RNA_နိုဝင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်းယုံကျေးရွာစာသင်ကျောင်းအတွင်း ကျောင်းသား၊ ကျောင်းသူများရှိနေချိန်နှင့် ဘုန်းတော်ကြီးကျောင်းအတွင်း နိုဝင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းက ချောတိုင်တက်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက် အာဏာသိမ်းစစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် နေရာတွင် ပွဲချင်းပြီးသေဆုံးသူများအပါအဝင် ဆေးဝါးကုသမှု မလုပ်နိုင်သည့်အတွက် ထပ်မံသေဆုံးသူများရှိနေပြီး သေဆုံးသူ (၅၀) ကျော်သွားပြီဖြစ်ကြောင်း သိရသည်။
အင်းယုံ ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတွင် ကပ်လျက်အနေအထားဖြစ်ပြီး ချောတိုင်တက်ပွဲအား ကျောင်းသူ ကျောင်းသားများ ကြည့်ရှုနေချိန် စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို လေကြောင်းဗုံးကြဲခြင်း၊ လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့် ပစ်ခြင်း၊ မြေပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အသေခံ ဒရုန်းများအသုံးတိုက်ခိုက်ခြင်းများကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည့်အတွက် ကလေးငယ်များအပါအဝင် သေဆုံးသူ (၅၀) ကျော်သွားသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရသည်။


လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း လသားအရွယ် ကလေးငယ်များအပါအဝင် ပြည်သူ ၄၀ ကျော်သေဆုံးပြီး သရက်ခရိုင် ရင်း ၅မှ ရဲဘော် (၁၀) ဦးခန့်လည်း ကျဆုံးခဲ့ရကြောင်း၊ အာဏာသိမ်းစစ်တပ်သည် နီးစပ်ရာ ဆေးရုံများတွင် ပိတ်ဆို့ထားသည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူများ ဆေးရုံးသွားရန် အခက်အခဲများရှိနေကြောင်း ဒေသခံတဦးထံမှ သိရသည်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ် (စစ်အုပ်စု) ၏ အကြမ်းဖက်နှိမ်နင်းရေးနှင့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် မြန်မာနိုင်ငံသည် ဂျီနိုဆိုက်ကျူးလွန်သည်ဟု နိုင်ငံတကာတရားရုံး (ICJ) က နိုဝင်ဘာ (၁၉) ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။
မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်မှစတင်ကာ ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းပြီးနောက် စစ်အုပ်စုသည် နွေဦးတော်လှန်ရေး ကာလအတွင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများစွာကို ကျူးလွန်ထားပြီး ယခု ဂျီနိုဆိုက်ကျူးလွန်သည်ဟု နိုင်ငံတကာတရားရုံး (ICJ) အမိန့်ချပြီးသည့်နောက်မှာလည်း ဆင်ပေါင်ဝဲမြို့နယ်၊ အင်းယုံကျေးရွာတွင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ထပ်မံကျူးလွန်ခြင်းဖြစ်သည်။
#REDNEWS #RedNewsAgency #RNA #Magway