ဘုရင်ရူးနဲ့ ဇာတ်ပျက်မှာ ဝန်မင်း ဖြစ်ချင်ကြသူတွေလည်း ရှိနေဆဲ

“အင်အားအကြီးဆုံးကတော့ ရဲချုပ်ဟောင်း ခင်ရီ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီဖြစ်ပြီး အားလုံးသိတဲ့အတိုင်း နဂိုကတည်းက စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ တပ်ပါတီဖြစ်ပါတယ်။ နောက်ထပ် သာကူး သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ၈၈ မျိုးဆက် ကိုကိုကြီးရဲ့ ပြည်သူ့ပါတီဟာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်နေပါတယ်”

ကေဂျီ – Wiper 

အာဏာရှင်ဖြစ်ချင်လွန်းလှသူ မင်းအောင်လှိုင်ရဲ့ အဓိက အားကိုးအားထားပြုနေရတဲ့  အကြမ်းဖက်တပ်မတော်ကြီးဟာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာတဲ့ ၂၀၂၄ ကာလ လက်ရှိအနေအထားမှာတော့ လူထူ အနူလမ်းသလား အဆင့်ကနေ သူတင်ကိုယ်တင်တိုက်လာခိုက်လာရတဲ့ အချိန်အခါမှ အရပ်ထဲ ဖြဲပြတဲ့ ဖိုးသင်းမျောက်လို နေရာဒေသအစုံမှာ အားရပါးရကြီးကို ရှုံးပြနေပါတော့တယ်။ လက်နက်မဲ့ ပြည်သူလူထုအပေါ် နှိပ်စက်ပြ၊ အနိုင်ကျင့်ပြုလုပ်ခဲ့သမျှဟာ အရပ်စကားနဲ့ ပြောရရင်တော့ ဇာတ်ထဲက လူမိုက်ပမာ ဖြစ်နေခဲ့ပါပြီ။ နိုင်ငံတော်အဆင့် စစ်ကြောင်းတွေနဲ့ တုတ်ဆွဲဓားဆွဲကြမ်းပြသမျှဟာလည်း အပြီးသတ် ပတ်တီးအဖွေးသားနဲ့ အောင်မြင်စွာ ဆုတ်ခွာစစ်ဆင်နိုင်ခဲ့ပါတယ် ဆိုတဲ့ အဆင့်က တက်မလာတော့ပါဘူး။

ဒီလို စစ်တပ်အားကိုးတစ်ခုနဲ့ အခြေအနေမဟန်တော့မှန်းကို သိသာလာတဲ့အခါ မင်းအောင်လှိုင်ဟာ ရနိုင်သလောက်နေရာလေးမှာ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးကာ ရွေးကောက်ပွဲဖြစ်ရုံလေး ကျင်းပလို့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးပြီး လွတ်အောင်ပြေးနိုင်ဖို့ ကြိုးစား ပြင်ဆင်လာပါတယ်။ လက်ရှိစစ်ကောင်စီ လက်အောက်မှာ ပြည်သူလူထုတစ်ရပ်လုံးဟာ လူ့အခွင့်အရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအဖြစ်ကို ရောက်ရှိနေပါတယ်။

ပြည်သူလူထုဟာ နေ့စဉ်တွေ့ကြုံနေရတဲ့ အကျပ်အတည်းတွေကြားမှာ တော်လှန်ရေးနဲ့ လူအခွင့်အရေး ဆုံးရှုံးမှုတွေကို လွန်ဆန်ကြဖို့ထက် နေထိုင်စားသောက်နိုင်ရုံလောက်ကိုပဲ မနည်းကို ရုန်းကန်နေကြရပါတယ်။ ဒီအချက်ပေါ်မှာ အခွင့်အရေးရယူပြီး မင်းအောင်လှိုင်ဟာ ၂၀၁၀ တုန်းက ဦးသန်းရွှေ အကွက်လိုမျိုး ခင်းလာနိုင်ပါတယ်။ ပြည်သူလူထုအားလုံး ကျပ်တည်းဆင်းရဲပြီး ဒုက္ခရောက်နေမှ မင်းအောင်လှိုင်အတွက် ကယ်တင်ရှင်ဇာတ်ကို ခင်းလို့ကောင်းမှာ ဖြစ်တဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံးကို ဒုက္ခမရောက် မဖြစ်ရလေအောင်လည်း ကြိုးစားလုပ်ဆောင်နေပါတယ်။

စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲဝင် ပါတီခေါင်းဆောင်များနှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံပွဲဲမြင်ကွင်း။

မင်းအောင်လှိုင်ဟာ နိုင်ငံတကာက သူ့အပေါ်စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကို ခံနေရချိန်မှာ စစ်ရေးအသုံးစရိတ်များစွာကို အသုံးပြုခဲ့ပြီး ငွေစက္ကူ အမြောက်အများကို စိတ်တိုင်းကျ ရိုက်ထုတ်ခဲ့တာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်ပြီး မြန်မာ့ကျပ်ငွေတန်ဖိုးဟာ သုံးဆလောက် ကျဆင်းသွားခဲ့ပါတယ်။ မင်းအောင်လှိုင် အတည်ပြုလိုက်တဲ့ စစ်မှုမထမ်းမနေမရ ဥပဒေကြောင့်လည်း ပြည်သူလူထုဟာ စိတ်ပူပင်သောက ရောက်နေကြရသလို မင်းအောင်လှိုင် လက်အောက်ခံ အုပ်ချုပ်ရေးပိုင်းတွေရဲ့ အကျင့်ပျက် လဘ်စားမှုတွေကြောင့် ငွေညှစ်ခြိမ်းခြောက်မှုတွေကိုပါ ခံနေရပါတယ်။ 

နောက်တခုက စစ်ကောင်စီဟာ လူထုအတွက် သတင်းမှန် စီးဆင်းမှုကို ရပ်တန့်နိုင်ဖို့နဲ့ စစ်ကောင်စီ စိတ်တိုင်းကျ စိတ်ဓါတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချီရေးကို လုပ်ဆောင်နိုင်ဖို့အတွက် VPNကို အကြောင်းပြုပြီး သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးခြင်းကနေ ပြည်သူလူထုအပေါ် မျက်စိပိတ်နားပိတ်ဖြစ်စေမယ့် နိုင်ထက်စီးနင်းပြုမှုတွေ လုပ်လာပြန်ပါတယ်။ ထုံးစံအတိုင်း ပြည်သူလူထုရဲ့ ဖုန်းတွေမှာ VPN ရှာဖွေ အရေးယူခြင်းဆိုတဲ့ လက်အောက်ခံ အဖွဲ့တွေရဲ့ ငွေညှစ်ခြိမ်းခြောက်မှုတွေက ကပ်ပါလာခဲ့ပြန်ပါတယ်။ ဒီအတွက် ပြည်သူလူထုဟာ နေ့စဉ် ဝင်ငွေထွက်ငွေ မမျှတမှုတွေနဲ့ စားဝတ်၊ နေရေးအခက်အခဲတွေအပြင် အသက်ဘေးအန္တရာယ် ခြိမ်းခြောက်မှုတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။ 

ဒီလိုအချိန်မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီဟာ သူတို့ကိုယ်တိုင် အကြိမ်ကြိမ်ဖောက်ဖျက်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကိုပဲ အခြေပြုပြီး အတုအယောင်ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့ အလေးထား ကြိုးပမ်းလာပါတယ်။ စစ်ကောင်စီဟာ လက်ရှိဒေသတွင်း နယ်မြေစိုးမိုးနိုင်စွမ်းလျော့ကျပြီး ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ထောက်ခံခြင်းမရှိတော့တဲ့ အခြေအနေမှာ အာဏာသိမ်းကာစက ကြွားလုံးထုတ်ခဲ့သလို ရာနှုန်းပြည့် ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ဖို့ နေနေသာသာ စစ်တပ်ရဲ့ ၂၅ရာခိုင်နှုန်းနဲ့ပေါင်းလို့ ၅၀ ရာခိုင်နှုန်းတောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ခုလည်း စစ်တပ် ကိုယ်စားလှယ် အစိတ်သားနဲ့ ပါတီ ၈ ရာခိုင်နှုန်းပါဝင်ရင် လွှတ်တော် အထမြောက်ပါတယ် ဆိုပြီး မဖြစ်ဖြစ်အောင် ကြိုးပမ်းလာပါတယ်။ 

မင်အောင်လှိုင် ကျိုးပမ်းနေတဲ့ ရွေးကောက်ပွဲဆိုတာ ပြည်တွင်းပြည်ပ ထောက်ခံမှုမရတော့တဲ့ စစ်ကောင်စီအတွက် နိုင်ငံရေးတရားဝင်မှုကို ရရှိနိုင်မှာထင်တဲ့အတွက် ရွေးကောက်ပွဲ အကြောင်းပြပြီး တရားဝင်မှုကို ရှာကြံလုပ်ယူနေတာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကိုထင်ဟပ်စေတဲ့ ရွေးကောက်ပွဲမဟုတ်ဘဲ စစ်ကောင်စီရဲ့ ထိန်းကျောင်းမှုတွေနဲ့ ဖန်တီးယူထားတဲ့ မတရားလုပ်ကြံပွဲပဲ ဖြစ်တာကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတော့ မဟုတ်တာ သေချာနေပါတယ်။

ဓာတ်ပုံ : ပြည်သူ့ပါတီ Facebook Page

ဒီလိုမျိုး စစ်ကောင်စီက ကျင်းပမယ့် တရားမဝင် ရွေးကောက်ပွဲမှာ ပါဝင်လာမယ့် ပါတီတွေဟာ စစ်တပ်ကြောင့် ပြည်သူလူထုရဲ့ နဂိုရှိရင်းစွဲ ဆုံးရှုံးလိုက်ရတဲ့ ရပိုင်ခွင့်တွေအပေါ်မှာ တချို့တလေကို ပြန်လည်ရရှိအောင် သူတို့ကသာ အနစ်နာခံ စွမ်းဆောင်ပေးနိုင်တဲ့ ပုံစံမျိုးနဲ့ ပြည်သူလူထုကို စည်းရုံးသိမ်းသွင်းနိုင်ဖို့ ကြိုးစားလာကြတာကိုလည်း တွေ့မြင်နေရပါတယ်။ လတ်တလော စစ်ကောင်စီခန့်အပ်ထားတဲ့ ရွေးကော်မှာ နိုင်ငံရေးပါတီ ၆၅ ပါတီက ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့ လာရောက်လျှောက်ထားကြပြီး (၄၈) ပါတီကို မှတ်ပုံတင်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ဒီအထဲမှာမှ အင်အားအကြီးဆုံးကတော့ ရဲချုပ်ဟောင်း ခင်ရီ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီဖြစ်ပြီး အားလုံးသိတဲ့အတိုင်း နဂိုကတည်းက စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ တပ်ပါတီဖြစ်ပါတယ်။ နောက်ထပ် သာကူး သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ၈၈ မျိုးဆက် ကိုကိုကြီးရဲ့ ပြည်သူ့ပါတီဟာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်နေပါတယ် 

အခွင့်အာဏာနဲ့ ကိုယ်ကျိုးအတွက်ကိုသာ ကြည့်တတ်တဲ့ စစ်ကောင်စီရဲ့ စီမံချက်နဲ့ စိတ်အလိုကျမှ တရားမဝင်ရွေးကောက်ပွဲကို ဝင်ပြိုင်ခွင့်ရမယ့် ပါတီတွေဟာ ကယ်တင်ရှင်အကွက်နင်းပြီး စစ်ကောင်စီထွက်ပေါက်ရနိုင်အောင် ပြည်သူလူထုအပေါ် စည်းရုံးသိမ်းသွင်းလာမှာ ဖြစ်ပါတယ်။ ပြည်သူလူထုအပေါ် စစ်ကောင်စီပိတ်ပင်ထားတဲ့ လူ့အခွင့်အရေး ပိတ်ပင်တားဆီးမှုတွေထဲက တချို့ကို ပြည်သူလူထုအမြင်မှာ သူတို့က ဦးဆောင်တောင်းဆိုပေးတယ် ဆိုတာမျိုးလည်း နောက်ကွယ်မှာ စစ်တပ်နဲ့ ငြှိနှိုင်းပြီး လုပ်လာနိုင်ပါတယ်။ ဒါတွေဟာ ယုံကြည်စရာကောင်းတဲ့ မဲဆွယ်မှု မဟုတ်ဘူးဆိုတာကို ၂၀၁၀ အထွေထွေရွေးကောက်ပွဲနဲ့ လက်ရှိအနေအထားကို ပြန်နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိမြင်နေရပါတယ်။ 

၂၀၁၀ ရွေးကောက်ပွဲကနေ ၂၀၂၁ အထိ ၁၀ နှစ်ကျော် အချိန်ယူတည်ဆောက်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အခင်းအကျင်းဟာ အားကောင်းခဲ့ပေမယ့်လည်း စစ်အာဏာရှင်တွေရဲ့ သန္ဓေမမှန်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရှင်သန်ရတာဖြစ်တဲ့အတွက် အာဏာမက်တဲ့ မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်တပ်ကြောင့် လက်ရှိကာလမှာ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်မီးတောက်လောင်ပြီး ပြည်သူတရပ်လုံး ဒုက္ခပင်လယ်ဝေနေခဲ့ရတာပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေကြောင့် မျိုးစေ့မမှန်လို့ ရှင်သန်ကြီးထွားခြင်းမရှိတော့တဲ့ အတုအယောင် ဒီမိုကရေစီကို အခုလို စစ်အာဏာရှင်အမြစ်ပြတ်ရှင်းလင်းနိုင်မယ့် လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာချိန်မှ စစ်ကောင်စီအသုံးချခံ ပါတီတွေက ပြည်သူလူထုနဲ့ နိုင်ငံအတွက် အထိအခိုက်နည်းအောင် ရယူပေးမယ်ဆိုတဲ့ စည်းရုံးသိမ်းသွင်းမှုတွေဟာ စစ်အာဏာရှင်တွေရဲ့ ထွက်ပေါက်လို့ ထင်နေတဲ့ တံခါးကို ဆွဲကူဖွင့်ပေးနေကြခြင်းသာဖြစ်ပါတယ်။

အာဏာသိမ်းစဉ်ကနေ လက်ရှိအချိန်အထိ လမ်းမထက်မှာရော လက်နက်ကိုင်ကာလမှာရော တော်လှန်ရေးအတွက် အသက်ပေးသွားကြရသူတွေ၊ ဘဝပေးသွားရသူတွေ၊ အမှန်တရားအတွက် စည်းစိမ်ဥစ္စာနဲ့ ရာထူးဂုဏ်ရှိန်ကို စွန့်ပစ်ခဲ့ကြသူတွေ၊ CDM တွေ၊ အနုပညာသမားတွေ၊ ထောင်ထဲမှာ နှိပ်စက်ဒုက္ခခံနေရသူတွေနဲ့ အသက်ကိုရင်းပြီး မြေပြင်မှာတိုက်ပွဲဝင်နေကြသူတွေ စသဖြင့် များစွားသော စွန့်လွှတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် ကြီးစိုးဗိုလ်ကျလာတဲ့ စစ်အာဏာရှင်တွေကို အပြီးသတ် ကျရှုံးအောင် လုပ်ဆောင်နေကြခြင်းဖြစ်ပြီး အောင်မြင်မှုပန်းတိုင်ရဲ့ လက်တစ်ကမ်းကိုလည်း ရောက်ရှိနေပြီဖြစ်ပါတယ်။ 

စစ်အာဏာရှင် စနစ်ဆိုးနဲ့ မြန်မာနိုင်ငံဟာ မင်းအောင်လှိုင် လက်ထက်မှာ ပြီးဆုံးပြီး နောက်မြှီးဆွဲ နိုင်ငံရေးမလိမ့်တပတ်တွေရဲ့ အနာဂါတ်ဟာလည်း အာဏာရှုး စစ်ရှုံးမင်းအောင်လှိုင်နဲ့ အတူ ဘယ်အချိန် နေဝင်ပြီး ဘယ်လို နိဂုံးချုပ် သွားမလဲဆိုတာကိုသာ ဆက်လက်စောင့်ကြည့်ကြရပါတော့မှာပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဘုရားဒကာ ထင်နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ ကိုယ့်ကိုယ်ကို ကယ်တင်ရှင်ထင်နေကြတဲ့ စစ်အာဏာရှင် လက်ပါးစေတွေကတော့ တော်လှန်ရေးနဲ့ ပြည်သူလူထုကို လျော့တွက်နေကြဆဲဖြစ်ပါတယ်။  

Red News Agency

By Editor