RNA_နိုဝင်ဘာ(၁၀)၊၂၀၂၆ခုနှစ်။
ကုလသမဂ္ဂမှ အသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်၏မွေးနေ့အား ဆုတောင်းပေးခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးယာယီတာဝန်ခံ မာသီးယပ်စ်လစ်ချာ့ဇ် (Mathias Licharz) ကို မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှုဖြင့် သတိပေးခဲ့ကြောင်း စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (နိုဝင်ဘာ ၁၀ ရက်) ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။
နိုဝင်ဘာ (၈) ရက်က ကျရောက်သည့် သမ္မတဦးဝင်းမြင့်၏ အသက် (၇၅) နှစ်မြောက် မွေးနေ့တွင် ရန်ကုန်မြို့ရှိ ဂျာမနီသံရုံးအကြီးအကဲက တာမွေမြို့နယ်ရှိ ဦးဝင်းမြင့် ယခင်နေထိုင်ခဲ့သည့် တိုက်ခန်းရှေ့၌ မွေးနေ့ဆုတောင်း မှတ်တမ်း ဗီဒီယိုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် သမ္မတဦးဝင်းမြင့်ကို စစ်အုပ်စုက ပြီးခဲ့သည့် ဧပြီလတွင် အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ၎င်းနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ရရန် နေပြည်တော်သို့ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ယနေ့အချိန်ထိ မရရှိသေးကြောင်း၊ ဦးဝင်းမြင့်အနေဖြင့် အမှန်တကယ် လွတ်လပ်ခွင့်မရရှိသေးဟု ကောက်ချက်ချနိုင်ကြောင်း မာသီးယပ်စ်လစ်ချာ့ဇ်က ပြောကြားထားသည်။
ယင်းကဲ့သို့ ဂျာမနီသံရုံး Facebook စာမျက်နှာတဆင့် ဗီဒီယိုမှတ်တမ်းထုတ်လွှင့်ခဲ့မှုအပေါ် စစ်အုပ်စုက ၎င်းတို့အား စော်ကားသည်ဟု မှတ်ယူကြောင်း၊ ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ဗီဒီယိုရိုက်ကူး ထုတ်လွှင့်မှုသည် ပြည်တွင်းမငြိမ်မသက်ဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်အကြည်ညိုပျက်စေရန် အားပေးလှုံ့ဆော်ခြင်းဖြစ်ကြောင်း စစ်အုပ်စုက စွပ်စွဲပြောဆိုထားသည်။
ထို့ပြင် စစ်အုပ်စုက ၎င်းတို့နှင့် လက်တွဲဆောင်ရွက်မှု မပြုလုပ်လိုခြင်းနှင့် မြန်မာနိုင်ငံ၌ ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်လိုပါက ၎င်းတို့အနေဖြင့် တားမြစ်မည်မဟုတ်ကြောင်း၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုနေခြင်းကို လက်ခံမည်မဟုတ်ကြောင်း စစ်အုပ်စုက ပြောဆိုခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို စစ်အုပ်စုက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း အများအပြည်သူနှင့် လွတ်လပ်စွာ တွေဆုံခွင့်မပြုသည့်အပြင် နေပြည်တော်ရှိ ၎င်း၏ နေအိမ်ဝန်းကျင်၌လည်း လုံခြုံရေးတင်းကြပ်မှုများ လုပ်ဆောင်ထားကာ ဦးဝင်းမြင့်နှင့် တွေ့ဆုံခွင့်ရလိုပါက ၎င်းတို့က ခွင့်ပြုချက်တောင်းခံရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် နီးစပ်သူများထံမှ သိရသည်။
#RedNewsAgency #RedNews #RNA