လူမျိုးပေါင်းစုံပြည်သူလူထုနှင့် အာရက္ခနိုင်ငံသစ်

“မြေပြန့်မြန်မာ ဖိနှိပ်ခံလူတန်းစားတွေအပါအဝင် လူမျိုးစုအားလုံးက အာရက္ခတပ်တော်ကို ထောက်ခံဖို့ တိုက်တွန်းချင်တာပါ။ ရိုဟင်ဂျာလူမျိုးတွေလည်း အာရက္ခတပ်တော်ကို ထောက်ခံပံ့ပိုးဖို့လိုပါတယ်။ ဒီတော်လှန်ရေးကာလမှာ အာရကန်ဘက်ကဝင်ကူပြီး တိုက်ပေးတဲ့ ရိုဟင်ဂျာတွေရှိရင် နောင်ဖြစ်လာမယ့် နိုင်ငံသစ်မှာ လူနည်းစုအခွင့်အရေး အပြည့်အဝရရှိဖို့ တောင်းဆိုရတာ ခက်ခဲမယ်မထင်ဘူး”
အာရကန်လူမျိုးတွေ တော်လှန်ရေးလုပ်ရတဲ့အကြောင်းအရင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ နိုင်ငံတနိုင်ငံ ထူထောင်နိုင်ဖို့အထိ ရည်ရွယ်ပါတယ်။ နှစ်ပေါင်းများစွာ သူတပါးလက်အောက်ခံဘဝနဲ့ နေထိုင်လာခဲ့ရတာကို အာရကန်လူမျိုးတွေက စိတ်ပိုင်းဆိုင်ရာအရ နာကြည်းခါးသီးနေခဲ့တာပါ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက် အာရက္ခတပ်တော် ( ULA / AA) ကို အားကောင်းအောင် တည်ဆောက်ပြီး အာရက္ခပြည် လုံးဝလွတ်မြောက်ရေးကို ဦးတည်တိုက်ပွဲဝင်နေပါတယ်။
ဒီအခြေအနေတွေကို ကျနော် နားလည်ထားသလို သုံးသပ်ရရင် လက်ရှိ ပြည်သူအားလုံး မုန်းတီးနေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုပြိုလဲသွားမှသာ အာရက္ခနိုင်ငံသစ်ကို တည်ထောင်နိုင်မှာဖြစ်တယ်။ မင်းအောင်လှိုင် စစ်အုပ်စုကို အာရက္ခပြည်ထဲကနေ မောင်းထုတ်ရုံသာမက ဘေးပတ်ဝန်းကျင်ဒေသတွေကနေ ပြန်လည်ထိုးဖောက်ဝင်ရောက်မလာနိုင်အောင်လည်း တိုက်နိုင်ဖို့လိုတယ်။
ပြည်ထောင်စုတည်ဆောက်မယ် စဥ်းစားထားတဲ့ လူမျိုးစုတော်လှန်ရေးအင်အားစုအားလုံးရဲ့ နယ်မြေမှာ စစ်ကောင်စီကင်းစင်ဖို့ လိုတယ်။မြေပြန့်ဒေသမှာလည်း စစ်ကောင်စီရပ်တည်လို့မရအောင် အဆုံးသတ်တိုက်ထုတ်ဖို့ လိုတယ်။ဗမာ့နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အလုံးစုံကို ထပ်ပြီး မကြီးစိုး မခြယ်လှယ်တော့အောင် ပြတ်ပြတ်သားသား တိုက်ပွဲဆင်နွှဲရမယ်။

နောက်တဆင့်ကျမှ အာရကန်အပါအဝင် လူမျိုးစုတော်လှန်ရေးအင်အားစုတွေအနေနဲ့ ကိုယ်တည်ဆောက်ချင်တဲ့ မိုဒယ်နဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့ အင်အားအလုံးအရင်းသုံးပြီး ကြိုးစားလာကြမယ်လို့ ယူဆပါတယ်။ အခုအဆင့်ကတော့ စစ်အုပ်စုကို ပြတ်ပြတ်သားသား တိုက်နေတဲ့အဆင့်ပဲဖြစ်ပါတယ်။ဒီအဆင့်မှာ ကျနော်တို့အနေနဲ့ အာရက္ခတပ်တော် (AA) ဘက်ကို ပြတ်ပြတ်သားသား ထောက်ခံရပ်တည်ဖို့ လိုပါတယ်။

ကျနော်တို့လို့ ဆိုရာမှာ မြေပြန့်မြန်မာ ဖိနှိပ်ခံလူတန်းစားတွေအပါအဝင် လူမျိုးစုအားလုံးက အာရက္ခတပ်တော်ကို ထောက်ခံဖို့ တိုက်တွန်းချင်တာပါ။ ရိုဟင်ဂျာလူမျိုးတွေလည်း အာရက္ခတပ်တော်ကို ထောက်ခံပံ့ပိုးဖို့လိုပါတယ်။ ဒီတော်လှန်ရေးကာလမှာ အာရကန်ဘက်ကဝင်ကူပြီး တိုက်ပေးတဲ့ ရိုဟင်ဂျာတွေရှိရင် နောင်ဖြစ်လာမယ့် နိုင်ငံသစ်မှာ လူနည်းစုအခွင့်အရေး အပြည့်အဝရရှိဖို့ တောင်းဆိုရတာ ခက်ခဲမယ်မထင်ဘူး။ ဒီကနေ့ တိုက်ပွဲကြားမှာလည်း အာရက္ခတပ်တော်က ရိုဟင်ဂျာမွတ်စလင်ပြည်သူတွေကို ကူညီကယ်ဆယ်နေတာကို တွေ့ရပါတယ်။ မိုခါလေမုန်းတိုင်းကာလကလည်း သူတို့ကို ဘေးလွတ်ရာ ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့တာ အာရကန်စစ်သားတွေပဲဖြစ်ပါတယ်။
လူမျိုးပေါင်းစုံ ပြည်သူလူထုနေထိုင်တဲ့ အာရက္ခနိုင်ငံတော်သစ်ကို ဒီမိုကရေစီစံနှုန်းတွေနဲ့ အညီ စီမံခန့်ခွဲဖို့ အာရက္ခတပ်တော်ဘက်ကလည်း ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ယုံကြည်ပါတယ်။ စစ်အုပ်စုကို တိုက်နေတဲ့အချိန်မှာ ပြည်သူလူထုနဲ့ နိုင်ငံတကာက အထင်အမြင်လွဲမှားအောင် ဖန်တီးနေတဲ့ အပြောအဆို အပြုအမူ အရေးအသားတွေ၊ ဆိုရှယ်မီဒီယာပေါ်က အခြေအမြစ်တိတိကျကျမရှိတဲ့ ပြစ်တင်စွပ်စွဲချက်တွေသုံးပြီး တော်လှန်ရေးအရှိန်တန့်အောင် လုပ်ဆောင်နေတာတွေကို စိတ်မကောင်းစွာ တွေ့မြင်နေကြရပါတယ်။
အာရက္ခတပ်ထဲရောက်နေတဲ့ ရိုဟင်ဂျာလူမျိုးစု တပ်မှုးတပ်သားတွေကလည်း အဖြစ်မှန်ကို ပြည်သူတွေ သိရှိနားလည်အောင် ရှင်းပြပေးဖို့လည်း လိုအပ်နေပါတယ်။ စစ်ပွဲအတွင်း ပိတ်မိတဲ့ အရပ်သားပြည်သူတွေကလည်း AA က ဘယ်လို ကယ်ဆယ်ပေးခဲ့သလဲ၊ သူတို့အပေါ် AA က ဘယ်လိုသဘောထားသလဲဆိုတာ မီဒီယာတွေကတဆင့်ဖြစ်စေ ပြန်လည်ရှင်းပြပေးသင့်ပါတယ်။
အာရက္ခနိုင်ငံသစ်ကို အာရကန်လူမျိူးတမျိုးတည်းမဟုတ်ဘဲ သက်၊ခမွီ၊ ဒိုင်းနက်၊ မရို၊ ကမန်၊ မာရမာကြီး၊ရိုဟင်ဂျာတွေ စုပေါင်းပြီးတည်ဆောက်ကြရမှာဖြစ်သလို အာရက္ခပြည်မှာ အခြေချနေထိုင်နေတဲ့ ချင်း၊မြန်မာ၊တရုတ်တွေလို အခြားလူမျိုးစုတွေကလည်း အာရက္ခတော်လှန်ရေးအစိုးရအောက်မှာ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံသားတာဝန်တွေ မျှမျှတတ ရရှိအောင် နေထိုင်ကျင့်သုံးရမှာဖြစ်ပါတယ်။ တော်လှန်ရေးတိုက်ပွဲကို အားနည်းချိနဲ့အောင် သတင်းတု သတင်းမှား အမုန်းစကားတွေဖြန့်ဖြူးနေတဲ့ လုပ်ရပ်တွေကိုလည်း တပြိုင်နက်တည်းမှာ ဆင်ခြင်သတိထားရမှာဖြစ်ကြောင်း…။
ကျော်ကိုကို
၂၀ မေ ၂၀၂၄ – လွတ်မြောက်ဒေသ တနေရာ။
Red News Agency
By Editor