RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မနကျေးရွာအဝင်နားတွင် မုန့်ပို့သည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရသလို၊ မမုံကျေးရွာရှိ ထွန်းဦးဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေသည့် အမျိုးသားတစ်ဦး ယနေ့ နေ့လယ် ၂ နာရီခန့်က သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
“မုန့်ပို့တဲ့သူဟုတ်တယ်၊ အာလူးကြော်တို့ ဝက်ခေါက်တို့ပို့တဲ့သူ၊ မနကျေးရွာနဲ့ ဖားပြင်ကျေးရွာ အဝင်ဆိုင်ဘုတ်နား၊ နောက်တစ်ယောက်က မမုံရွာပြင်ဘက်က ထွန်းဦးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့တစ်ယောက် လေးချက်ပစ်သွားတာ၊ တစ်ချိန်တည်းလောက်ကျမှာ ဖြစ်တာက”ဟု မမုံကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
မနကျေးရွာအဝင် ဆိုင်ဘုတ်နား ပစ်သတ်ခံရသည့် အကြော်မုန့်ပို့သူသည် ဖားကန့် မှော်ဝမ်းရပ်ကွက်တွင်နေထိုင်သူ စန်းမြင့် အသက်(၄၃)နှစ် ဖြစ်ပြီး ဇနီးနှင့် သားသမီးသုံးယောက်ကျန်ရစ်ခဲ့ကာ ယခင်မြင်းမူမြို့နယ်တွင် နေထိုင်ခဲ့သူဖြစ်ကြောင်း၊ မမုံကျေးရွာ ထွန်းဦးဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေစဉ် ပစ်သတ်ခံရသူမှာ မည်သူဖြစ်သည်ကိုမသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။


