ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

RNA_ဖားကန့်၊ ဖေဖော်ဝါရီ ၁၇၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာအပိုင် အောင်သာယာ (၁) ကျေးရွာနှင့် ဆောင်းချိန်ကျေးရွာတို့မှ အပြစ်မဲ့ ပြည်သူ (၃၀)ခန့်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၅)ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် လက်‌အောက်ခံများက အတင်း အဓမ္မကြိုးတုတ်ကာဖမ်းဆီးသွားခဲ့ပြီး ယနေ့ ‌(ဖေဖော်ဝါရီ ၁၇ ရက်)အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

“ဖမ်းသွားတဲ့ထဲ ရေမဆေးကျောက်ရှာပြန်တဲ့သူပါတယ်၊ လမ်းသွားလမ်းလာတွေပါတယ်၊ ဆောင်းချိန်ကဆို ရွှေရင်ကျော်ဆရာတစ်ယောက်ပါတယ်၊ ခုထိတော့ ပြန်မလွှတ်ပေးသေးဘူးဗျ”ဟု ဆောင်းချိန်ကျေးရွာနေသူတစ်ဦးက ပြောသည်။

ဖားကန့်ဒေသသည် စစ်ကောင်စီ၏ ရှေ့တန်းတပ်မ (၃၃)၏ လှုပ်ရှားနယ်မြေတစ်ခုဖြစ်သလို KIA တပ်မဟာ (၉) အခြေစိုက်ရာဒေသတစ်ခုလည်းဖြစ်ကြောင်း၊ ဖားကန့်မြို့ အနီးတဝိုက်တွင် စစ်ကောင်စီတပ်က ဂိတ်ချကာ စစ်ဆေးမှုများနှင့် ပြည်သူများကို မူးရူးဆဲဆို ဖမ်းဆီးမှုများ စိတ်ကြိုက်လုပ်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ – စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ‌နေသည့် ပြည်သူများကို ဖမ်းဆီးနေမှု မြင်ကွင်း

Red News Agency

By Editor