ရှမ်း-မန်းစစ်ဆင်ရေးမှာ မြင်တွေ့ရတဲ့ တော်လှန်ရေး သင်္ခန်းစာ

“NLA နဲ့ မန္တလေး PDF တပ်တွေ ကျောက်မဲ၊ နောင်ချို၊ မတ္တရာ၊ မိုးကုတ် မှာတိုက်ပွဲဝင်နေကြတယ်။ ကျန်နေတဲ့ တိုင်းစစ်ဌာနချုပ်လားရှိုးကို MNDAA စတဲ့ မဟာမိတ်တပ်တွေက စစ်ကူပေးမရအောင် ဝင်ထိန်းလိုက်တယ်။ ရလဒ်ကအောင်မြင်မှုတွေဆိုတာ မျက်မြင်ပဲ ဖြစ်တယ်”

မောင်ဝိ – Wiper

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေကစပြီး TNLA နဲ့ မန္တလေး PDF ဦးဆောင်တဲ့ တပ်တွေက ရှမ်း-မန်း စစ်ဆင်ရေးဆင်နွှဲခဲ့တယ်။ ရှမ်းပြည်နယ်ထဲက ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးစတဲ့ မြို့တွေကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ့ရတယ်။ ၁၀၂၇ တကျော့ပြန်တိုက်ပွဲက အဖွင့်လှတယ်ပြောရမယ်။ နောင်ချိုမြို့နယ်ထဲက ခမရ ၁၁၅ လက်နက်ချတယ်၊ ခမရ ၁၁၄ ကိုသိမ်းပိုက်တယ်။လက်ကျန် ဒုံးတပ် ၆၀၆ ကိုအပြီး သတ်ချေမှုန်းနေတာတွေ့တယ်။

အခုလို တပ်ရင်းတွေကို ရက်ပိုင်းအတွင်းတိုက်ပြီး၊ တပ်ရင်းတွေကို ခနအတွင်း သိမ်းနိုင်တယ်ဆိုတာ မဟာမိတ်တပ်တွေရဲ့အကူအညီများစွာပါတယ်ဆိုတာ သိစေလိုပါတယ်။ တိုက်ခိုက်တဲ့ တပ်ဖွဲ့တွေကိုကြည့်ရင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နဲ့ အလယ်ပိုင်းက လူငယ်တွေဖြစ်တဲ့ မန္တလေး PDF တပ်တွေ ဖြစ်တာတွေ့ရတယ်။ နောက်ထပ်လည်း မဟာမိတ် တပ်တွေရှိပါသေးတယ်။ အခုလို မဟာမိတ်တပ်တွေ ပေါင်းစပ်လုပ်ကိုင်တဲ့အတွက် စစ်ရေးကအရှိန်အဟုန်နဲ့ တိုးတက်တာ မြင်တွေ့ရတယ်။

ပေါင်းစပ်ညှိနှိုင်းခြင်းကြောင့် မဟာဗျူဟာကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ပြီး တိုက်ပွဲတွင် အားသာချက်ရရှိနိုင်ခြင်း၊ အတူတကွရည်ရွယ်ချက်ဖြင့် တိုက်ပွဲဝင်သောကြောင့် ကူညီမည့်စိတ်ရှိမှုနဲ့ ယုံကြည်မှုကို တိုးတက်စေခြင်း၊ စုပေါင်းညီညာသောအဖွဲ့သည် ချက်ချင်းပြန်လည်တုံ့ပြန်နိုင်ပြီး တိုက်ပွဲရဲ့ အခြေအနေများကို အရှိန်မြန်စွာ ပြောင်းလဲနိုင်ခြင်း၊ အဖွဲ့ဝင်များရဲ့ အပြန်အလှန်ဆက်ဆံရေးကောင်းမွန်မှုကြောင့် အကြံဉာဏ်များကောင်းမွန်ပြီး အရေးပေါ်အခြေအနေများကို အမြန်ဆုံးဖြေရှင်းနိုင်ခြင်းစတဲ့ အကျိုး ကျေးဇူးတွေရလာတာကို မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ မန္တလေးPDF ရဲ့ လက်ရှိအခြေအနေကိုကြည့်ရင်သိနိုင်တယ်။

သိသာတဲ့ သာဓက တခုပြောရရင် တပ်ဖွဲ့တခုမှာ စစ်ရေးဗျူဟာ အားသာတဲ့သူရှိမယ်။ နောက်တဖွဲ့မှာ လက်နက်အင်အားရှိမယ်။ နောက်ထပ်တဖွဲ့မှာ လူအင်အားရှိမယ်။ စတဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တူညီတဲ့ အဖွဲ့တွေ စုပေါင်းပြီး အတူတကွ တိုက်ပွဲဝင်လိုက်တဲ့အချိန်မှာ စစ်ကောင်စီရဲ့ စခန်းတွေ၊ တပ်ရင်းတွေဆိုတာ မယုံကြည်နိုင်အောင်ခနအတွင်း လက်ရ သိမ်းပိုက်ရခဲ့တယ်။ ဒါက မဟာမိတ်တပ်တွေစည်းလုံးမှုကြောင့်ရတဲ့ ရလဒ်လို့လည်းပြောနိုင်တယ်။


မန္တလေးတိုင်းထဲက တိုက်ပွဲတွေပြန်ကြည့်ရင် စဉ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းနဲ့ ရဲစခန်း ပေါင်း ၆ ခုကို မန္တလေး PDF နဲ့ ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်ခဲ့ပြီး၊ လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိပြီး စစ်သုံ့ပန်း ၁၃ ဦး အရှင်ဖမ်းမိထားတယ်လို့ ဇူလိုင် ၃ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ မတ္တရာမြို့နယ်ထဲမှာဆိုရင် (၁၀၁၄)လေ ကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင် တပ်စခန်း၊ ရေစိုတောင် တပ်စခန်း၊ နေကျော်တောင် တပ်စခန်း၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နဲ့ Alpha ဘိလပ်မြေစက်ရုံရဲ့ စိုးမိုးကုန်းဖြစ်တဲ့ မြေနီတောင် တပ်စခန်းတွေကို သိမ်းပိုက်ရရှိထားပြီ ဖြစ်ပါတယ်။

ဆိုတော့ အခုလို တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို ရှမ်းမြောက်မှာ ထီးထီးကြီးရှိနေတဲ့ တိုင်းစစ်ဌာနချုပ်လားရှိုးက ဒီတိုင်းကြည့်နေမှာ မဟုတ်ဘူးဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ တကျော့ပြန် စစ်ဆင်ရေးရဲ့ နောင်ချို၊ ကျောက်မဲ တိုက်ပွဲတွေအတွက် စစ်တပ်က လားရှိုးကနေ စစ်ကူပေးတာ၊ လေတပ်ဆွယ်ကနေ ရဟတ်ယာဥ်နဲ့ပစ်ကူပေးတာတွေလုပ်ဆောင်နိုင်တယ်။ ဒီအခြေအနေမှာ လားရှိုးမြို့အနီး ပတ်ပတ်လည်မှာ ​စစ်ကောင်စီတပ် နဲ့ MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ် တပ်တွေအကြား ဇူလိုင် ၃ ရက် မနက်ပိုင်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်။

လားရှိုးမြို့နယ်ထဲက မိုင်းတင်ကျေးရွာအနီး၊ နမ္မဗောဒ၊ နမ့်ပေါင်၊ မြို့ရှောင်လမ်းတို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်တဲ့အပြင် ဒရုန်း၊ မစ်ဇိုင်းဒုံးတွေနဲ့ပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်တွေက သိရတယ်။ ပြောရရင်စစ်တပ်ဘက်ကလည်း လာရှိုး တိုင်းစစ်ဌာနချုပ်မကျရေး အပြင်းအထန်ခုခံသလို၊ MNDAA တပ်တွေဘက်ကလည်း တဖက်က နောင်ချို၊ ကျောက်မဲကို စစ်ကောင်စီတပ်တွေ ခြေဦးမလှည့်နိုင်အောင် တိုက်ခိုက်လာတဲ့ သဘောမှာရှိတယ်။

ဆိုတော့ လက်ရှိ ရှမ်းမြောက်က တိုက်ပွဲတွေကြည့်ပြီး သင်္ခန်းစာယူသင့်ပါတယ်။ TNLA နဲ့ မန္တလေး PDF တပ်တွေ ကျောက်မဲ၊ နောင်ချို၊ မတ္တရာ၊ မိုးကုတ် မှာတိုက်ပွဲဝင်နေကြတယ်။ ကျန်နေတဲ့ တိုင်းစစ်ဌာနချုပ်လားရှိုးကို MNDAA စတဲ့ မဟာမိတ်တပ်တွေက စစ်ကူပေးမရအောင် ဝင်ထိန်းလိုက်တယ်။ ရလဒ်ကအောင်မြင်မှုတွေဆိုတာ မျက်မြင်ပဲ ဖြစ်တယ်။


နောက်ထပ် သိသာစေတာက မတူပီမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ ချင်းညီနောင်နဲ့ ပူးပေါင်းတပ်တွေဖြစ်တယ်။ ချင်းညီနောင်ဆိုတာက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ကမှ စတင်ဖွဲ့ခဲ့တာဖြစ်တယ်။ အဖွဲ့မှာ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ဆိုတဲ့အဖွဲ့ ၆ ဖွဲ့ ပါဝင်နေတာ ထုတ်ပြန်ချက်တွေအရသိရပါတယ်။ ဖွဲ့စည်းချိန် ၆ လတာ အချိန်ကာလပဲရှိသေးတဲ့ ချင်းညီနောင်တပ်က မကွီအိမ်နူး၊ ကျင်ဒွေး၊ မတူပီ စတဲ့ ၃ မြို့ကို သိမ်းပိုက်ရရှိပြီး ဖြစ်တယ်။

ချင်းညီနောင်အဖွဲ့တွေနဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ အာရက္ခတပ်တော် AA၊ YDF၊ Yaw Army ဆိုပြီး ထပ်မံပူးပေါင်းဖွဲ့စည်းထားတယ်။ စုပေါင်းထားတဲ့ ချင်းအဖွဲ့တွေရယ်၊ ရခိုင်လူမျိုးရယ်၊ မကွေး ဒေသက ဗမာလူမျိုးတွေရယ် ပေါင်းစပ်မှုနဲ့ တိုက်ပွဲဝင်တဲ့အခါ မြို့တွေသိမ်းပိုက်ရရှိပြီး လေယာဥ်ပစ် စက်သေနတ်တွေ၊ ဟောင်ဝှစ်ဇာ အမြှောက်တွေအထိ သိမ်းပိုက်ရရှိထားတာမြင်တွေ့ရတယ်။ ခုဆိုရင် မတူပီကို ချင်းညီနောင်တပ်တွေသိမ်းပြီးနောက်ပိုင်း၊ မိုင် ၁၀၀ လောက်ဝေးတဲ့ မင်းတပ်မြို့က စစ်ကောင်စီတပ်မိသားစုဝင်တွေကို Y-8 လေယာဥ်နဲ့ ကျောက်ထုလေဆိပ်ကို ပို့လိုက်ကြောင်း ကြားသိရတယ်။ အဖွဲ့တွေစုပေါင်းလိုက်တဲ့အခါ အာဏာရှင်လက်ပါးစေတွေ အဝေးကို ထွက်ပြေးစေခဲ့တဲ့ နောက်ထပ် သင်္ခန်းစာ တခုပါ/

ဆိုတော့ အထက်က ပြောခဲ့သလို ရှမ်းမြောက်တိုက်ပွဲ၊ ချင်းပြည်နယ်အတွင်းကတိုက်ပွဲတွေ ဘာလို့ အချိန်တိုအတွင်းအောင်မြင်နေသလဲဆိုတာ သိစေလိုပါတယ်။ ဒါနဲ့အတူ အခြားသောဒေသအသီးသီးက တော်လှန်ရေး ရဲဘော်တွေအနေနဲ တပ်ဖွဲ့အချင်းချင်း၊ ရည်မှန်းချက်တူသူအချင်းချင်း ပေါင်းစပ် တိုက်ပွဲဝင်စေလိုပါတယ်။ ဒါမှသာလိုချင်တဲ့ ပန်းတိုင်ကို အမြန်ရောက်မှာဖြစ်တယ်ဆိုတဲ့အကြောင်း အကြံပြုလိုက်ရပါတယ်။ တကယ်တော့ ကျွန်တော်တို့ တိုက်နေတဲ့ အာဏာရှင်က တဖွဲ့ထဲ ဖြစ်တယ်။

#RedNewsAgency

By Editor