နေပြည်တော် မကြာမီ မျှော်

“နေပြည်တော် အတွင်းနဲ့ ဆက်စပ် နယ်​မြေတွေနဲ့ပတ်သက်ပြီး စစ်ရေး လုံခြုံရေးနဲ့ဆိုင်တဲ့ သတင်းတွေ တော်လှန်ရေးတပ်ဖွဲ့တွေ PDF တပ်ဖွဲ့အသီးသီးတွေရဲ့ လှုပ်ရှားမှုတွေကို နည်းမျိုးစုံသုံးပြီး အရေးတစ်ကြီး၊ အငမ်းမရ အနံ့ခံနေကြပါတယ်”

ငြိမ်းမောင်

အကြမ်းဖက် လက်နက်ကိုင်ခေါင်းဆောင် မင်းအောင်လှိုင်က လူမိုက်ဆန်ဆန် လူရမ်းကားစကား ပြောခဲ့တယ်။ “မလုပ်ရဲတာ ဘာမှ မရှိဘူး”တဲ့။ ဒီစကားကို ကြားမိသူတိုင်းက လူတိုင်း ထိထိမိမိ ပြန်ပြီးတုန့်ပြန်ခဲ့ကြတယ်။ ဒါဆို “xxx”ကြည့်ပါလား တဲ့။ အားရကျေးနပ်စေခဲ့တယ်။ မင်းအောင်လှိုင် အပေါ်စီး ကနေ လူမိုက်ဆန်ဆန် လူပါးဝ ပြောခဲ့ပေမယ့် ဒီလို တုန့်ပြန်မေးခွန်းထုတ်တာကို မင်းအောင်လှိုင်လည်း ဖင်တွန့်သွားခဲ့ပုံရတယ်။ အခုလည်းပဲ တော်လှန်ရေးအင်အားစုတွေ စစ်ရေးအရှိန်တွေ တိုက်ခိုက်ရေးစွမ်းရည်တွေ တစတစ အင်အားကြီးထွားပုံတွေအပေါ် ကြောက်ရွံ့တုန်လှုပ်နေပါပြီ။

မင်းအောင်လှိုင်လည်း ဘာမှမတတ်နိုင်ခဲ့သလို မလုပ်ရဲတာဘာမှ မရှိ ဆိုတဲ့ဒီစကားကို သယ်ဆောင်လာပြီး ဂုဏ်ယူပြောကြားလာခဲ့တဲ့ မင်းအောင်လှိုင်နောက်လိုက်တွေလည်း ဘာမှပြန်ပြီး မချေပနိုင်ကြတော့ပါ။ ဒီလို အဓိပ္ပါယ် မရှိ၊ ဂုဏ်သိက္ခာမဲ့ ပြောကြားခဲ့ပေမယ့် ဒီအပေါ် စကားစစ်ထိုးပြီး အနိုင်ယူခဲ့ရလို့ လူတိုင်းကျေနပ်ပီတိဖြစ်စေခဲ့တယ်။ ဒီနေရာမှာတော့ မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတဲ့ စကားကိုတော့လုပ်တတ်တာလည်း ဘာမှမရှိဘူး၊တိုင်းပြည်ဖျက်ဆီးတာကလွဲပြီး ဖြစ်မြောက်အောင် ဘာမှ မစွမ်းဆောင်နိုင်ဘူးလို့သာ သုံးလိုပါတယ်။

ထပ်ပြီးပြောလိုတာက တော်လှန်ရေးအင်အားစုတွေအတွက် ဂုဏ်သိက္ခာရှိတဲ့၊တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွေ့ကျတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး၊ မဖြစ်သေးတာပဲရှိတယ်ဆိုတဲ့စကားပါ။ လူတိုင်းလက်ခံကြတဲ့ အဓိပ္ပာယ်ရှိတဲ့ စကားပါ။

တော်လှန်ရေးက အင်အားစုတွေဘက်က ကျယ်ကျယ် လောင်လောင် ထုတ်ဖော်ပြောဆိုလာခဲ့တဲ့ “လမ်းများအားလုံး နေပြည်တော် ဆီ သို့လှုပ်ရှားမှု ” နဲ့ပတ်သက်ပြီး  စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက လွန်ခဲ့တဲ့ သတင်းစာရှင်းပွဲတစ်ခုမှ ရိသလို သဲ့သလို ​​ပြောသွားပါသေးတယ်။ နေပြည်တော်သို့ လမ်းများဆီတဲ့၊ ဒါမှန်တယ်ပေါ့။ အခုပဲ ဘုရားကြီးဆီကို အနယ်အရပ်ရပ်က လာဖူးကြတယ်ဆိုပြီး ပြောသွားပါသေးတယ်။ လမ်းများအားလုံး နေပြည်တော်ဆီသို့ဆိုတာကို ဇော်မင်းထွန်း က နေပြည်တော်သို့ လမ်းများဆီဆိုပြီး မှားပြောတာတွေ့လိုက်ရတယ်။

ဒီလှုပ်ရှားမှုကို စစ်ကောင်စီ စိုးရိမ်နေပုံရပါတယ်။ ဇော်မင်းထွန်းလည်း ဟာသလိုလို လူပျက်လိုလို အမူအယာဖုံးထားပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပေမယ့် သူလည်း စိုးရိမ်နေမှာ သေချာတယ်။ ဘာလို့လဲဆိုတော့ လက်ထဲမှာ ဂန်းတွေ ဒရုန်းတွေ ကိုင်ထားသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ​ပြောစကားဖြစ်နေလို့ပါ။ လမ်းများအားလုံး နေပြည်တော်ဆီသို့လှုပ်ရှားမှုကိစ္စ ထွက်ပေါ်လာခဲ့တဲ့ ပြီးခဲ့တဲ့ လကတည်းက နေပြည်တော်ကို အစစ်ဆေးကြမ်းတာ၊ လုံခြုံရေး တွေ တိုးပြီး လုပ်ဆောင်နေကြရတယ်။

နောက်တစ်ချက် နေပြည်တော် အတွင်းနဲ့ ဆက်စပ် နယ်​မြေတွေနဲ့ပတ်သက်ပြီး စစ်ရေး လုံခြုံရေးနဲ့ဆိုင်တဲ့ သတင်းတွေ တော်လှန်ရေးတပ်ဖွဲ့တွေ PDF တပ်ဖွဲ့အသီးသီးတွေရဲ့ လှုပ်ရှားမှုတွေကို နည်းမျိုးစုံသုံးပြီး အရေးတစ်ကြီး၊ အငမ်းမရ အနံ့ခံနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် နေပြည်တော်ဆီ သို့လှုပ်ရှားမှုကို စစ်ကောင်စီ တုန့်လှုပ်နေပါပြီ။ မဖြစ်နိုင်ပါဘူးကွာဆိုပြီး ပေါ့ပေါ့တန်တန်မနေကြဖို့ကိုလည်း စစ်ကောင်စီ ဘောမတွေက သတိပေးသံ ညံလာပါပြီ။

နေပြည်တော်ကို သိမ်းဖို့၊ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောရဲလဲ။ နေပြည်တော်ကို တော်လှန်အင် အားစုတွေ မဝင်နိုင်ဘူး၊ မတိုက်နိုင်ပါဘူးလို့ ဘယ်သူပြောမလဲ။ စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းနေတာ၊ နိုင်ငံအဝှမ်းနေရာတိုင်းက တွန်းလှန်တော်လှန် တိုက်ခိုက်နေတာ။ အပြောသက်သက်မဟုတ် လက်တွေ့ရော အလုပ်နဲ့ပါ သက်သေပြခဲ့ကြတယ်ဆိုတာ ဒီရက်ပိုင်း ပူပူနွေးနွေးပဲ ရှိသေးတဲ့ မြ၀တီထွေ/အုပ်ရုံး ဒရုန်းဖြင့် ဗုံးကျဲမှုတွင် Federal Wings တပ်ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့မှုသတင်းက သက်သေပါ။

အခြားသော နိုင်ငံအဝှမ်းက မြို့ကြီးတွေဆီက တိုက်ခိုက်မှုတွေ အများကြီးရှိပါသေးတယ်။ ဒါက Federal Wings တပ်ဖွဲ့ ရဲ့ စွမ်းရည်တစ်ခုကို မြင်သာအောင် ပြောပြတာပါ။ နိုင်ငံအဝှမ်း ဒရုန်းတပ်ဖွဲ့တွေ အများအပြား ရှိနေပြီဖြစ်သလို ဒရုန်းစစ်ဆင်ရေးတွေလည်း အရှိန်မြင့်သထက် မြှင့်တင် လုပ်ဆောင်နေပါပြီ။ နှစ် ၇၀ လေ့ကျင့်ထားတယ်ဆိုတဲ့ တိုက်ခိုက်ရေးစွမ်းရည်ကောင်းနေပါတယ်ဆိုတဲ့ အကြမ်းဖက် တပ်ကြီးကို ခေတ်လူငယ်တွေက ခေတ်သစ်နည်းပညာတွေနဲ့ တိုက်ခိုက်နေကြပါပြီ။

ရပ်တည်ချက်မှန် ဦးတည်ချက်ပန်းတိုင် တူညီနေတဲ့ လူငယ်တွေဆိုတာ မလုပ်ချင်ရင်သာ မတတ်တာနော်၊ သင်တဲ့အရာ​ လုပ်တဲ့အရာမှန်သမျှ မတတ်တာမရှိ တော်နေအောင်ကို တတ်နေကြပြီဆိုတာ သိဖို့ပါ။ ဒရုန်းစစ်ဆင်ရေးတွေကော မြေပြင်တိုက်ခိုက်ရေးတွေရောပါ နေ့စဉ် နဲ့အမျှ ဆင်နွဲရင်းနဲ့ လေ့ကျင့်သားတွေ ပြည့်ဝ စွမ်းဆောင်ချက်တွေ ထိရောက်တိုးတက်လာနေကြပြီဆိုတာ စစ်ကောင်စီ သိဖို့ပါ။

နေပြည်တော် စစ်ရုံး ဒရုန်းကြဲချဖို့ ဘာလို့မဖြစ်နိုင်ရမှာလဲ၊ မင်းအောင်လှိုင်အိမ် စိုးဝင်းအိမ်တွေကို ဒရုန်းဗုံးပစ်ချတာ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ရုံး၊အိမ် ပြည်ထဲရေးဝန်ကြီးရုံး အိမ်တွေ အကြမ်းဖက်တပ်ခေါင်းဆောင်ပိုင်းတွေရဲ့ ရုံးအိမ်တွေကို ဒရုံးမိုးရွာချတာ ဘာလို့မဖြစ်နိုင်ရမှာလဲ။ ဘာဖြစ်နိုင်ဘူးလို့ ဘယ်သူပြောရဲလဲ။ မြဝတီလို ဒရုန်းစစ်ဆင်ရေးတွေ မစ်ရှင်အကြီးကြီးတွေ ထပ်လာဖို့ရှိတယ်လို့ Federal Wings က ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒီတော်လှန်ရေး အမြန်ပြီးဖို့ နေပြည်တော်ဟာ အခရာအကျဆုံးပါ။ တော်လှန်ရေးအင်အားစုတွေမှာ ဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး၊ နေပြည်တော် မကြာမီမျှော် ဆိုတဲ့စကားလုံးလေးနဲ့ပဲ ဒီစာကို အဆုံးသတ်လိုက်ပါရစေ။ ။

#RedNewsAgency

By Editor