မြေပြန့်ဒေသရဲ့ မဟာဗျူဟာထိုးစစ်နဲ့ မန္တလေးသားတို့ရဲ့ စစ်ရေးအားကောင်းလာမှု

“နောင်ချိုမြို့ဟာ စစ်ရှုံးကောင်စီရဲ့ စစ်တက္ကသိုလ်တည်ရှိရာ မန္တလေးတိုင်းရဲ့ ပြင်ဦးလွင်မြို့နဲ့ ဆိုရင် ကားလမ်းခရီး တစ်နာရီခန့်စာလောက်သာ အကွာအဝေးရှိတော့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မန္တလေး PDF အပါအဝင် ဒေသခံ PDF တပ်ရင်း၊ ဗျူဟာတွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုတွေဟာလည်း မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့မှာ အားကောင်းစွာ တွေ့မြင်နေရပြန်ပါတယ်”

ကေဂျီ – Wiper

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ပြည်နယ်အသီးသီးက အားကောင်းတဲ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်မှုတွေဟာ ကျွန်တော်တို့လို တော်လှန်ပြည်သူအားလုံးကို များစွာကျေနပ်အားရစေမှာ ဖြစ်ပါတယ်။ ဒီလို အားရကျေနပ်မှုတွေထဲမှာမှ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းမှာ အရှိန်အဟုန်အပြင်းပြင်းနဲ့ ပါဝင်လာခဲ့တဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် – MDY PDFနဲ့ မဟာမိတ်တပ်တွေရဲ့ မန္တလေးတိုင်းအတွင်း ဖော်ဆောင်လာတဲ့ စစ်ဆင်ရေးတွေကြောင့် တော်လှန်ရေးကာလအတွင်း မြေပြန့် တိုင်းဒေသတစ်ခုရဲ့ တော်လှန်အောင်မြင်မှုကို တွေ့မြင်လာပြီမို့လွန်စွာ ကျေနပ်အားရ ဖြစ်နေရပါတယ်။

အခု စစ်ဆင်ရေး အားကောင်းလာမှုတွေကတော့ မေလ ၁၄ ရက်နေ့က မကွေးတိုင်း ကွပ်ကဲရေးရုံးဦးစီး ကျင်းပတဲ့ အကြပ်သင်တန်းဆင်းပွဲ အပတ်စဉ် ၂ မှာ NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ မြေပြန့်ဒေသမဟာဗျူဟာ ထိုးစစ်ဟာ မကြာခင် စတင်လာတော့မယ်ဆိုတာရဲ့ အစခြေလှမ်းတွေများ ဖြစ်နိုင်လားလို့လည်း တွေးမိနေပါတယ်။


မြေပြန့်ဒေသလို့ ဆိုတာကြောင့် လက်ရှိကာလမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ တိုင်းဒေသဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးကို တွဲမြင်မိနေသလို ဒီဒေသတွေကလည်း NUG အစိုးရရဲ့ PDF အမှတ် ၁ စစ်ဒေသဖြစ်ပြီး စစ်ဦးစီးချုပ်ကိုယ်တိုင်က ကချင်လူမျိုးခေါင်းဆောင်ဖြစ်ကာ KIA ရဲ့ တော်လှန်ရေးအပေါ် ကူညီထောက်ပံ့မှုတွေ အားကောင်းလှပါတယ်။ နောက်ပြီး မြောက်ပိုင်းညီနောင်သုံးဖော်ဖြစ်တဲ့ AA၊ TNLA၊ MNDAA တို့ရဲ့ ပံ့ပိုးကူညီမှုတွေကိုလည်း ရရှိနေတဲ့ အနေအထားကိုလည်း တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဦးရည်မွန်ရဲ့ အဆိုအတိုင်းသာ ဖြစ်လာခဲ့ရင်လည်း မန်းအပါအဝင် စစ်ဒေသ ၁ ရဲ့ စစ်ကိုင်း၊ မကွေးဟာ ထိုးစစ်စတင်ရာဒေသတွေ ဖြစ်လာတော့မှာ မလွဲပါဘူး။


၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းအတွင်းမှာတော့ မန္တလေး ကာကွယ်ရေးတပ်မတော်- MDY PDF ဟာ ကျောက်မဲ၊ မိုးကုတ် ၊ နောင်ချို နဲ့ မတ္တရာ စစ်မျက်နှာတွေမှာ ညီနောင်မဟာမိတ်(၃) မဟာမိတ်ပူးပေါင်းတပ်များနဲ့ လက်တွဲကာ စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိတယ်လို့ ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။ MDY PDF ရဲ့ ဇူလိုင်လ ၂ရက်နေ့ ထုတ်ပြန်ချက်မှာလည်း မန္တလေးတိုင်း မတ္တရာမြိုနယ်အတွင်းက (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း၊ ဆည်တော်တပ်စခန်း ပန်းသလဲတောင် တပ်စခန်း၊ ရေစိုတောင် တပ်စခန်း၊ နေကျော်တောင် တပ်စခန်း၊ ရွှေပုထိုး တပ်စခန်း၊ ကျောက်ခလုတ် တပ်စခန်းနဲ့ Alpha ဘိလပ်မြေစက်ရုံ စိုးမိုးကုန်းဖြစ်တဲ့ မြေနီတောင် တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ဖြစ်တယ်လို့ဆိုပါတယ်။

မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးရမိစစ်သုံပန်းနဲ့ လက်နက်ချအညံ့ခံသူ (၆၄)ဦးကို သုံပန်းဥပဒေနဲ့ အညီထိန်းသိမ်းထားတဲ့အပြင် တပ်မိသာစုဝင် ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုများပါဝင်တဲ့ စုစုပေါင်း (၁၁၇)ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ရုပ်သံတွေနဲ့တကွ ထုတ်ပြန်ထားတာတွေကတော့ အားရစရာ ကောင်းလှပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေအတွင်းမှာ ရန်သူ့လက်နက်မျိုးစုံ (၁၂၅) လက်နဲ့ ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပြီးတော့ မတ္တရာမြိုနယ် စစ်ဆင်ရေးများတွင် MDY PDFနှင့်အတူ ဒေသခံအဖွဲအစည်းဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့နဲ့ SSTF တပ်ဖွဲ့တို့ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိကြောင်း တွေ့ရပါတယ်။ ဆက်လက်ပြီးတော့လည်း သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို MDY PDF အနေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ တရားဝင် သတင်းထုတ်ပြန် ကြေညာထားပါသေးတယ်။

ဒီလိုမျိုး MDY PDF ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ဗဟိုအချက်အခြာကျတဲ့ မန္တလေးမြို့‌မြောက်ပိုင်းကနေ မိုင်၂၀ အကွာအဝေးလောက်ပဲ ရှိတဲ့ မတ္တရာမြို့မှာ ဖြစ်ပေါ်နေတာပါ။ ဒါ့အပြင် မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းကိုလည်း TNLAရဲ့ ဦးဆောင်မှုနဲ့ မန္တလေး PDF၊ ဒေသခံ မိုးကုတ်ဗျူဟာ၊ PLA စတဲ့ မဟာမိတ်တွေက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး (၆) ရက်အကြာ ဇွန်လ ၃၀ ရက်နေ့ ညနေမှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။ တဆက်ထဲမှာပဲ မန္တလေးတိုင်းအတွင်းက စဉ့်ကူးမြို့ပေါ် ဌာနဆိုင်ရာရုံးတွေကို ဇွန်လ ၃၀ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးသီး ၁၆လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပြီး  နွယ်ရုံကျေးရွာရှိရဲစခန်းကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီစစ်ဆင်ရေးကိုတော့ ပြင်ဦးလွင်ခရိုင် ဒရုန်းတာဝန်ခံနဲ့ ခရိုင်ဒရုန်းအဖွဲ့တို့က ဦးစီးညွန်ကြားပြီး သပိတ်ကျင်းမြို့နယ် ဒရုန်းအဖွဲ့၊ စဉ့်ကူးမြို့နယ် ဒရုန်းအဖွဲနဲ့ မတ္တရာမြို့နယ် ဒရုန်းအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

 

ဒါ့အပြင် TNLAနဲ့ မဟာမိတ်တပ်တွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုကို ခံနေရပြီဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချိုမြို့ဟာ စစ်ရှုံးကောင်စီရဲ့ စစ်တက္ကသိုလ်တည်ရှိရာ မန္တလေးတိုင်းရဲ့  ပြင်ဦးလွင်မြို့နဲ့ ဆိုရင် ကားလမ်းခရီး တစ်နာရီခန့်စာလောက်သာ အကွာအဝေးရှိတော့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မန္တလေး PDF အပါအဝင် ဒေသခံ PDF တပ်ရင်း၊ ဗျူဟာတွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုတွေဟာလည်း မန္တလေး တိုင်းအတွင်းက မြို့နယ်တချို့မှာ အားကောင်းစွာ တွေ့မြင်နေရပြန်ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောထားသလို မြေပြန့်ဒေသ မဟာဗျူဟာထိုးစစ်တွေဟာ အားကောင်းလာတော့မှာလား ဆိုတာနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနဲ့အတူ စတင်လာတဲ့ မန္တလေးPDF၊ ဒေသခံ PDF တပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်တို့ရဲ့ ထိုးစစ်ဆင်မှု အရှိန်အဟုန်ဟာ မန္တလေးတိုင်းအတွင်းမှာ ဘယ်လောက်အထိ ကြီးကြီးမားမားကျယ်ပြန့်သွားနိုင်မလဲ ဆိုတာကိုတော့ ကျွန်တော်တို့ တော်လှန်ပြည်သူတွေဟာ မျှော်လင့်ချက် ထက်သန်စွာနဲ့ စိတ်လှုပ်ရှားဖွယ်ရာ အနေအထားတရပ်ကို ဆက်လက် စောင့်ကြည့်ကြရဦးမှာပဲ ဖြစ်ပါတယ်။

ဒီလို သတင်းကောင်းတွေကို စောင့်မျှော်ကြရင်း တစ်ဖက်တစ်လမ်းကနေ စစ်ရှောင်၊ တိုက်ပွဲရှောင်တွေအတွက် တတ်နိုင်သမျှ၊ ကူနိုင်သမျှကို ကူညီကြစေလိုပါတယ်။ နောက်ပြီး လမ်းသွားလမ်းလာ ပြုလုပ်ကြရင်း တွေ့ကြုံရတဲ့ စစ်ရှုံးကောင်စီရဲ့ စစ်ချီ၊ စစ်တက် သတင်းတွေနဲ့ စစ်တိုက်လေယာဉ်၊ ရဟတ်ယာဉ် ဖြတ်သန်းပျံတက်မှု သတင်းတွေကို တွေ့ရင်တွေ့သလို အချိန်မဆိုင်းဘဲ တော်လှန်ရေးတပ်ဖွဲ့များဆီ သတင်းရောက်အောင် ပေးပို့ခြင်းများနဲ့ တတ်အားသမျှပါဝင်ကြရင်း လက်နက်ကိုင်မဟုတ်ဘဲ တော်လှန်ရေးရဲ့ အရေးကြီးသော တစ်ထောင့်တစ်နေရာကို ဖြည့်ဆည်းခြင်းဖြင့် ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်း လိုက်ရပါတယ်။

#RedNewsAgency

By Editor