ရပ်/ကျေး NLD ပါတီ ရုံးဖွင့်ထားသူ မိသားစု(၈) ဦး အသတ်ခံရ

RNA_ဇန်နဝါရီ (၁၅)၊၂၀၂၃ ခုနှစ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီ ရပ်/ကျေးရုံး ဖွင့်လှစ်ထားသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာတွင် အသက် (၆) နှစ်အရွယ် ကလေးငယ် (၁) ဦးအပါအဝင် ဦးကျော်လှိုင်တို့ မိသားစု (၈) ဦး သတ်ခံရကြောင်း သိရသည်။

” ကျေးရွာနေ NLD ပါတီ ထောက်ခံသည့်မိသားစုများ ဖြစ်ကြသည့် ဦးကျော်လှိုင်နှင့် ဒေါ်မြညွှန့်တို့ နှစ်ဦးအပါ အဝင် မိသားစုဝင် ရှစ်ဦးအား ဓားဖြင့် မွှမ်းထားသည့် ဒဏ်ရာများအပြင် လည်လှီးထားသည့်ပုံစံများဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က ယနေ့ ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် (၁) နာရီ (၃၀) မိနစ် ဝန်းကျင်က ငါးမြောင်ရွာမှ ဦးကျော်လှိုင် + ဒေါ်မြညွန့် (၇၀ နှစ်)၊ ဦးတင်မျိုးဝင်း (၄၅ နှစ်ဝန်းကျင်)၊ ဒေါ်နှင်းမြခိုင် (၄၀ နှစ် ဝန်းကျင်)၊ မစုမြတ်စံ (၁၅ နှစ်)၊ မသိမ့်ရွှေဘုံစံ (၁၂ နှစ်) သားဖြစ်သူ ခန့်ဇေယျာမျိုး (၆ နှစ်)၊ အမဖြစ်သူ ဒေါ်နှင်းမြလှိုင် (၄၂ နှစ်) တို့ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

” ဦးတင်မျိုးဝင်းမှာ ထိုးသွင်းနှင့် လည်လှီးဓားမွှန်းဒဏ်ရာ၊ အမျိုးသမီးဖြစ်သူ ဒေါ်နှင်းမြခိုင်မှာ လည်ပင်းလှီး ဓားမွှန်းဒဏ်ရာများဖြင့် သတ်ဖြတ်ခံခဲ့ရသည်။ ဒေါ်နှင်းမြလှိုင်မှာ သတ်ဖြတ်မှုဖြစ်စဉ်အတွင်း ထွက်ပြေးစဉ် ဓားဖြင့် နောက်မှ ခုတ်ခံထားရသည့် ဒဏ်ရာဖြင့် နေအိမ်လှေကားခြေရင်း၌ သေဆုံးခဲ့ရသည်။ အသက်မပြည့်ကလေးငယ်များ ဖြစ်သည့် မစုမြတ်စံ၊ မသိမ့်ရွှေဘုံစံနှင့် မောင်ခန့်ဇေယျာတို့ကိုလည်း လည်ပင်း ဓားမွှန်းခံရသည့် ဒဏ်ရာများဖြင့် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။ သတ်ဖြတ်မှုအများစုအား ဒေသခံ ပျူစောထီးတပ်ဖွဲ့များက ကျူးလွန်ခဲ့ခြင်းဖြစ်ကာ မိသားစုဝင် ရှစ်ဦးအား တစ်ပြိုင်တည်း ရက်စက်စွာ သတ်ဖြတ်ခဲ့သည့်အပြင် နေအိမ်ရှိ တန်ဖိုးကြီး ရွှေကဲ့သို့သော လက်ဝတ်ရတနာများအပြင် ငွေများကိုပါ ယူ ဆောင်သွားကြောင်း မြေပြင်သတင်းပေးပို့ချက်များအရ သိရသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကန့်ဘလူမြို့နယ်၊ ငါးမြောင်ဒေသဝန်းကျင်တွင် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများ စိုးမိုးထားရာဒေသဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဇွန်လ ၁၃ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ထန်းတပင်ကျေးရွာအနီး ငါးမြောင်လမ်းခွဲ၌ စည်းစိမ်တိုးအမည်ဖြင့် စက်သုံးဆီရောင်းဝယ်ရေးဆိုင် ဖွင့်ထားသည့် ဦးကျော်အောင်နှင့် ဒေါ်မြင့်ကြည်တို့အား စစ်ကောင်စီနှင့် ပျူစောထီးများက ရက်ရက်စက်စက် ယခုဖြစ်စဉ်အတိုင်း သတ်ဖြတ်ပြီး ငွေကျပ် ရှစ်သိန်း၊ ဆိုင်ကယ်တစ်စီး၊ နားကပ်တရံအပြင် ဓာတ်ဆီပုံးများ၊ အစား အသောက်များ ယူဆောင်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor