“အင်အားအကြီးဆုံးကတော့ ရဲချုပ်ဟောင်း ခင်ရီ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီဖြစ်ပြီး အားလုံးသိတဲ့အတိုင်း နဂိုကတည်းက စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ တပ်ပါတီဖြစ်ပါတယ်။ နောက်ထပ် သာကူး သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ၈၈ မျိုးဆက် ကိုကိုကြီးရဲ့ ပြည်သူ့ပါတီဟာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်နေပါတယ်”
ကေဂျီ – Wiper
အာဏာရှင်ဖြစ်ချင်လွန်းလှသူ မင်းအောင်လှိုင်ရဲ့ အဓိက အားကိုးအားထားပြုနေရတဲ့ အကြမ်းဖက်တပ်မတော်ကြီးဟာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာတဲ့ ၂၀၂၄ ကာလ လက်ရှိအနေအထားမှာတော့ လူထူ အနူလမ်းသလား အဆင့်ကနေ သူတင်ကိုယ်တင်တိုက်လာခိုက်လာရတဲ့ အချိန်အခါမှ အရပ်ထဲ ဖြဲပြတဲ့ ဖိုးသင်းမျောက်လို နေရာဒေသအစုံမှာ အားရပါးရကြီးကို ရှုံးပြနေပါတော့တယ်။ လက်နက်မဲ့ ပြည်သူလူထုအပေါ် နှိပ်စက်ပြ၊ အနိုင်ကျင့်ပြုလုပ်ခဲ့သမျှဟာ အရပ်စကားနဲ့ ပြောရရင်တော့ ဇာတ်ထဲက လူမိုက်ပမာ ဖြစ်နေခဲ့ပါပြီ။ နိုင်ငံတော်အဆင့် စစ်ကြောင်းတွေနဲ့ တုတ်ဆွဲဓားဆွဲကြမ်းပြသမျှဟာလည်း အပြီးသတ် ပတ်တီးအဖွေးသားနဲ့ အောင်မြင်စွာ ဆုတ်ခွာစစ်ဆင်နိုင်ခဲ့ပါတယ် ဆိုတဲ့ အဆင့်က တက်မလာတော့ပါဘူး။
ဒီလို စစ်တပ်အားကိုးတစ်ခုနဲ့ အခြေအနေမဟန်တော့မှန်းကို သိသာလာတဲ့အခါ မင်းအောင်လှိုင်ဟာ ရနိုင်သလောက်နေရာလေးမှာ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးကာ ရွေးကောက်ပွဲဖြစ်ရုံလေး ကျင်းပလို့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးပြီး လွတ်အောင်ပြေးနိုင်ဖို့ ကြိုးစား ပြင်ဆင်လာပါတယ်။ လက်ရှိစစ်ကောင်စီ လက်အောက်မှာ ပြည်သူလူထုတစ်ရပ်လုံးဟာ လူ့အခွင့်အရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအဖြစ်ကို ရောက်ရှိနေပါတယ်။
ပြည်သူလူထုဟာ နေ့စဉ်တွေ့ကြုံနေရတဲ့ အကျပ်အတည်းတွေကြားမှာ တော်လှန်ရေးနဲ့ လူအခွင့်အရေး ဆုံးရှုံးမှုတွေကို လွန်ဆန်ကြဖို့ထက် နေထိုင်စားသောက်နိုင်ရုံလောက်ကိုပဲ မနည်းကို ရုန်းကန်နေကြရပါတယ်။ ဒီအချက်ပေါ်မှာ အခွင့်အရေးရယူပြီး မင်းအောင်လှိုင်ဟာ ၂၀၁၀ တုန်းက ဦးသန်းရွှေ အကွက်လိုမျိုး ခင်းလာနိုင်ပါတယ်။ ပြည်သူလူထုအားလုံး ကျပ်တည်းဆင်းရဲပြီး ဒုက္ခရောက်နေမှ မင်းအောင်လှိုင်အတွက် ကယ်တင်ရှင်ဇာတ်ကို ခင်းလို့ကောင်းမှာ ဖြစ်တဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံးကို ဒုက္ခမရောက် မဖြစ်ရလေအောင်လည်း ကြိုးစားလုပ်ဆောင်နေပါတယ်။

