ရဲကားတိုက်ခိုက်ခံရပြီး (၃) ဦးသေဆုံးသည့်အတွက် ရမ်းသမ်းပစ်ခတ်ချိန် ပြည်သူ (၆) ဦးသေ

RNA_မတ်(၁၉)၊၂၀၂၃ ခုနှစ်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာအတွင်း ယမန်နေ့ညနေ (၆) နာရီခန့်က စစ်ကောင်စီလက်အောက်ခံ ရဲကား(၂) စီးတိုက်ခိုက်ခံရပြီး ရဲ (၃) ဦးသေဆုံးခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ပြည်သူ (၆) ဦး သေဆုံးခဲ့သည်။

ငြိမ်းချမ်းသာယာကျေးရွာရှိ ကုန်တင်ကားကြီးကွင်းအနီး ရဲကား (၂) စီးကို KIA/PDF မှ ပစ်ခတ်တိုက်ခိုက်ရာ ရဲကား(၁) စီးလွတ်သွားပြီး တစ်စီးမှ ရဲသုံးဦး သေဆုံးသွားခဲ့သည့်နောက် စစ်ကောင်စီ စစ်သားများ အခြေချရာနေရာများမှ ကျေးရွာပြည်သူများရှိရာဘက် တရစပ်ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရဲစခန်းကုန်းအတက်မှာဖြစ်တာ၊ ရဲသုံးယောက်က ပွဲချင်း ပြီးပဲ၊ ထိတွေ့တိုက်ပွဲလည်းပြီးရော ငြိမ်းချမ်းသာယာရဲစခန်းကုန်းကရော၊ အန္တမုနိ ဘုရားကုန်းကရော၊ နှစ်မျက်နှာဘုရားကုန်းကရော လက်နက်ကြီးနဲ့ ရမ်းပစ်တော့တာ၊ မီးမှိတ်ပြီး အိမ်အောက်ထဲ ဝပ်နေရတယ်”ဟု ပစ်ခတ်မှုဖြစ်ပွားရာအနီးမှ ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီး/ငယ်များကြောင့် ကျေးရွာအတွင်း ရမ်းသန်းပစ်ခတ်သည့်အတွက် အရပ်သားပြည်သူ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၁)ဦးနှင့် (၃) နှစ်အရွယ် ကလေးငယ် ယောက်ကျားလေး(၁)ဦး သေဆုံးခဲ့ရပြီး၊ နောက်ထပ် အမျိုးသမီး(၁)ဦး၊ ကလေးငယ်(၁)ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သော ကလေးငယ်သည် လက်တစ်ဖက်ဆုံးရှုံးရနိုင်သည့်အခြေအနေတွင်ရှိကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

“လုံးခင်းနဲ့ငြိမ်းချမ်းသာယာဆက်ထားတဲ့ တံတားဟောင်းရော၊ ဟိုင်းဝေးအသုံးပြုနေတဲ့ တံတားအသစ်ရော စစ်တပ်က ပိတ်ထားလို့ မသွားရဘူး၊ လူနာရော DB ရော မကောက်ရဘူး၊ ည(၁၂)ကျော်မှ ဖွင့်ပေးတာ၊ တစ်ချို့က မသေသင့်ပဲ သေကြရတာ”ဟု လူမှုရေးဆောင် ရွက်သူတစ်ဦးက ပြောသည်။

ဖြစ်စဉ်အတွင်း ငြိမ်းချမ်းသာယာ ကုန်တင်ကားကွင်းတွင် အရပ်သားပြည်သူ (၄)ဦးနှင့် ရဲ(၃)ဦး၏ အလောင်းများ တွေ့ရပြီး ငြိမ်းချမ်းသာယာ ကျေးရွာရှိနေအိမ်တစ်ခုမှ ပြည်သူ(၂)ဦး၏ ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူ(၂)ဦးတို့အား ‌တွေ့ရကြောင်း၊ လက်ရှိအချိန်တွင် ဖားကန့်ပြည်သူ့ဆေးရုံသို့ အားလုံးပို့ဆောင်ထားပြီးဖြစ်သည်။

ပစ်ခတ်မှုများအတွင်း အတည်မပြုနိုင်သေးသော မြေပြင် ပြောစကားများအရ ဖြစ်ဖြစ်ချင်း နီးစပ်ရာ ကားအကူအညီရယူကာ နီးစပ်ရာ ဆေးခန်းများ၌ ကုသမှုခံယူသူများရှိပြီး ဒဏ်ရာရသူ သေဆုံးသူ ရှိနေနိုင်သေးကြောင်း၊ သတင်းမှန်သိရှိရရေး Red News Agency သတင်းထောက်မှ ဆက်လက်စုံစမ်းနေကြောင်း သတင်းရရှိသည်။

#RedNewsAgency

By Editor