RNA_နိုဝင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။
မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်နေသည့် ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွတ်ဘ်ဆန် (Kannavee Suebsang) ကို စစ်အုပ်စုက အမည်ပျက်စာရင်းသွင်းကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထိုင်းလွှတ်တော်အမတ်ဟောင်းသည် အကြမ်းဖက်မှုအား ထောက်ခံအားပေးသည်ဟုဆိုကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စစ်အုပ်စုလက်အောက်ခံ မြန်မာသံရုံးက ဇွန်လ (၄) ရက်စွဲဖြင့် ကြေညာချက်ကို ယနေ့ (နိုဝင်ဘာ ၂၈ ရက်) ထုတ်ပြန်လာခြင်းဖြစ်သည်။
စစ်အုပ်စု၏ ကြေညာချက်၌ ဖော်ပြထားမှုအရ ကန်နဝီသည် ၂၀၂၆ ခုနှစ် မေလ (၂၃) ရက်က ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် မြန်မာ့ဂုဏ်ရည်ဆု ဆုပေးပွဲအခမ်းအနား၌ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင် ဆုရရှိခဲ့ချိန် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုမင်းကိုနိုင်သည် ၁၉၈၈ ခုနှစ်ကတည်းက အကြမ်းဖက်မှုများကျူးလွန်ခဲ့သည်ဟု စစ်အုပ်စုက စွပ်စွဲပြောဆိုထားပြီး လက်ရှိ၌လည်း စစ်အုပ်စုက အကြမ်းဖက်အဖွဲ့များဟု သတ်မှတ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုး (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့နှင့် ပူးပေါင်းလုပ်ကိုင်မှုများရှိနေကြောင်း စစ်အုပ်စုက ဆိုသည်။
စစ်အုပ်စု၏ အမည်ပျက်စာရင်း ထည့်သွင်းဖော်ပြခံရသည့် ကန်နဝီက ၎င်းအနေဖြင့် ယင်းအခြေအနေပေါ် အံ့ဩမှုမရှိကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီ၊ ပြည်သူနှင့် ငြိမ်းချမ်းရေးဘက်၌ ရပ်တည်သည့်အခါ အာဏာရှင်ဘက်က ယခုကဲ့သို့ စွပ်စွဲပြောဆိုမှု၊ တံဆိပ်ကပ်မှုများရှိနေသည်မှာ မထူးဆန်းကြောင်း ၎င်း၏ လူမှုကွန်ရက် Facebook ၌ ရေးသားဖော်ပြထားသည်။
မြန်မာပြည်သူများ၏ ဒီမိုကရေစီရပိုင်ခွင့်၊ ငြိမ်းချမ်းရေး ပေါ်ထွန်းလာရန်နှင့် အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ထိုင်းအစိုးရအနေဖြင့် အလေးအနက်ထား ထောက်ခံအားပေးသင့်ကြောင်း၊ ထိုင်းနိုင်ငံသည် အရေးပါသည့် အခန်းကဏ္ဍ၌ ရှိနေကြောင်းလည်း ကန်နဝီက ပြောကြားထားသည်။