သူတလူ ငါတမင်းနဲ့ စစ်ကောင်စီကို ဗျင်းနေကြပြီ…….

“တွဲအားလုံးက ခေါင်းဖြစ်နေတာကြောင့် အကြမ်းဖက်စစ်တပ်ကို အချိန်ပြည့် နေရာအနှံ့က ထိုးနှက်တိုက်ခိုက် နေတာကတော့ တော်လှန်ရေးအတွက် အားသာချက်တခုပဲ။ သို့ပေမယ့် လက်ဝှေ့ပွဲတခုလို ထိချက်ပြင်းပြင်းတွေနဲ့ ထိုးနှက်ထားနိုင်ပေမယ့် အသည်းကောင်းတဲ့ ပြိုင်ဘက်အတွက် ပွဲသိမ်းတိုက်ကွက်တခု တော့လိုနေပြီ”

ရန်နိုင်

နွေဦးတော်လှန်ရေးကာလအတွင်း ပါဝင်သူအားလုံးဟာ အမှန်တရားမြတ်နိုးသူ အာဏာရှင်စနစ်ကို မလိုလားတဲ့အတွက် ရရာနည်းနဲ့ အားကုန်သုံးပြီး လုပ်ဆောင်နေကြသူများ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုများမှာတော့ တွဲအားလုံးမှာ ခေါင်းပါတဲ့ ရထားတွဲကြီး ဖြစ်နေတာကြောင့် စစ်ကောင်စီအတွက်တော့ ဦးတည်တိုက်ခိုက်ရမယ့် အဖွဲ့အစည်းရယ်လို့မရှိပဲ တနိုင်ငံလုံးကို စစ်မျက်နှာဖွင့် တိုက်ခိုက်နေရတာ မျက်မြင်ပဲဖြစ်တယ်။ တနိုင်ငံလုံးတိုက်နေရတော့ စစ်ကောင်စီအတွက် အားကုန်ချိနဲ့နေတာလဲ မျက်မြင်ပဲဖြစ်တယ်။

တော်လှန်ရေးအစမှာ မြို့ပြပြောက်ကျားအဖွဲ့တွေအတွက် အရေးပါတဲ့ခေါင်းဆောင် တယောက်အဖြစ် စစ်ကောင်စီက စွပ်ဆွဲပြီး ကို‌ဇေယျာသော်ကို ကွပ်မျက်လိုက်တယ်။ ဒါပေမယ့်လည်း စစ်ကောင်စီမျှော်လင့်သလို မြို့ပြပြောက်ကျားအဖွဲ့က ရပ်တန့်မသွားပဲ ပိုတိုးပြီးအားကောင်းနေဆဲ။ တစ်ဦးတစ်ယောက် ဦးဆောင်မှုနဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေခြင်းမဟုတ်တာကြောင့် တော်လှန်ရေးက ဆက်လက် အားကောင်းနေမှာပဲဖြစ်တယ်။

သပိတ်အင်အားစုတွေကိုလည်း စစ်တပ်က စစ်ရာဇဝတ်မှုဆန်ဆန် အကြမ်းဖက်သတ်ဖြတ်နေပေမယ့် ခုချိန်ထိ ရပ်တန့်မသွားသည်က အားလုံးမှာဦးဆောင်နိုင်စွမ်းရှိတဲ့ သက်သေတွေပဲဖြစ်တယ်။ အကြမ်းဖက် စစ်တပ်က ဘယ်လိုပဲနှိမ်နင်းပါစေ ဦးဆောင်သူအသစ်အသစ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက အားကောင်းနေဆဲပဲဖြစ်တယ်။

တော်လှန်ရေးအစကတည်းက မြေပြင်တိုက်ပွဲတွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထင်ရှားတဲ့ ခေါင်းဆောင် အချို့ကျဆုံးခဲ့ပေမယ့် တိုက်ပွဲတွေက ရပ်တန့်ဖို့အချိန်ပင်မရှိခဲ့ပေ။ ကရင်ပြည်နယ်မှာလည်း ကျဆုံးခေါင်းဆောင်တွေ ရှိနေပေမယ့်လည်း ယနေ့အချိန်ထိ တော်လှန်ရေးတပ်ဖွဲ့တွေကအောင်မြင်မှုတွေနဲ့ နယ်မြေတွေကို ထိန်းချုပ်ထားနိုင်လာဆဲဖြစ်တယ်။ စစ်ကောင်စီရဲ့ တပ်စခန်းတွေသာ တခုပြီးတခု ဆုံးရှုံးနေသပြီး အလံဖြူလက်နက်ထောင်သူတွေနဲ့ ဖရိုဖရဲဖြစ်လာနေတယ်။

တိုင်းရင်းသားတွေ ထိန်းချုပ်တဲ့နယ်မြေတွေမှာဆိုရင်လည်း သက်ဆိုင်ရာခေါင်းဆောင်တွေက တာဝန်ယူပြီး အကြမ်းဖက်စစ်တပ် ကုန်စင်တဲ့အထိ တိုက်ထုတ်နေကြတယ်။ ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ ကချင်တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေကလည်း တပ်စခန်းပေါင်းများစွာကို သိမ်းယူနိုင်နေလိုက်တာ စစ်ကောင်စီအတွက် ဝါဒဖြန့်လိမ်ညာဖို့ပင်အချိန်မရတော့ပေ။ နှစ်ပေါင်း ၆၀ကျော် အကြမ်းဖက်စစ်တပ် ကြီးစိုးထားတဲ့ စိန်လုံစစ်ဗျူဟာမြောက် တပ်စခန်းကြီးကို ဧပြီလ (၁)ရက်နေ့မှာ သိမ်းယူလိုက်သလို တခြားစစ်ကောင်စီရဲ့စခန်းပေါင်းများစွာကို ရှင်းလင်းနေပြီဖြစ်တယ်။

ကိုးကန့်နယ်မြေများအတွက်လည်း MNDAA တပ်ဖွဲ့တွေက စစ်ကောင်စီကိုတိုက်ထုတ်ပြီး အုပ်ချုပ်ရေး တရားစီရင်ရေးတွေလုပ်နေသလို TNLA ကလည်း ပလောင်နယ်မြေလွတ်မြောက်ရေးအတွက် အင်အားကောင်းကောင်းနဲ့ တိုက်ထုတ်ပြီး အုပ်ချုပ်ရေး ဖွံ့ဖြိုးရေးတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်။ ရှမ်းမြောက်မှာဆိုရင် စစ်ကောင်စီကင်စင်နယ်မြေတွေ အခုနွေဦးတော်လှန်ရေးအတွင်းမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရလိုက်တဲ့ နယ်မြေများဟာ ရက်ပိုင်း လပိုင်းနဲ့ အိပ်မက်တောင် မမက်ဖူးလောက်အောင် အောင်မြင်ခဲ့တာဖြစ်တယ်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေထဲက အာရက္ခတပ်တော်ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်တမျိုးသားလုံးတို့ရဲ့ ယုံကြည်ကိုးစားမှုနဲ့ ထိုက်တန်သူဖြစ်ကြောင်း ပြသထားနိုင်သူဖြစ်တယ်။ နှစ်အနည်းငယ်အတွင်း စစ်ကောင်စီကို လျင်လျင်မြန်မြန် တိုက်ထုတ်နိုင်တာ ကြောင့်လည်း အာရက္ခအိပ်မက်ကို တဖြည်းဖြည်းနဲ့အသက်သွင်းလာနိုင်နေပြီဖြစ်ပါတယ်။

ဗမာတိုင်းရင်းသားတွေရဲ့ နယ်မြေလို့ သတ်မှတ်ထားတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းစတဲ့ အလယ်ပိုင်းတိုင်းတွေမှာလည်း တကြိမ်တခါမှ မကြုံဖူးတော တော်လှန်ရေးလက်နက်ကိုင် အဖွဲ့များစွာနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ထုတ်နေကြရတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုးဖျက်စီးမှုတွေကြောင့် မိမိဒေသကို မိမိကာကွယ်ကြရင်း မြို့တိုင်း၊ ရွာတိုင်းမှာ ကိုယ်ပိုင်ခေါင်းဆောင် ကိုယ်ပိုင်အဖွဲ့ငယ်တွေနဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေကြရတယ်။

အကြမ်းဖက်စစ်တပ်အတွက်တော့ တိုင်းရင်းသားဒေသတွေမှာလဲ နယ်မြေတွေလက်လွှတ်ရသလို အဖွဲ့ငယ်တွေများပြားလှတဲ့ အညာဒေသတွေကိုလည်း နယ်မြေစိုးမိုးမှု အားနည်းပြီး မြို့တွေလောက်ကိုသာ ထိန်းချုပ်ထားတဲ့အနေအထားဖြစ်ပါတယ်။ အညာနဲ့တောင်ပိုင်းတိုင်းမှာတော့ မြို့သိမ်းမထားပေမဲ့ နယ်မြေစိုးမိုးမှုတွေကိုတော့ ရယူထားတာဖြစ်ပါတယ်။ စစ်ကောင်စီအတွက် အဆိုးဆုံးအခြေနေက ခေါင်းဆောင်ရယ်လို့ တဦးတယောက်က တာဝန်ယူထားတာ မဟုတ်သလို ဌာနချုပ်ရယ်လို့ နယ်မြေအတိအကျမရှိတာကြောင့် မျက်ကလူးဆန်ပြာ ဘယ်သူ့ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့အနေအထားဖြစ်တယ်။ စစ်အဏာရှင်တို့၏ ရက်စက်ယုတ်မာမှုများကြောင့်တော့ တော်လှန်ရေးကား ရပ်တန့်သွားမည်မဟုတ်။

နယ်မြေအနေနဲ့လည်း တနိုင်ငံလုံးက စစ်ကောင်စီကို တိုက်နေတာကြောင့် တနိုင်ငံလုံးက စစ်ကောင်စီအတွက် ရန်သူ့ နယ်မြေဖြစ်နေတယ်။ ဘုန်းကြီး ကျောင်းလဲ စစ်တပ်အတွက် ရန်သူ့နယ်မြေ ဖြစ်သလို၊ စာသင်ကျောင်းကလည်း စစ်တပ်အတွက် ရန်သူ့နယ်မြေပဲဖြစ်နေတယ်။ တနိုင်ငံလုံးကလဲ စစ်တပ်ပြုတ်ကျရေးဆိုတဲ့ ဦးတည်ချက်တွေနဲ့ ပူးပေါင်းတိုက်နေတာကြောင့် စစ်တပ်အတွက်ကတော့ တပ်ပြင်ထွက်ရင်လည်း စိတ်မချရသလို တပ်တွင်းမှာလဲ စိတ်ချလက်ချ မနေရဲတော့ပြီ ဖြစ်တယ်။

တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေက ရသမျှအင်အားနဲ့အစွမ်းရှိသလောက် နေ့စဉ် အကြမ်းဖက်စစ်တပ်ကို မနားတမ်း တိုက်ခိုက်နေကြတယ်။ အကြမ်းဖက်စစ်တပ်ကို တိုက်ဖို့အတွက် ဒေသတိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့ထားရတာကြောင့်လည်း တိုင်းရင်းသား လက်နက်ကိုင်တွေအပြင် တနိုင်ငံလုံး လက်နက်ကိုင်အဖွဲ့တွေ နေရာအပြည့်ယူထားနေပြီဖြစ်တယ်။


တွဲအားလုံးက ခေါင်းဖြစ်နေတာကြောင့် အကြမ်းဖက်စစ်တပ်ကို အချိန်ပြည့်နေရာအနှံ့က ထိုးနှက်တိုက်ခိုက် နေတာကတော့ တော်လှန်ရေးအတွက် အားသာချက်တခုပဲ။ သို့ပေမယ့် လက်ဝှေ့ပွဲတခုလို ထိချက်ပြင်းပြင်းတွေနဲ့ ထိုးနှက်ထားနိုင်ပေမယ့် အသည်းကောင်းတဲ့ ပြိုင်ဘက်အတွက် ပွဲသိမ်းတိုက်ကွက်တခု တော့လိုနေပြီ ဖြစ်တယ်။ ပွဲသိမ်းတိုက်ကွက်အဖြစ် တော်လှန်ရေးအင်အားစုတွေ ခုထက်ပိုမိုပြီး စုစုစည်းစည်းနဲ့ မဟာဗျူဟာကျကျ စစ်ကောင်စီကို ထိုးနှက်နိုင်ဖို့သာလိုတော့တယ်။

အားလုံးညီညီရုန်းကြရင် နှစ်ပေါင်း (၇၀)ကျော် စောင့်ခဲ့ရတယ်ဆိုတဲ့ တိုင်းရင်းသားတွေအတွက်လဲ လွတ်မြောက်ဖို့အကောင်းဆုံးအချိန် ဖြစ်လာမှာပဲဖြစ်တယ်။ ဘယ်လိုပဲဖြစ်ပါစေ လက်ရှိအချိန်မှာတော့ အကြမ်းဖက်စစ်တပ် ပြိုလဲဖို့အတွက် နောက်ဆုံးပွဲသိမ်းတိုက်ကွက်ကိုတော့ လှလှပပ သုံးပြရမယ့် အချိန်ရောက်နေပြီ ဆိုတာကတော့ သေချာနေပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ။

#RedNewsAgency

By Editor