RNA_နိုဝင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။
စစ်ကိုင်းတိုင်း မန္တလေး-ဗန်းမော်ကားလမ်းမပေါ်ရှိ စစ်အုပ်စုတပ်စခန်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၇) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ယနေ့ (နိုဝင်ဘာ ၂၈ ရက်) တွင် ထုတ်ပြန်ထားသည်။
စစ်အုပ်စု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၄၈) ခြေလျင်တပ်ရင်းမှ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် မန္တလေး-ဗန်းမော်ကားလမ်းမကြီးတစ်လျှောက် အခြေပြု စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မန္တလေး-ဗန်းမော် ကားလမ်းမပေါ်ရှိ စစ်အုပ်စခန်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ (၂၇) ရက် နံနက် (၆) နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ချိန် စစ်အုပ်စုတပ်ဖွဲ့ဝင် (၉) ဦး သေဆုံးကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်အုပ်စုထံမှ မူးယစ်ဆေးဝါးနှင့် အမျိုးသား ကာမစိတ်ကြွဆေး အမြောက်အမြားနှင့်အတူ MA-1 (၃) လက်၊ MA-3 (၁) လက်၊ 5.56 ကျည် (၃၈၇) တောင့်၊ MA ကျည်ဘောက် (၉) ဘောက်၊ Equipment (၂) ခု၊ ကျည်ကာဦးထုပ် (၃) လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ (၂၆) ရက် နံနက် (၃) နာရီခွဲဝန်းကျင်ကလည်း ကသာမြို့နယ် ဆိပ်ငူလမ်းခွဲနှင့် သဲဖြူချောင်းတို့ရှိ စစ်အုပ်စုစခန်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ (၈) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း MA-1 (၁) လက်၊ MA-2 (၁)လက်၊ MA-3 (၃) လက်၊ 5.56 ကျည် (၃၂၉) တောင့်၊ 40MM ဗုံးသီး (၁) လုံး၊ MA ကျည်ဘောက် (၂၄) ဘောက်၊ KA ကျည်ဘောက် (၁) ခု၊ လက်ပစ်ဗုံး (၅) လုံးနှင့် ခြေနင်းမိုင်း (၅) ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
မန္တလေး-ဗန်းမော် ကားလမ်းပိုင်းတစ်လျှောက် စစ်ဆင်ရေးကို ကသာခရိုင် အမှတ် (၃)၊ (၅) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း အထူးတပ်ဖွဲ့နှင့် အင်းရွာတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မဟာမိတ်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။