RNA_နိုဝင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။
အာဏာသိမ်းစစ်တပ်သည် ပြည်သူ့စစ်အင်အားများကို အသုံးပြုပြီး ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုကာ KNU တပ်မဟာ (၁) နယ်မြေ၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် KNU တပ်မဟာ (၃) နယ်မြေ၊ ပဲခူးတိုင်း ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ အင်အား (၁၆၀၀) ဦးဖြင့် ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲများဖြစ်ပွားကာ အာဏာသိမ်းစစ်တပ်ဘက်ကမှ ဗိုလ်ကြီးအဆင့် ဇေယျာထက်အပါအဝင် (၄၂) ဦးသေဆုံးပြီး (၁၀၀) ကျော်ဒဏ်ရာရရှိသွားပြီးနောက် စစ်သုံ့ပန်းအဖြစ် (၂) ဦးဖမ်းဆီးရမိလိုက်သည်ဟု ယနေ့ (နိုဝင်ဘာ ၂၈ ရက်) တွင် အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။
အင်အား (၁၅၀၀) ကျော်ဖြင့် ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်တပ်သည် နိုဝင်ဘာ (၃) ရက်နေ့မှစတင်ကာ နိုဝင်ဘာ (၂၁) ရက်နေ့ ထိုးစစ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ဒေသအခြေပြုတော်လှန်ရေးတပ်ဖွဲ့များ (LDFs) များပူးပေါင်းသော တော်လှန်ရေးတပ်ဖွဲ့များဖြင့် တိုက်ပွဲပေါင်း (၂၇) ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းကို တော်လှန်ရေး အင်အားစုများက ဝိုင်းပတ်ပိတ်ဆို့ချေမှုန်းခြင်း၊ ပြောက်ကျားစစ်ဆင်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်စစ်ဆင်ခြင်းကြောင့် (၂) ပတ်ကျော်ကြာ ပိတ်မိနေခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာထက် အပါအဝင် (၁၂) ဦး သေဆုံးခဲ့ပြီး (၂) ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ ပြန်လည်သယ်ယူသွားသော အလောင်းများအပါ စုစုပေါင်း(၄၂) ဦး သေဆုံးပြီး (၂) ဦးအရှင်ဖမ်းဆီးရမိကာ ဒဏ်ရာရရှိသွားသူ (၁၀၈) ဦးရှိသည်ဟု အထူးတိုင်းစစ်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


စစ်ဆင်ရေးကာလအတွင်း အာဏာသိမ်းစစ်တပ် စစ်ကြောင်းထံမှ Double Cup ကားတစ်စီး၊ MA5 (၁) လက်၊ MA4 (၁) လက်၊ MA2 (၁) လက်၊ MA3 (၁) လက်၊ MA1 (၂) လက်တို့ သိမ်းဆည်းရမိသည့်အပြင် အထူးတိုင်းစစ်ဌာန၏ စစ်သုံ့ပန်းထိမ်းသိမ်းရေးစခန်းမှ ရရှိသွားသော လက်နက်မျိုးစုံ (၁၁) လက်ကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။
အကြမ်းဖက်အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးစဉ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများအား လေကြောင်းတိုက်ခိုက်မှူ (၁၀) ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၃၅) ကြိမ်လုပ်ဆောင်ခဲ့ပြီး ဒေသခံပြည်သူ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁) ဦးအပါအဝင် အမျိုးသမီး (၂) ဦးနှင့် ကလေးငယ်အမျိုးသား (၁) ဦးသေဆုံးခဲ့သည့်အပြင် စိတ်ရောဂါဝေဒနာ ခံစားနေရသူ အမျိုးသမီး (၁) ဦးအား ဖမ်းဆီး၍ အဓမ္မကျင့်သတ်ဖြတ်ခဲ့ပြီး အပြစ်မရှိသူ ဒေသခံအမျိုးသမီးနောက်ထပ် (၁)ဦးအား ဓားစာခံအဖြစ်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။



စစ်တပ်စစ်ကြောင်းသည် ချောင်းစောက်ကျေးရွာနှင့် နတ်စင်ကျေးရွာမှ အသက် (၆၀) နှစ်ရှိ အမျိုးသားတဦးအပါအဝင် ဒေသခံအမျိုးသား (၅) ဦးအားလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ စစ်ကြောင်းပြန်လည်ဆုတ်ခွာစဥ် လမ်းတလျှောက်ရှိ ကော်ကပ်ခီး၊ ထီးကလာခီး၊ ကော်ကပ်ရွာ၊ ရွာသစ်ရွာ၊ ခမောက်ခွေရွာ၊ နတ်စင်ရွာ၊ ကျောက်ဖျာရွာ၊ မိုးဘောရွာ၊ ကျောက်ပုံတောင်၊ ချောင်းစောက်ရွာများမှ လူနေအိမ် (၁၉၁) လုံး၊ စာသင်ကျောင်း (၃) လုံး၊ ဒေသဆေးခန်း (၂ ) ခု၊ အရပ်သားကား (၆) စီး၊ ဆိုင်ကယ် (၁၄) စီးအား မီးရှို့ဖျက်ဆီးခဲ့ပြီး ကားနှင့် ဆိုင်ကယ်များအပါအဝင် ပြည်သူပိုင်ပစ္စည်းအမြောက်အမြားအား ကုန်ကားများဖြင့် ခိုးယူသယ်ဆောင်သွားသည်ဟု အထူးတိုင်းစစ်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#REDNEWS #RedNewsAgency #RNA #PDF