သောကတောင်ကြား

ပညာသင်လက်စအရွယ်ကလေးတွေအတော်များများဟာ တောတောင်ထဲမှာ စာဆက်မသင်ကြားရဘဲ တနေကုန် ဆော့ကစားရင်းသာ အချိန်ကုန်နေကြရပါတယ်။ လေယာဥ်ပျံအသံကြားရင် စခန်းထဲပြေးဝင်ပုန်းနေလေ့ရှိတဲ့ စိတ်ဒဏ်ရာရသွားရှာသူ ကလေးငယ်လေးတွေလည်း အများအပြားတွေ့ခဲ့ရပါတယ်

***********************

မြူတွေဖုံးလွှမ်းနေတဲ့ တောင်တန်းတွေကြားမှာ ရေစီးသံတိုးတိုးလေး ဖြတ်သန်းစီးဆင်းနေတဲ့ တောင်ကျချောင်းကလေးတွေ ရှိပါတယ်။ တောင်ကျချောင်းကလေးတခုကတော့ အဆင်ပြေသလို ဆောက်လုပ်ထားရတဲ့ ယာယီစစ်ဘေးရှောင်စခန်းလေးတခုကို ပတ်ခွေရစ်ပတ်လို့ စီးဆင်းသွားပါတော့တယ်။ တမြို့လုံး ကြေမွပျက်ဆီး မီးလောင်သွားရတဲ့ မိုးမိတ်မြို့ထဲကနေ မသေကောင်းမပျောက်ကောင်း ထွက်ပြေးလွတ်မြောက်လာတဲ့ မိသားစု (၅၀) နီးပါးဟာ ဒီယာယီစစ်ရှောင်စခန်းလေးထဲမှာ အဆင်မပြေမှုတွေကို ကြံ့ကြံ့ခံရင်း ဖြတ်သန်းနေကြတာ တစ်လပြည့်သွားခဲ့ပါပြီ။

စခန်းမှာ လူဦးရေ (၁၈၂)ယောက် နေထိုင်ပြီး ကလေးငယ် (၇၀) ကျော်လည်း ပါဝင်ကြပါတယ်။ ဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်လောင်း ()ဦးက မွေးဖို့ဖွားဖို့ သိပ်မလိုတော့ဘူးလို့ သိရပါတယ်။ တောအုပ်ထဲမှာ သားဖွားဆရာမ ဒါမှမဟုတ် ကလေးမွေးပေးနိုင်တဲ့ လက်သည်တယောက်မှ မရှိဘဲ သူတို့ကိုယ်ဝန်တွေကို ဘယ်လိုမီးဖွားရမလဲဆိုတာ စဥ်းစားရင်း စိတ်ပူမိတယ်လို့ ကိုယ်ဝန်ဆောင်တဦးက ရင်ဖွင့်လာပါတယ်။

ကလေးမွေးကင်းစလေးတွေချီထားတဲ့ မိခင်တွေလည်း ယာယီစစ်ရှောင်စခန်းမှာ အစာအာဟာရချို့ချို့တဲ့တဲ့နဲ့ နေရလို့ ကလေးတွေကို နို့တိုက်ဖို့တောင် နို့မထွက်နိုင်ရှာဘူးလို့ သိရပါတယ်။ စစ်ရှောင်စခန်းမှာ တလပြည့်တဲ့နေ့ရောက်မှ ကြက်ဥဟင်းကို စားရတာလို့ စခန်းတာဝန်ခံဆရာမက ရှင်းပြပါတယ်။ဆိုင်ကယ်နဲ့ တောင်ကြားလမ်းတွေကနေ ရိက္ခာသယ်ရတော့ ကွဲလွယ်တဲ့ ကြက်ဥတွေ ဘာတွေ ကျမတို့ သယ်ဖို့မလွယ်ဘူးလေ။ကလေးတွေကို ဟိုနေ့က ဒုတ်ထိုးချိုချဥ်လေးတွေ ဝေပေးတော့ ပြောဖြစ်သေးတယ်။ဆရာမ လမ်းမှာ ဆိုင်ကယ် သုံးခါမှောက်ပြီးမှ သားတို့သမီးတို့စားဖို့ မုန့်တွေယူလာတာနော်လို့ သူမက ပြောပါတယ်။

စခန်းမှာ တနေ့ကို ဆန်နှစ်ပိုင်း (၃တင်း) ချက်ရပြီး ကလေးတွေက တပိုင်းနီးနီးကုန်အောင်စားနိုင်တယ်လို့ သိရပါတယ်။မုန့်ဝယ်စားစရာ ဆိုင်လည်းမရှိတဲ့အပြင် တနေ့ကို ထမင်းနှစ်နပ်ပဲ ကျွေးတာဖြစ်လို့ ကလေးတွေဟာ ထမင်းကိုပဲ အဓိကထားစားနေရတာဖြစ်ဖို့များပါတယ်။ ပညာသင်လက်စအရွယ်ကလေးတွေအတော်များများဟာ တောတောင်ထဲမှာ စာဆက်မသင်ကြားရဘဲ တနေကုန် ဆော့ကစားရင်းသာ အချိန်ကုန်နေကြရပါတယ်။ လေယာဥ်ပျံအသံကြားရင် စခန်းထဲပြေးဝင်ပုန်းနေလေ့ရှိတဲ့ စိတ်ဒဏ်ရာရသွားရှာသူ ကလေးငယ်လေးတွေလည်း အများအပြားတွေ့ခဲ့ရပါတယ်။

စခန်းမှာ ရိက္ခာရှားပါးတဲ့အတွက် တောင်ပေါ်ရွာသူရွာသားတွေက တောထဲဝင်ပြီး ငှက်ပျောဖူးတွေ၊ ဋရင်ကောက်ပင်တွေ ရှာဖွေကာ ရိက္ခာထောက်ပံ့ပေးနေကြပါတယ်။ရန်ပုံငွေလည်း နည်းပါးပြီး အလှုရှင်မရခဲ့ရင် တောင်ယာခုတ်ရမလား၊ စားပင်သီးပင်တွေ စိုက်ရမလားဆိုတဲ့ အတွေးတွေက စခန်းမှာရှိတဲ့ လူကြီးပိုင်းကို ဖိစီးနေကြပါတယ်။

ကျနော်တို့ သွားရောက်ပြီး တတ်နိုင်သမျှ ကူညီပံပိုးပေးတဲ့အတွက် ကျေးဇူးတင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေဟာ သူတို့စားတဲ့ ထမင်းကို အတူစားဖို့ ဧည့်ခံကျွေးမွေးပြီး ဆုတောင်းမေတ္တာပို့သပွဲတခုကိုလည်း စီစဥ်ပေးကြပါတယ်။ အလှုရှင်တွေလာရင် ဧည့်ခံရအောင် သီးသန့်ဖယ်ထားတဲ့ ကြံသကာနဲ့မရွေးတွေ ထုတ်လာပြီးတော့ ဝါးခွက်နဲ့ ရေနွေးကြမ်းလည်း ငှဲ့ပေးခဲ့ပါတယ်။

ဒီစစ်ရှောင်စခန်းမှာ မိုးမိတ်မြို့ထဲက ကချင်လူမျိုးစု အများဆုံးနေထိုင်ပြီး လက်ရှိမှာတော့ စခန်းကို လည်ပတ်စေဖို့ ကချင်နှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာ၊ ဓမ္မဆရာ၊ဆရာမတွေနဲ့ သင်းထောက်ဆရာ၊ ဆရာမတွေက တာဝန်ယူထားပါတယ်။ အဓိကအခက်အခဲက တယ်လီဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတော့ ကူညီပေးမယ့် အဆက်အသွယ်တွေ ရှာဖွေရခက်ခဲနေတာပဲဖြစ်ပါတယ်။

မိုးမိတ်မြို့ဟာ ရှမ်းမြောက်မှာ အထိအနာဆုံးမြို့လည်းဖြစ်တဲ့အပြင် လက်ရှိအထိ စစ်ကောင်စီတပ်တွေက မြို့ထဲမှာ တပ်စွဲနေရာယူပြီး ပြည်သူတွေအပေါ်  ရက်ရက်စက်စက် သတ်ဖြတ်နေတာမျိုးတွေရှိလို့ စစ်ရှောင်တွေ အိမ်ပြန်ဖို့ရာ မလွယ်ကူနိုင်သေးပါဘူး။ မြို့ကို တော်လှန်ရေးအင်အားစုဘက်က ပြန်လည်သိမ်းပိုက်နိုင်မှသာ ကိုယ့်အိမ်ကိုယ်ပြန်ရနိုင်မယ်လို့ စစ်ရှောင်ပြည်သူတွေက ယူဆနေကြပါတယ်။

မိုးမိတ်မြို့ထဲက ထွက်ပြေးလာကြတဲ့ စစ်ရှောင်ပြည်သူအားလုံးရဲ့ အရေအတွက်ဟာ (၁၇၀၀) အထက်မှာ ရှိတယ်လို့ သိရပါတယ်။ တချို့ကတော့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေရှိတဲ့ ရွာတွေဘက်ပြေးကြလို့ နေရထိုင်ရတာ အခက်အခဲသိပ်မရှိပေမယ့် တောထဲတောင်ထဲမှာ ပုန်းခိုနေရတဲ့ လူဦးရေ လေးပုံတပုံလောက်ကတော့ အခက်အခဲမျိုးစုံ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။

ရှမ်းလူမျိုးစုအတော်များများကတော့ ဘုန်းကြီးကျောင်းတွေကို မှီခိုပြီး နေထိုင်နေကြပြီး ကချင်လူမျိုးအများစုကတော့ တောထဲမှာပဲ ယာယီစခန်းချ စစ်ရှောင်နေကြပါတယ်။အဆင်ပြေတဲ့လမ်းကြောင်းရှိရင် မန္တလေး၊ရန်ကုန်တို့လို့ မြို့တွေက ဆွေမျိုးတွေဆီသွားချင်ပေမယ့် နယ်မြေလုံခြုံရေးယူထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကတော့ ဘယ်မှမသွားဘဲ ဒီဘက်ခွင်မှာပဲနေဖို့ တိုက်တွန်းနေကြပါတယ်။ 

ကျော်ကိုကို

၁၀ ဖေဖော်ဝါရီ ၂၀၂၄

လွတ်မြောက်ဒေသတနေရာ

#RedNewsAgency

By Editor