ပုသိမ်-မုံရွာလမ်းအတိုင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၀) ကျော်သေဆုံး

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းအတိုင်း၊ ကျေးရွာတရွာသို့ အင်အား (၄၀) ပါ စစ်ကောင်စီတပ် စစ်ကြောင်းထိုးအပြန် ပြည်သူ့စွမ်းအားတပ်ပေါင်းစု – PPC (ပခုက္ကူခရိုင်အမှတ် (၁၁) တပ်ရင်း)မှ မိုင်း (၉)လုံးဆွဲတိုက်ခိုက်မှုနှင့် အပြန် အလှန်ပစ်ခတ်မှု (၃၅) မိနစ်ခန့်အတွင်း စစ်ကောင်စီဘက်မှ (၂၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC (ပခုက္ကူခရိုင် အမှတ် (၁၁) တပ်ရင်း)မှ ဖေဖော်ဝါရီ (၁၄) ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ပြီးပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် (၅) မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ် အကူများ ရောက်ရှိလာခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် အကျအဆုံးများခဲ့သော်လည်း ပြန်အဆုတ်တွင် PPC ဒုတပ်စိတ်မှူးရဲ‌ဘော်တဦး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရပြီး၊ ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီဘက်မှ ကား(၂)စီးဖြင့် စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး တစ်စီးမှာ လမ်းတစ်နေရာတွင်ရပ်ခဲ့ပြီး ခြေလျင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်(၁)ဦး၊ အရာခံဗိုလ်(၁)ဦး၊ တပ်ကြပ် (၂)ဦး၊ ဒု တပ်ကြပ်(၂)ဦးအပါဝင် (၂၀)ဦး ကျော်ခန့်ကျဆုံးကြောင်းသိရပြီး (၂၈)ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါသည်” ဟု ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC (ပခုက္ကူခရိုင် အမှတ်(၁၁)တပ်ရင်း) မှ ယနေ့ ထုတ်ပြန်ထားသည်။

ရဲရင့်စွာကျဆုံးသွားပါသော ဒုတပ်စိတ်မှူးအတွက် ကျွန်ုပ်တို့ရဲဘော်များနှင့် ပြည်သူများမှ ဂုဏ်ယူရင်းဖြင့်ပင် လွန်စွာဝမ်းနည်းပူဆွေးရကြောင်း၊ နယ်မြေရှင်းလင်းရေးလုပ်ချိန်မှစ၍ ယခုအချိန်အထိ စစ်ကူအနေဖြင့် လာရောက်ကူညီနေပါသော ပွင့်ဖြူ (ပကဖ) အားအထူးကျေးဇူးတင်ရှိကြောင်း၊ အာဏာရှင်ကို တိုက်ထုတ်ရာတွင် တတပ်တအားဖြင့် ညီညွတ်စွာကူညီပေးကြပါသော ပြည်သူများအားလည်း အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျဆုံးရဲဘော်

မကွေးတိုင်းအတွင်း တွေ့ရသည့် ပုသိမ်-မုံရွာလမ်း တနေရာ

#RedNewsAgency

By Editor