ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူး မသီရိရတနာ၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ကို စစ်ကောင်စီလက်အောက်ခံ အိုးဘိုထောင်တွင်းတရားရုံးမှ ထောင်ဒဏ်(၂၂)နှစ်စီ ယနေ့ ချမှတ်ခဲ့ကြောင်း သိရသည်။

 

မတရား ဖမ်းဆီးခံခဲ့ရသည့် မသီရိရတနာ၊ ကိုအောင်မျိုးကိုနှင့်ကိုကျော်ဇင်လတ်တို့ကို စစ်ကောင်စီလက်အောက်ခံများက ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့က ဖမ်းဆီးခဲ့ပြီး၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် မတရားစွပ်စွဲခံရပြီး ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် (၁၅) နှစ်၊ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် (၇) နှစ် စုစုပေါင်း ထောင်ဒဏ် (၂၂) နှစ်စီ ချမှတ်သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

အကျဉ်းထောင်တွင်း နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်ခံရသည့် ဖမ်းဆီးခံ ဗကသကျောင်းသားရဲဘော်များသည် အဖိနှိပ်ခံနိုင်ငံရေးအကျဉ်းသားများ၏ လူ့အခွင့်အရေး ဆုံးရှုံးနေမှုများအတွက် ထောင်တွင်းတိုက်ပွဲများကို ဦးဆောင်ဆင်နွှဲတိုက်ပွဲဝင်ခဲ့ကြကြောင်း၊ စစ်ကောင်စီ၏ တရားမျှတမှုနှင့်ပွင့်လင်းမြင်သာမှုမရှိသည့် တရားရေးမဏ္ဌိုင်ကို အယုံကြည်မရှိသည့်အတွက် တရားရေးစနစ်ကို ဆန့်ကျင်သပိတ်မှောက်လျက်ကြောင်း၊ ‌အကျဉ်း ထောင်များအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင်ကျောင်းသားရဲဘော်(၃၀)ကျော်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor