“ပညာသင်လက်စအရွယ်ကလေးတွေအတော်များများဟာ တောတောင်ထဲမှာ စာဆက်မသင်ကြားရဘဲ တနေကုန် ဆော့ကစားရင်းသာ အချိန်ကုန်နေကြရပါတယ်။ လေယာဥ်ပျံအသံကြားရင် စခန်းထဲပြေးဝင်ပုန်းနေလေ့ရှိတဲ့ စိတ်ဒဏ်ရာရသွားရှာသူ ကလေးငယ်လေးတွေလည်း အများအပြားတွေ့ခဲ့ရပါတယ်”
***********************
မြူတွေဖုံးလွှမ်းနေတဲ့ တောင်တန်းတွေကြားမှာ ရေစီးသံတိုးတိုးလေး ဖြတ်သန်းစီးဆင်းနေတဲ့ တောင်ကျချောင်းကလေးတွေ ရှိပါတယ်။ တောင်ကျချောင်းကလေးတခုကတော့ အဆင်ပြေသလို ဆောက်လုပ်ထားရတဲ့ ယာယီစစ်ဘေးရှောင်စခန်းလေးတခုကို ပတ်ခွေရစ်ပတ်လို့ စီးဆင်းသွားပါတော့တယ်။ တမြို့လုံး ကြေမွပျက်ဆီး မီးလောင်သွားရတဲ့ မိုးမိတ်မြို့ထဲကနေ မသေကောင်းမပျောက်ကောင်း ထွက်ပြေးလွတ်မြောက်လာတဲ့ မိသားစု (၅၀) နီးပါးဟာ ဒီယာယီစစ်ရှောင်စခန်းလေးထဲမှာ အဆင်မပြေမှုတွေကို ကြံ့ကြံ့ခံရင်း ဖြတ်သန်းနေကြတာ တစ်လပြည့်သွားခဲ့ပါပြီ။
စခန်းမှာ လူဦးရေ (၁၈၂)ယောက် နေထိုင်ပြီး ကလေးငယ် (၇၀) ကျော်လည်း ပါဝင်ကြပါတယ်။ ဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်လောင်း (၃)ဦးက မွေးဖို့ဖွားဖို့ သိပ်မလိုတော့ဘူးလို့ သိရပါတယ်။ တောအုပ်ထဲမှာ သားဖွားဆရာမ ဒါမှမဟုတ် ကလေးမွေးပေးနိုင်တဲ့ လက်သည်တယောက်မှ မရှိဘဲ သူတို့ကိုယ်ဝန်တွေကို ဘယ်လိုမီးဖွားရမလဲဆိုတာ စဥ်းစားရင်း စိတ်ပူမိတယ်လို့ ကိုယ်ဝန်ဆောင်တဦးက ရင်ဖွင့်လာပါတယ်။



