လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ယင်းမာပင်ခရိုင်အတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် မလွယ်ကူသေးဟုပြောကြား

RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်းအတွင်းရှိ ကနီမြို့၊ ယင်းမာပင်မြို့၊ ဆားလင်းကြီးမြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် လူအင်အားရှိသော်လည်း လက်နက်ခဲယမ်း လုံလောက်မှု မရှိသည့်အတွက် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန် မလွယ်ကူသေးကြောင်း ကျားသစ်နက်တပ်မတော် – Black Leopard Army တာဝန်ခံ ကိုဥက္ကာက ပြောကြားထားသည်။
 
ယင်းမာပင်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများ အထိုင်ချနေသည့် စုပေါင်းရုံးနှင့် ရဲစခန်းတို့ကို မေလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ယင်းမာပင်ခရိုင်တပ်ရင်း (၁၁) ကျားသစ်နက်တပ်မတော် Black Leopard Army၊ ချင်းတွင်းဒိုင်းနပိုက်၊ တောင်ပံနီ၊ Brother Defense Force၊ ဒေါင်းမင်း တပ်ခွဲ (၂) စသည့် ပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်း ၂ ကြောင်းခွဲကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြေင်း သိရသည်။

“ ယင်းမာပင်ခရိုင်မှာ တပ်ရင်းပေါင်း ၃၈ ရင်းရှိတယ်၊ အခြား LDFs တွေလည်းအများကြီးရှိတယ်၊ အင်အားအနေနဲ့တော့ သူတို့မှာရှိတဲ့အင်အားထက် အဆပေါင်း များစွာရှိနေပါတယ်။ သို့သော် ကျနော်တို့က ဒီအင်အားတွေနဲ့ လူလူချင်း ဓါးချင်းယှဉ်ခုတ်ရတာ မဟုတ်ဘူး။ တုတ်တုတ်ချင်းယှဉ် ရိုက်ရတာမဟုတ်ဘူး၊ လက်နက်နဲ့ယှဉ်ကြရတာဖြစ်တယ်။ ဟိုရှေ့ခေတ်ကလို တုတ်ဓါးတွေ အချင်းချင်းသာ တိုက်ရရင် ဒီပွဲပြီးတာကြာပေါ့။ အဲတော့ ပြောချင်တာက အဓိကလိုနေတာ လက်နက်ပါ။ အဖြေက ရှင်းပါတယ်ဗျ တုတ်တုတ်ချင်း ဓါးဓါးချင်း သေနတ် သေနတ်ချင်းဆို ဒီပွဲပြီးနေတာကြာပြီ။ ပွဲသိမ်း ခရာသာ မှုတ်ဖို့ ပါးစပ်မှာ တပ်ထားကြပါလို့ ပြောချင်ပါတယ်ဗျ” ဟု ကိုဥက္ကာက ပြောကြားထားသည်။
 
ယင်းမာပင်ခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများအနေဖြင့် စုဖွဲ့မှု၊ လေ့ကျင့်မှု၊ တပ်ဆင်မှု၊ ဗျူဟာစုဖွဲ့မှုများစသည်တို့ကို ဘက်ပေါင်းစုံမှ ကြိုးစားပြင်ဆင်နေကြကြောင်း၊ လေ့ကျင့်မှုပြီးမြောက်ပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော ရဲဘော်များစွာရှိကြောင်း၊ ယခုအချိန်ထိ တိုက်ပွဲထွက်ပါက သေနတ် အစစ် (၅) လက်ပါရှိသည့် တိုက်ပွဲတွင် လက်လုပ်သေနတ် ၁၀ လက်ခန့်အထိ ညှပ်ပြီး သုံးနေကြရကြောင်း၊ လူအင်အားအရသာ အသာစီးရရှိနေပြီး လက်နက်လိုအပ်ချက်များက ရှိနေသေးသည့်အတွက် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန် လိုအပ်နေသေးခြင်းဖြစ်သည်ဟု ပြောသည်။
 
#RedNewsAgency
By Editor