ဖားကန့်၌ ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်း

RNA_ဖားကန့်၊ ဇွန်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာမှ နေခြည်ဆည်းဆာ လက္ဖက်ရည်ဆိုင်ပိုင်ရှင်အား ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေဆယ်သိန်းတောင်းခံကြောင်း သိရသည်။

ဇွန်လ ၁၇ ရက် စနေနေ့ မနက် ၁၀ နာရီ ၄၀ အထိ ဖုန်းခြောက်ကြိမ်ခေါ်ထားသည့်အတွက် ၁၂ နာရီဝန်းကျင်ခန့်တွင် ဖုန်းပြန်ခေါ်ရာ “ငါက ပျူစောထီးအဖွဲ့က ဗိုလ်စောမောင်ပဲ၊ မင်းအခွန်ဆောင်ရမယ်၊ ငွေဆယ်သိန်းကို မင်းကိုယ်တိုင်လာပေးရမယ်၊ မပေးရင် မင်းအသက်လာယူမယ်”ဟု ခြိမ်းခြောက်ခဲ့ကြောင်း လက္ဖက်ရည်ဆိုင်ပိုင်ရှင် ကိုဇော်ကြီးက ပြောသည်။

ငွေကို ဖားပြင်ကျေးရွာအနီးစခန်းကို လာပေးရမည်ဟုပြောပြီး လူကိုယ်တိုင်မလာရဲပါက Wave Money ဖြင့် ခုနှစ်သိန်းလွှဲပေးရမည်ဟု နောက်တစ်ကြိမ် ထပ်မံဖုန်းဆက်ခဲ့ကြောင်း သိရသည်။

‌”သူနောက်ဆုံး ခြိမ်းခြောက်တော့ ကျနော်လည်း ခင်ဗျားကိုယ်တိုင်လာယူလို့ ပြောလိုက်တယ်၊ အဲ့လိုပြောတော့ သူက မင်းဆိုင်ပိတ်ထား မပိတ်ရင် မင်းအသက်လာယူမယ်” ဟု ပြောကာဖုန်းချသွားကြောင်း၊ လက်ရှိအချိန်ထိတော့ လက္ဖက်ရည်ဆိုင်ကို ဖွင့်ထားဆဲဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုကြောင့် သတိထားနေရကြောင်း ကိုဇော်ကြီးက ပြောကြားထားသည်။

ဖားကန့်မြို့နယ်၌ ကျောက်အရောင်းအဝယ်လုပ်သည့် တရုတ်သူဌေးအိမ် ဓါးပြတိုက်ခံရမှု၊ တည်းခိုခန်းပိုင်ရှင် ဓါးပြတိုက်ပြီး အသတ်ခံရမှုတို့ ဖြစ်ပွားခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့မှ မြို့မကဖေး လက္ဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်အား ဖမ်းဆီးပြီး ငွေကျပ်သိန်းသုံးရာနှင့် ရွှေတစ်ဆယ်သားတောင်းဆိုခဲ့ပြီး ယနေ့(ရက်သတ္တတစ်ပတ်ကြာသည်အထိ) ပြန်လွှတ်ပေးခဲ့ခြင်း မရှိသေးကြောင်း သိရသည်။

#RedNewsAgency

By Editor