“မရှုံးခံနိုင်ရိုးလား ခေတ်အဆက်ဆက် အာကာထွန်းဘောင်းဘီဝတ်၊ ခြင်းကျားလွယ်၊ မဖြစ်မနေဝတ်ခိုင်းတဲ့ ကျည်ကာအင်းင်္ကျီအလေးကြီးရယ်၊ ကျည်တတောင့်ပစ်ရင် တခါ missfire ဖြစ်တဲ့ MA သေနတ်ကြီးရယ်၊ ဗုံးသီးတွေနဲ့ တစ်တောဝင် တစ်တောင်ထွက် ငတ်ပြတ်နေတဲ့ အခြေအနေမှာ တောင်ပေါ်ကနေ ခဲနဲ့ထုရင် လဲကျမယ့် အခြေအနေဖြစ်တယ်။ အသက်တွေက ၅၀ ကျော်အရွယ်တွေ၊ ခေါင်းမှာလည်း ဆံပင်တွေ ဖြူနေပြီ၊ လက်မောင်းက အရစ်လေးတွေက ပြဲစုတ်နေတာတောင်၊ ကိုယ့်သားအရွယ် စစ်ဗိုလ်တွေ လက်ညှိုးညွှန်ရာ သွားရတဲ့ ဘဝ…”
မောင်ဝိ
စစ်ကောင်စီတပ်ထဲမှာနေတဲ့အချိန်က စစ်ဝတ်ရိက္ခာနဲ့ပတ်သတ်ရင် (၁၀၂၅) ဆိုတဲ့ စာရင်းနဲ့ စစ်ယူနီဖောင်း (PC)၊ စစ်ဆောင်၊ စစ်ခြင်ထောင် အပါအဝင် စစ်ဖိနပ် (No-1)၊ တောစီး စသဖြင့် နှစ်စဥ်ထုတ်ပေးတာရှိတယ်။ နှစ်တိုင်းရတဲ့ စစ်ဝတ်ပစ္စည်းတွေထဲက စစ်ဖိနပ်တွေကို ဘာလုပ်ကြသလဲဆိုတော့ ပုံမှန်ဆိုရင် ရောင်းစားကြတယ်။ ရောင်းတယ်ဆိုတာကလည်း ဖြတ်တာတောက်တာနဲ့ စစ်သားလစာလေးက မိသားစုသုံးဖို့ လုံလောက်မှုမှ မရှိတာကို။ ဒါနဲ့ပဲ စီးနေကြ အဟောင်းလေးနဲ့ပဲ စစ်သားအများစုက နှစ်ပါးသွားကြတာပေါ့။
စစ်ဖိနပ်မှာလည်း ပုံစံမျိုးစုံရှိကြတယ်။ ကြိုးထိုးစရာမလို၊ ဖိနပ်ကို (kiwi) ဖိနပ်ဆေးနဲ့တိုက်စရာမလိုပဲ ပြောင်လက်နေတဲ့ ဈေးကြီး ဖိနပ်တွေလည်း ရှိကြတယ်။ ဒါကိုတော့ အထက်လူကြီးဆိုသူတွေ အစီးများကြတယ်။ နောက်တမျိုးက (issue) လို့ခေါ်တဲ့ စစ်တပ်က ထုတ်ပေးတဲ့ ဖိနပ်ပဲ ဖြစ်တယ်။ ဒါတွေကိုတော့ အခြားအဆင့်စစ်သားတွေအပါအဝင် အရာရှိငယ်တွေ အဓိက စီးကြရပါတယ်။ ဒါက စစ်တပ်ကဖိနပ် အကြောင်း သတိရမိတာလေးပါ။
မနက်တန်းစီချိန်ဆိုရင် တပ်ရင်းတခုမှာ အကြီးဆုံးဖြစ်တဲ့ တပ်ရင်းမှူးက သူအနေနဲ့ကြိုက်တာစီးခွင့်ရှိပေမယ့်၊ အောက်ခြေကရဲဘော်တွေ ဈေးကြီးဖိနပ်ဝယ်စီးတာမျိုး၊ အမေရိကန်အီကွေးမန့် ဝတ်လာတာမျိုးဆိုရင် တန်းစီကွင်းမှာအထိုးခံရပြီပဲ။ ဒါက စစ်တပ်တခုမှာ စစ်ဖိနပ်လို့ပဲခေါ်ခေါ် ဟန်းကောလို့ပဲခေါ်ခေါ် သူတို့အချင်းချင်း အုပ်ချုပ်တဲ့ပုံစံပဲ။ အဲ့ဒီကနေ လစဥ်ထုတ်ပေးတဲ့ အာမီရမ်တောင်မှ အခြားအဆင့်အတွက် အာမီရမ်အရက်အတုပေါ်လာပြီး၊ ဗိုလ်ချုပ်တွေအတွက် နှစ်ချို့ အာမီရမ် အရက်တွေဆိုပြီး သီးသန့်ရှိသေးတယ်။
အဲ့ဒီလို ပုံစံနဲ့ စစ်ဖိနပ်အုပ်စုဟာ တပ်တွင်းမှာ ဗိုလ်ကျရတာ ရိုးလာတော့ အလှည့်ပြောင်းပြီး၊ လူထုကိုပါ စစ်ဖိနပ်အောက်ဆွဲ သွင်းတယ်။ ရလဒ်က ဘာလဲဆိုတော့ စစ်တပ်အကြောင်းကို ပြည်သူတွေ ပိုသိလာတယ်။ မင်းတို့စစ်တပ်က နှစ် ၇၀ ကျော်အဖိုးကြီးတွေ တိုက်တိုင်းရနေတာပဲဆိုတဲ့ အခြေအနေထိ ဖြစ်လာကြတယ်။
မရှုံးခံနိုင်ရိုးလား ခေတ်အဆက်ဆက် အာကာထွန်းဘောင်းဘီဝတ်၊ ခြင်းကျားလွယ်၊ မဖြစ်မနေဝတ်ခိုင်းတဲ့ ကျည်ကာအင်းင်္ကျီအလေးကြီးရယ်၊ ကျည်တတောင့်ပစ်ရင် တခါ missfire ဖြစ်တဲ့ MA သေနတ်ကြီးရယ်၊ ဗုံးသီးတွေနဲ့ တစ်တောဝင် တစ်တောင်ထွက် ငတ်ပြတ်နေတဲ့ အခြေအနေမှာ တောင်ပေါ်ကနေ ခဲနဲ့ထုရင် လဲကျမယ့် အခြေအနေဖြစ်တယ်။ အသက်တွေက ၅၀ ကျော်အရွယ်တွေ၊ ခေါင်းမှာလည်း ဆံပင်တွေ ဖြူနေပြီ၊ လက်မောင်းက အရစ်လေးတွေက ပြဲစုတ်နေတာတောင်၊ ကိုယ့်သားအရွယ် စစ်ဗိုလ်တွေ လက်ညှိုးညွှန်ရာ သွားရတဲ့ ဘဝ…။
“အဘရယ် ပင်ပန်းလွန်းလို့ ရည်မှန်းချက်နေရာကို ရဟတ်ယာဥ်နဲ့လိုက်ပို့ပါလား..” ဆိုရင် ကေတီဗီက စော်လောက်ပဲ စေတနာရှိတဲ့အဘက ထဆဲမှာသေချာပါတယ်။ မြေပြင်သတင်းတွေထဲ ရခိုင်က ရတဲ့ ပုံတွေမှာဆိုရင် တိုက်ပွဲကျနေတဲ့ စစ်သားတွေရဲ့ ပုံရိပ်က စစ်သားနဲ့တောင်မတူ၊ ပိန်လိမ်နေတဲ့ အရိုးပေါ်အရေတင် ခန္ဓာကိုယ်ကို ခွေးတွေက ကိုက်ဖြတ်နေတယ်။ အမိန့်ပြန်ပေးမယ့်သူမရှိ၊ တာဝန်ယူပြီး ကျန်ရစ်သူမိသားစုဆီ ပြန်ပို့ပေးမယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်ဆိုတာ တယောက်တလေမှ မရှိ။ “အော်”လို့သာ တလုံးတည်း ရေရွတ်မိတော့တယ်…..။
အဲ့ဒီအခြေအနေကနေ သက်ပြည့်ပင်စင်ယူမယ့် စစ်သားအိုကြီးတွေနဲ့ ယူပြီးသူတွေကို စစ်ကောင်စီက အရန်တပ်ဖွဲ့ဝင် စစ်မှုထမ်း ဥပဒေကို ထပ်ပြီးထုတ်ပြန်ခဲ့တယ်။ အသက် ၆၇ နှစ်မကျော်ပဲ စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းကို အောင်မြင်တဲ့သူတိုင်းက ပြန်ပြီး စစ်မှူထမ်းရမယ်ပေါ့။ အရန် အင်အားဥပဒေဆိုတာက စစ်တပ်ထဲကနေ သက်ပြည့်အငြိမ်းစားရသွားသူတွေ၊ အကြောင်းအမျိုးမျိုးနဲ့ ထွက်သွားတဲ့သူတွေပါတယ်။ အဲ့တာကြောင့် စစ်တပ်ဆိုတာ အဝင်လွယ်တယ်၊အထွက်ခက်တယ်လို့ စစ်အိုကြီးတွေပြောကြတာပေါ့။
ဒီလူတွေကို ဘယ်နေရာမှာ အသုံးချနိုင်လဲဆိုတော့ လေ့ကျင့်ရေးသင်တန်းကျောင်းနည်းပြနေရာတွေ၊ စစ်မှုထမ်းဟောင်းရုံးတွေ၊ ခံစစ်ပြင်ထားတဲ့ စစ်ကောင်စီ ရုံးဌာနတွေ၊ ရပ်ကွက်ထဲ သတင်းရယူသူတွေ အပါအဝင် ပုံစံမျိုးစုံနဲ့ စစ်တပ်ကအသုံးချမှာပါ။
စစ်ဖိနပ်အိုကြီးတွေ တကျော့ပြန်စစ်မှုထမ်းရမယ့် အရန်အင်အား ဥပဒေမှာဆိုရင် အချိန်ပြည့်စစ်မှုထမ်းသက် ၃ နှစ်တာဝန်ထမ်းဆောင်မယ်၊ ၃ နှစ်ပြည့်မြောက်ရင်၊ မြန်မာနိုင်ငံ အရန်တပ်ဖွဲ့ဝင်တံဆိပ် (တတိယအဆင့်) နဲ့ တစ်လုံးတစ်ခဲတည်း ချီးမြင့်ငွေ ၃ သိန်းကျပ်ကိုချီးမြှင့်မှာဖြစ်တယ်လို့ စစ်တပ်ကထုတ်ပြန်ကြေညာထားတယ်။ များပြားလှတဲ့ ဆုကြေးငွေတွေရဖို့ သူတို့ အသက်ပေးရတော့မယ်။
အခုချိန် အခြားအဆင့်စစ်သားအိုတစ်ဦး ပြင်ပမှာ လုံခြုံရေးအဆင့်အလုပ်လုပ်ရင်တောင် အခြေခံလစာ ၂ သိန်းကျော်ကစတင်ပြီး ရနေတဲ့အချိန်၊ တစ်သက်တာပေးဆပ်တာနဲ့ မလုံလောက်၊ စစ်ဗိုလ်ချုပ်တွေကောင်းစား ရေးအတွက် ကျန်ရှိနေတဲ့ ဘဝသက်တမ်းတိုတိုလေးတွေကိုပါ ကိန်းဂဏန်းတစ်ခုနဲ့တန်ဖိုးဖြတ်ပြီး ပေးဆပ်ခိုင်းတာဟာ မြန်မာစစ်တပ်တစ်ခုပဲ ရှိပါတော့တယ်။ ကံကောင်းလွန်းလို့ အသက်မသေခဲ့ရင် ကားလမ်းဘေးမှာ ပန်းရောင်းမလား….ချိုင်းထောက်နဲ့ပဲ စာအုပ်ရောင်းမလား ရွေးချယ်စရာများများ မရှိတော့ပေ…။ ။
Red News Agency