္ပါယ် မရှိ၊ ဂုဏ်သိက္ခာမဲ့ ပြောကြားခဲ့ပေမယ့် ဒီအပေါ် စကားစစ်ထိုးပြီး အနိုင်ယူခဲ့ရလို့ လူတိုင်းကျေနပ်ပီတိဖြစ်စေခဲ့တယ်။ ဒီနေရာမှာတော့ မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတဲ့ စကားကိုတော့လုပ်တတ်တာလည်း ဘာမှမရှိဘူး၊တိုင်းပြည်ဖျက်ဆီးတာကလွဲပြီး ဖြစ်မြောက်အောင် ဘာမှ မစွမ်းဆောင်နိုင်ဘူးလို့သာ သုံးလိုပါတယ်။

ထပ်ပြီးပြောလိုတာက တော်လှန်ရေးအင်အားစုတွေအတွက် ဂုဏ်သိက္ခာရှိတဲ့၊တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွေ့ကျတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး၊ မဖြစ်သေးတာပဲရှိတယ်ဆိုတဲ့စကားပါ။ လူတိုင်းလက်ခံကြတဲ့ အဓိပ္ပာယ်ရှိတဲ့ စကားပါ။
တော်လှန်ရေးက အင်အားစုတွေဘက်က ကျယ်ကျယ် လောင်လောင် ထုတ်ဖော်ပြောဆိုလာခဲ့တဲ့ “လမ်းများအားလုံး နေပြည်တော် ဆီ သို့လှုပ်ရှားမှု ” နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက လွန်ခဲ့တဲ့ သတင်းစာရှင်းပွဲတစ်ခုမှ ရိသလို သဲ့သလို ပြောသွားပါသေးတယ်။ နေပြည်တော်သို့ လမ်းများဆီတဲ့၊ ဒါမှန်တယ်ပေါ့။ အခုပဲ ဘုရားကြီးဆီကို အနယ်အရပ်ရပ်က လာဖူးကြတယ်ဆိုပြီး ပြောသွားပါသေးတယ်။ လမ်းများအားလုံး နေပြည်တော်ဆီသို့ဆိုတာကို ဇော်မင်းထွန်း က နေပြည်တော်သို့ လမ်းများဆီဆိုပြီး မှားပြောတာတွေ့လိုက်ရတယ်။

