ချစ်ဝင်းမောင်
ဒီစကားကို ကျနော် မမေ့တာကြာပါပြီ။ မမေ့ဝာာဆိုတာထက် ဒီကာလမှာ အမြဲ နှလုံးသွင်းမိတာဆို ပိုမှန်ပါမယ်။ ဘာလို့လဲဆိုတော့ ကျနော်ဟာ ပြည်သူကျွေးတဲ့ ထမင်းတွေကို အနပ်များစွာ စားဖူးထားသူပါ။ ၂၀၁၅ ပညာရေးသပိတ်နဲ့ နွေဦးတော်လှန်ရေးကာလတွေမှာတော့ အနပ်ရေ အများဆုံး စားခဲ့ရပါတယ်။
ဒါကြောင့် သပိတ်တွေ ထွက်ခဲ့တုန်းက ကျနော် မကြောက်တရားတစ်ခုမှာ ထည့်ပြောဖူးပါတယ်။ “ကျနော်ဟာ ပြည်သူက ကျွေးတဲ့ ထမင်းကို စားပြီး၊ ပြည်သူ့မေတ္တာတွေကို ခံယူ ရှင်သန်နေရတာမို့ ပြည်သူ့မျက်နှာပဲ ကြည့်မယ်။ ပြည်သူ့အတွက် အစွမ်းရှိသ၍ ကြိုးစား အားထုတ်ပါ့မယ်”လို့။
ကျနော်ဟာ ၂၀၂၁ ဖေဖော်ဝါရီက စလို့ အခုအချိန်ထိ ပြည်သူ့ မေတ္တာ၊ ပြည်သူ ကျွေးတာ နောက်ဆုံး ဖုန်းဘေလ် ဘာညာအထိ ပြည်သူ့ရဲ့ အထောက်အမ ကျေးဇူးနဲ့ ရပ်တည် ရှင်သန်နေရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ကို ပိုပြီးတော့ ပြည်သူ့ ကျေးဇူးကို နှလုံးသွင်း၊ ပြည်သူကို ဦးထိပ်ထားပြီးပဲ တော်လှန်ရေး တာဝန်တွေကို ထမ်းပါတယ်။
ဒီနေရာမှာ နွေဦးတော်လှန်ရေးကြီးရဲ့ ကနဦး နေ့ရက်တွေက စလို့ ယနေ့အထိ ကျနော် ကျော်ဖြတ်ခဲ့ရတဲ့ နေ့ရက်တွေမှာ ပြည်သူတွေရဲ့ မေတ္တာတွေနဲ့ ကျေးဇူးတွေကို ရယူ ရှင်သန်ခဲ့ရပုံတွေကို အနည်းငယ် မီးမောင်း ထိုးပြပါရစေ။ ကျနော်က မကွေးသားပါ။ မကွေးရဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်ခွင့်လေးကို ကံကောင်းထောက်မစွာ ရခဲ့ပါတယ်။
ကနဦး ဆန္ဒပြ လှုပ်ရှားမှုတွေ ဖော်ဆောင်ကြတဲ့နေ့ရက်တွေမှာ ဆန္ဒပြပြည်သူ လူအုပ်ကြီးဟာ မကွေးရဲ့ ဘယ်လမ်း၊ ဘယ်နေရာမှာ ရောက်နေပါစေ။ ရေချိန်တန်ရင် ရေ၊ ထမင်းချိန်တန် ထမင်း အပြည့်အစုံနဲ့ ရေမီးအစုံဖြစ်အောင်ကို ပြည်သူတွေက စောင့်ရှောက်ခဲ့ကြပါတယ်။ ဒီလို စားရေး၊သောက်ရေးတွေကို ပြည်သူတွေ ကိုယ်တိုင်ကပဲ ပြင်ဆင် ဖြည့်ဆည်းပေးခဲ့တာ ဖြစ်ပါတယ်။
မှတ်မှတ်ရရကတော့ ဆန္ဒပြတဲ့ ကာလ တစ်ပတ်လောက်အကြာမှာ မုန့်ထုပ်နဲ့ ထမင်းဘူးတွေ လက်ခံရလို့ ကြည့်လိုက်ရင် အဲ့ဒီမုန့်ထုပ်တွေ၊ ထမင်းဘူးတွေထဲမှာ တစ်ထောင်တန် အသစ်လေးတွေနဲ့ စက္ကူခေါက်လေးတွေ ပါဝင်လာတာကို တွေ့ခဲ့ရဝာာပါပဲ။ အဲ့ဒီစက္ကူခေါက်လေးတွေမှာ “အားမလျှော့ပါနဲ့နော်”၊ “အားတင်းထားပါ”၊ “ဂုဏ်ယူပါတယ်၊”အစစအရာရာ ဂရုစိုက်ပါ” ဆိုတဲ့ မေတ္တာစာလေးတွေ ရေးသားထားတာကို တွေ့ရပါတယ်။ အညာရဲ့ ပူပြင်းလှတဲ့ နွေနေပူရဲ့ အရှိန်၊ လမ်းမထက်က အငွေ့ပျံနေတဲ့ တံလျှပ်တွေကြားမှာ ဒီစာသားလေးတွေဟာ သပိတ်တပ်သားတွေရဲ့ ရင်ကို ကြည်လင် အေးမြ ခွန်အားဖြစ်စေခဲ့ပါတယ်။
လူထုရှေ့ကနေ ကျနော်တို့ ရဲဘော်တွေဦးဆောင်ချီတက်နေချိန်၊ သပိတ်လာတားတဲ့ စစ်အုပ်စု နောက်လိုက်တွေနဲ့ လမ်းဖွင့်ပေးဖို့ စကားစစ်ထိုး အန်တုနေတဲ့ အခါတွေမှာ ပြည်သူတွေက အော်ဟစ်ပြောနေတဲ့ “ဂရုစိုက်ကြပါနော်”၊ “ဂုဏ်ယူပါတယ်”ဆိုတဲ့ အသံတွေနဲ့ ဘဝဂ်လျှံတက်နေတဲ့ ပြည်သူ့ လက်ခုပ်သံတွေက ကျနော်တို့ကို တက်ကြွတဲ့ ခြေလှမ်းတွေဖြစ်အောင် အားဖြစ်စေခဲ့တာပါပဲ။
ကျနော်တို့ကို အဓမ္မ အကြမ်းဖက် ဖြိုခွဲလို့ ထောင်နံရံ အနောက်ကို ရောက်ခဲ့ပြန်တော့လည်း ပြည်သူ့မေတ္တာတွေဟာ ထောင်ရဲ့ အုတ်တံတိုင်းတွေကို ကျော်လို့ ကျနော်တို့ဆီရောက်ရှိလာခဲ့ပြန်ပါတယ်။ ကျနော်တို့ မိသားစုတွေ၊ အိမ်တွေဆီကနေ လိုမပ်တဲ့ ပစ္စည်းတွေ မပို့နိုင်ခင်မှာကို ပြည်သူ့ရဲ့ အထောက်အပံ့ ထောင်ဝင်စာတွေကို တသောသော ရောက်ခဲ့ပြန်ပါတယ်။ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ၊ ကော်ဖီ၊ မုန့်တွေ နောက်ဆုံး Roll on က အစ အသေအချာကို ပြည်သူက ထုပ်ပိုးလို့ ပို့ပေးခဲ့တယ်လို့ ပြန်လည်သိရှိရပါတယ်။ ဒီလို ရောက်လာတဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းလေးတွေမှာလည်း အထက်က ပြောခဲ့တဲ့ စက္ကူခေါက်လေးတွေမှာလို မေတ္တာစာလေးတွေ ပါခဲ့တာမို့ ကျနော်တို့ဟာ မျက်ရည်ကျရတဲ့အထိ အားရှိ ပီတိ ဖြစ်ခဲ့ရပါတယ်။ ဒါကို စစ်အုပ်စု လက်ပါးစေ ထောင်အာဏာပိုင်တွေက မျက်စိ ဆံပင်မွှေးစူးလို့ ပိတ်ပင်လိုက်မှ ကျနော်တို့ဆီ ပို့တဲ့ ပြည်သူ့ ထောင်ဝင်စာပို့မှုက လျော့သွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါတောင် ရံဖန်ရံခါ ရောက် ရောက်လာခဲ့ပါသေးတယ်။ ပြည်သူ့မေတ္တာကြောင့် သံတိုင်နောက်မှာကို ကျနော်တို့ဟာ နွေးထွေးမှုတွေကို ခံစားခဲ့ရပါတယ်။
ထောင်က လွတ်လာပြန်တော့လည်း ပြည်သူဟာ ကျနော်တို့ရဲ့ လူထုလှုပ်ရှားမှု တိုက်ပွဲခေါ်သံတွေကို မပြတ်နားစွင့်လို့ အခြေအနေနဲ့ အချိန်အခါ အပေါ်မူတည်ပြီး စွမ်းသ၍ ပါဝင်ခဲ့ကြပါတယ်။သက်သေ သာဓက အနေနဲ့ ပြောရမယ်ဆိုရင် အသံတိတ်သပိတ် ဆင်နွှဲခဲ့ချိန်တွေမှာ လူသူရှင်းလင်းနေတဲ့။ မကွေး လမ်းမတွေရဲ့ ပုံတွေနဲ့ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲမှာ ပါဝင်လို့ စည်ပင်က ဈေးရောင်းခွင့် ပိတ်ပြီး မောင်းထုတ်ခ့ခဲ့ရတဲ့ ပျံကျဈေးသည်တွေရဲ့ ဖြစ်ရပ်တွေက သက်သေခံနေပါတယ်။
ပြောခဲ့တဲ့ကိစ္စတွေဟာ ကျနော်ပဲ ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေလည်း မဟုတ်ပါဘူး။ တော်လှန်ရေးရဲဘော်တိုင်းဟာ ဖြစ်ရပ်မတူ၊ အခြေအနေကွဲပြားနိုင်ပေမယ့် ပြည်သူ့ရဲ့ မေတ္တာနဲ့ အထောက်အမကြောင့် တော်လှန်တိုင်ပွဲဝင်နိုင်နေတာ အသေအချာပဲ ဖြစ်မှာပါ။ ဒါကြောင့်ပဲ ပြည်သူက ဦးဆောင်တဲ့ တော်လှန်ရေး၊ ပြည်သူက ပေါက်ဖွားခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေလို့ ပြောနေကြတာ ဖြစ်ပါတယ်။
ပြည်သူက အတော် အားနာဖို့ ကောင်းလှပါပြီ။ အားနာစရာ ကောင်းလှအောင်ကို တာဝန်ကျေလွန်းတာဖြစ်လို့ ပြည်သူ့မေတ္တာကို ယုံကြည်ဖို့နဲ့ ပြည်သူသာ အမိ၊အဖ ဆိုတဲ့ ယုံကြည်ချက်က ကျနော့် ရင်မျာ သံမှိုရိုက်ထားသလို စွဲမြဲခဲ့ပါတယ်။ ဒါကြောင့်လည်း ကျနော်ဟာ အမွေဖြတ် စွန့်လွှတ်ခံရချိန်မှာ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖလို့ ယုံကြည်ထားလို့ တော်လှန်ရေးမှာ ဆက်လက် ပါဝင်တော်လှန်နေဦးမှာ”လို့ ရဲရဲကြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကာလတွေမျာ ကျနော် စိတ်ဓာတ်ကျတာ၊ စိတ်လေတာ ရှိရင် ပြည်သူ့ကျေးဇူးဆပ်နိုင်ဖို့ဆိုတဲ့ အတွေးနဲ့ အမြန် ပြန်ရုန်းထနိုင်ဖို့ ကြိုးစားလေ့ရှိခဲ့ပါတယ်။
တော်လှန်ရေးမှာ ကျေးဇူးတင်ထိုက်သူတွေနဲ့ ကိစ္စတွေကို သုံးသပ်ကြည့်မယ်ဆိုရင်လည်း ပြည်သူတွေ အထူးသဖြင့် ကျေးလက်က ပြည်သူတွေရဲ့ ကျေးဇူးကိုပဲ ဘွားခနဲ အရင်ဆုံး တွေ့မိပါတယ်။ ရွာလုံးကျွတ် မီးလောင်ပြင် ဖြစ်ရ၊ အိုးအိမ်ပျက်စီးနဲ့ ဒုက္ခတွေ ပင်လယ်ဝေပြီး အစစအရာရာ ဖိစီးနေတဲ့ကြားကနေ ကျေးလက်က ပြည်သူတွေဟာ တော်လှန်ရေးမှာ အားစိုက်နေဆဲ ဖြစ်ပါတယ်။ အညာသူမကြီးက နှစ်ပေါင်းများစွာ စာရင်းငှားလုပ်ပြီး ခြစ်ခြုတ် စုထားတဲ့ နားက နားကပ်လေးကို ချွတ်လှူပြီး နားပေါက်ဟောင်းလောင်းနဲ့လည်း လှကြောင်း သက်သေပြနေတယ်။ မြို့ပြတွေမှာလည်း ရန်သူနဲ့ ကျားကွက်ကစားလို့ ပုံစံအမျိုးမျိုးနဲ့ ရန်သူကို စီးချင်းထိုးနေကြတယ်။ တကယ့်ကို ပြည်သူဟာ တာဝန်ကျေလွန်းလှပါတယ်။
ကျနော်ကတော့ ပြည်သူကို မုချ အတည် အားနာလှပါပြီ။ ဒီကာလအတွင်းမှာလည်း တက်ညီလက်ညီရုန်းပြီး ဒီကာလ အလွန်မှာလည်း ပြည်သူကို ဦးထိပ်ထား အရေးပေးတဲ့ နိုင်ငံအသစ်တစ်ရပ်ကို ရောက်စေ၊ ပေါက်စေဖို့ ရင်ခုန် ရည်စူး မိပါတယ်။
တော်လှန်ရေးရဲ့ ကဏ္ဍ အသီးသီးက ရဲဘော်တိုင်းကလည်း ပြည်သူတွေကို အားနာပြီး ပြည်သူတွေရဲ့ ကျေးဇူးကို ဦးထိပ်ထား ကြိုးစားကြစေချင်လွန်းလှပါတယ်။ သို့ကလို နှလုံးသွင်း ကြိုးစားကြမယ်ဆိုရင်ဖြင့် အနှီ ရဲဘော်များကို ပြည်သူအပေါင်းက အဟော ဝတ ၊ ကောင်းလေစွလို့တော်လှန်ရေး ထောပနာသ ချီးကျူးကြမှာဧကန် အမှန်သာ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် တော်လှန်ရေးရဲ့ ကဏ္ဍ အသီးသီးက ရဲဘော်တိုင်းအနေနဲ့ “ပြည်သူကို အားနာစိတ်လေးမွေးပြီး ပြည်သူကို ဦးထိပ်ထား ဆောင်ရွက်ကြဖို့”နဲ့ “တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ ပြည်သူမှတပါး အခြားမရှိပါ”လို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတော့တယ်။