နယ်မြေအငြင်းပွားမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး

ကိုဆိုဗိုကနေ ကက်ရှမီးယားအထိ၊ မြောက်အိုင်ယာလန်ကနေ နိုင်ဂျီးရီးယားအထိ ဒီကနေ့ ကမ္ဘာမှာ အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခဟာ နယ်မြေအပေါ်မှာ အခြေခံပြီးဖြစ်ပွားတဲ့ လူမျိုးစုတွေကြားက ပဋိပက္ခပါပဲ။

လူမျိုးစုလို့ပြောလိုက်ရင် သွေးသားတော်စပ်မှုကို အကြောင်းပြုပြီး ဘာသာစကားတူ၊ ကိုးကွယ်တဲ့ဘာသာတူ လူအုပ်စုအချင်းချင်း သွေးစည်းညီညွတ်ဖို့ ကြိုးစားကြသလို ဘာသာစကားမတူ၊ ယဥ်ကျေးမှုမတူသူတွေကို “တစိမ်းတရံစာ”လို့ သဘောထားဆက်ဆံတတ်ကြတာမျိုးပါ။

လွယ်လွယ်ပြောရရင် ” We- they “အမြင်၊ ငါတို့နဲ့ သူတို့ဆိုတဲ့ ခွဲခြားထားတဲ့အမြင်လို့ ပြောရမှာပါပဲ။

ဒီကနေ့ ဗမာ့နိုင်ငံရေးမှာ အရှုပ်ဆုံးပြဿနာက လူမျိုးစုတွေအချင်းချင်းကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုပြဿနာလို့ ဆိုရမယ်။အရှုပ်တကာ့ အရှုပ်ဆုံးကတော့ လူမျိုးစုလက်နက်ကိုင်တွေ ခြေချင်းလိမ်နေအောင် သွားလာလှုပ်ရှားနေတဲ့ ရှမ်းမြောက်မှာပဲဖြစ်ပါတယ်။

နယ်မြေတောင်းဆိုမှု
——————————

လူမျိုးစုတစုက အင်အားကြီးထွားလာတယ် သို့မဟုတ် စစ်ရေးလှုပ်ရှားမှု အတိုင်းအတာတခု ကြီးမားလာတယ်ဆိုတာနဲ့ သူ့လူမျိုးစုတွေ နေထိုင်ရာနယ်မြေကို သူတို့ကိုယ်ပိုင်မြေအဖြစ် သတ်မှတ်ပြီး ရပိုင်ခွင့် တောင်းဆိုလာကြတာ နိုင်ငံရေးဓမ္မတာပဲဖြစ်ပါတယ်။

သူတို့ကိုယ်ပိုင်နယ်မြေတခု တောင်းဆိုလာပြီဆိုတာနဲ့ တပြိုင်တည်း နဂိုရှိရင်းစွဲ နိုင်ငံရေးအခြေအနေဟောင်းကို ငြင်းပြီး နိုင်ငံရေးအခြေအနေသစ်ကို ဖန်တီးကြတာလည်း ဓမ္မတာပါပဲ။

ဆိုလိုတာက နဂိုရှိပြီးသားပြည်နယ် (သို့) နိုင်ငံ
ထဲကနေ ခွဲထွက်ပြီး ကိုယ်ပိုင်ပြည်နယ်အသစ် (သို့) ကိုယ်ပိုင်နိုင်ငံအသစ်ကို တည်ဆောက်ဖို့ ကြိုးစားကြတာကို ပြောချင်တာပါ။

မြင်သာတဲ့ဥပမာပြရရင် ရှမ်းပြည်နယ်ဆိုတဲ့ နိုင်ငံရေးရပ်ဝန်းထဲက တအာင်း(ပလောင်)ပြည်နယ်အသစ်ဆိုတဲ့ နိုင်ငံရေးရပ်ဝန်းအသစ်တခု ပေါ်ထွက်လာဖို့ ကြိုးစားရယူကြတာမျိုးကို ပြောတာပါ။

Photo : TNLA

ဒီအခြေအနေကို နိုင်ငံရေးဝေါဟာရနဲ့ဆို “ethnic separatism” လို့ ခေါ်ရပါလိမ့်မယ်။

ဘယ်အဆင့်အထိ မျှော်မှန်းထားသလဲ
—————————————————

လူမျိုးစုခွဲထွက်ရေးလှုပ်ရှားမှုဆိုတဲ့နေရာမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် အပြည့်အဝရယူမှာလား (လွတ်လပ်တဲ့နိုင်ငံသစ်) သို့တည်းမဟုတ် အခြားအဆင့်တခုခုကို ဖန်တီးမှာလား (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ ကွန်ဖက်ဒရေးရှင်း စသဖြင့်) စဥ်းစားစရာတွေရှိလာတယ်။

လူမျိုးစုတစုနဲ့ တစုကြား မျှော်ရည်ချက်တွေ မတူနိုင်ဘူး။ တအာင်းတွေရဲ့ မျှော်ရည်ချက်နဲ့ ရခိုင်တွေရဲ့ မျှော်ရည်ချက်တောင် တူမနေဘူး။

ပေးထားတဲ့အခြေအနေတွေမတူရင် မတူသလို တောင်းဆိုတဲ့ နိုင်ငံရေးအဆင့်တွေကလည်း ခြားနားသွားမှာပဲ။

ရက္ခိုင့်တပ်တော် (ULA/ AA) ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ဒီ ၂၀၂၃- ၂၀၂၅ နှစ်နှစ်အတွင်းမှာ ကမ္ဘာကြီးကို သက်သေပြဖို့၊ ရခိုင်ပြည်သူတွေကိုလည်း သက်သေပြဖို့၊ လုပ်ရပ်နဲ့လည်း သက်သေပြဖို့၊ ရလာဒ်တွေလည်း ဖန်တီးဖို့ …”အစရှိတဲ့ စကားတွေပြောလာတာကိုကြည့်ရင် ရက္ခိုင်က ကမ္ဘာကြီးထဲမှာ နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်မယ်ဆိုတဲ့ သဘောထားကို အရှင်းသားတွေ့မြင်နေရပါပြီ။

Photo: AA

တအာင်းနဲ့ ကိုးကန့်ကလည်း ရှမ်းပြည်နယ်ဆိုတဲ့အောက်မှာ မနေလိုတော့ဘဲ သီးခြားပြည်နယ်တွေ ဒါမှမဟုတ် သီးခြားပြည်ထောင်တွေ ဖန်တီးတည်ဆောက်မယ်ဆိုတဲ့ သဘောထားမျိုးတွေရှိလာတာကို မြင်နေရပါတယ်။ဒါပေမယ့် နိုင်ငံတော်သစ်ဆိုတာမျိုး တိုင်းပြည်သစ်ဆိုတာမျိုး ကြွေးကြော်သံမျိုးတွေတော့ သိပ်ပြီး ပျံ့လွင့်လာတာကို မကြားရသေးပါဘူး။

လူမျိုးစုတစုက သူတို့ကိုယ်ပိုင်ဒေသရဲ့ လွတ်လပ်ခွင့်ကို ဘယ်အဆင့်ထိ မျှော်မှန်းထားကြမလဲဆိုတာ တစုနဲ့တစုမတူပေမယ့် အားလုံးမှာ တူညီတဲ့အချက်က အခြားလူမျိုးစုရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ မနေဘဲ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်ကြတော့မယ်ဆိုတဲ့ အချက်မှာ တူညီနေကြပါတယ်။

နောက်ဆက်တွဲ ရိုက်ခတ်ချက်နှင့် အလားအလာ
—————————————————-

နယ်မြေအငြင်းပွားမှုနဲ့ ဆက်စပ်နေတဲ့ လူမျိုးစု လက်နက်ကိုင်လှုပ်ရှားမှုတွေ များပြားလွန်းတဲ့အတွက် ခွဲထွက်ပြီး ကိုယ့်ပြည်ထောင် ကိုယ်တည်ဆောက်ရေးဟာ ချောချောမွေ့မွေ့ ဖြစ်လာနိုင်မယ်လို့ ကျနော့်အနေနဲ့ မယူဆပါဘူး။

ကိုယ့်ပြည်ထောင် ကိုယ်တည်ဆောက်ရေးလမ်းကြောင်းမှာ အခြားလူမျိုးစုတွေရဲ့ နယ်မြေတောင်းဆိုမှု၊ နယ်မြေအငြင်းပွားမှုမျိုးတွေနဲ့ ထပ်မံရင်ဆိုင် ကြုံတွေ့လာနိုင်ပြီး အဖုအထစ် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။

MNDAA နဲ့ KIA ကြားဖြစ်နေတဲ့ မုံးကိုး-ဖောင်းဆိုင် နယ်မြေအငြင်းပွားမှုလိုမျိုး၊ TNLA နဲ့ KIA ကြား ဆက်ဆံရေး အဆင်မပြေစေတဲ့ Kachin Sub- State တောင်းဆိုမှုလိုမျိုးတွေကို စနစ်တကျ သုတေသနလုပ်ကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ဒါမှသာ ဒီပဋိပက္ခတွေကို တစုံလုံး ခြုံငုံနားလည်ပြီး ဘယ်အတိုင်းအတာအထိ ကြီးထွားလာနိုင်ခြေရှိသလဲ၊ ဘယ်လို တားဆီးဖြေရှင်းလို့ရမလဲဆိုတာ သိလာနိုင်မှာပါ။

Photo : MNDAA

လူမျိုးစု ခွဲထွက်လှုပ်ရှားမှုတွေရဲ့ ရှေ့အလားအလာကတော့ ကျနော်တို့ ပြောပြောနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ အတော်အတန် အလှမ်းဝေးနေဦးမှာဖြစ်တယ်။

ကိုယ့်ပြည်ထောင် ကိုယ်တည်ဆောက်ရေးလမ်းကြောင်းပေါ်က လူမျိုးစုတွေဟာ ကိုယ့်မျှော်မှန်းချက် အောင်မြင်ရင် ဒီအတိုင်းဆက်သွားမှာဖြစ်ပြီး ကိုယ့်မျှော်မှန်းချက်နဲ့ ရလာဒ် သိပ်မကိုက်ဘူးဖြစ်နေရင် သူတို့အချင်းချင်း ပူးပေါင်းအဖြေရှာတာမျိုး ဖြစ်ကောင်းဖြစ်လာမယ်။

ခွဲထွက်လူမျိုးစုအချင်းချင်း အတူပူးပေါင်းထားတဲ့ နိုင်ငံသစ်တခုလည်း ဖြစ်ချင်ဖြစ်လာမယ်။ ဒီတခါ ပြန်လည်စုစည်းတဲ့ နိုင်ငံရဲ့ လက္ခဏာကတော့ ( joining together) ဖြစ်ပေမယ့် ဗမာလူမျိုးစုကိုတော့ ဝင်ပြီး ပူးပေါင်းဖို့ လက်ခံ၊ မခံ မရေရာတော့ဘူးလို့ပဲ ကောက်ချက်ချချင်ပါတယ်ခင်ဗျာ။

ကျော်ကိုကို
၂၇ ဧပြီ ၂၀၂၄
လွတ်မြောက်ဒေသ တနေရာ

#RedNewsAgency

By RNA Editor