အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် KNLA/PDF တပ်စခန်း (၉) ခုကို သိမ်းယူနိုင်ခဲ့ကြောင်း စစ်အုပ်စု ထုတ်ပြန်

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၆ခုနှစ်။

မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် ယာယီအခြေပြု တပ်စခန်း (၉) ခုကို သိမ်းယူနိုင်ခဲ့ကြောင်း အာဏာသိမ်း စစ်အုပ်စုက ယနေ့ (နိုဝင်ဘာ ၁၀ ရက်) ထုတ်ပြန်ထားသည်။

စစ်အုပ်စု၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့နှင့် နိုဝင်ဘာလဆန်းပိုင်းကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

KNLA တပ်စခန်းများရှိသည့် မွန်ပြည်နယ် သိမ်ဖြူဇရပ် ကော်ကတ်ရွာအနီးဝန်းကျင်ရှိ တပ်စခန်း (၂) ခုနှင့် ကော်ထီးထရွာအနီးရှိ KNLA တပ်မဟာ (၁)၊ တပ်ရင်း (၃) မှာ စခန်းတို့အပါအဝင် ယာယီအခြေပြု စခန်း (၄) ခုကို သိမ်းယူရရှိခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။

ထို့ပြင် NUG PDF တပ်ဖွဲ့များရှိသည့် ပဲခူးတိုင်း ရွှေကျင်မြို့နယ်အတွင်းရှိ ပွိုင့် ၄၈၀ တောင်ကုန်းအနီး ထီးကလာချောင်းဝန်းကျင်မှ အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း (၅) ခုအား နိုဝင်ဘာ (၈) ရက်တွင် ထပ်မံသိမ်းယူနိုင်ခဲ့ကြောင်း စစ်အုပ်စု ဖော်ပြထားသည်။

နိုဝင်ဘာ (၃) ရက်မှ (၈) ရက်နေ့အထိ KNLA/PDF နှင့် စစ်အုပ်စုကြား ထိတွေ့တိုက်ပွဲများအတွင်း လက်နက်မျိုးစုံ (၉၇) လက်၊ ကျည်မျိုးစုံ (၁၂၂၈၅) တောင့်၊ Drop Bomb (၃၆၂) လုံး၊ မိုင်းမျိုးစုံ (၁၃၉) လုံး၊ (4×4) ကား ၂ စီး၊ ဒရုန်းများ၊ လက်ပစ်ဗုံးများ၊ ဗုံးသီးများ၊ ဒီတိုနေတာများ၊ ဆက်သွယ်ရေးစက်များ၊ ကွန်ပျူတာနှင့် ရုံးသုံးဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း စစ်အုပ်စုက ဆိုသည်။

KNLA/PDF တပ်စခန်းများကို သိမ်းယူနိုင်ခဲ့ကြောင်း စစ်အုပ်စု၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နှင့် KNU သတင်းပြန်ကြားရေးတာဝန်ခံတို့ကို Red News Agency က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

#RedNewsAgency #RedNews #RNA

By Editor