ကလေးငယ် ၃ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် (၈) ဦးကို သတ်ဖြတ်သည့် သုံးပွင့်ဗိုလ်ကြီးနှင့်တပ်သားကို KNDF ဖမ်းဆီးရမိ

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။

ကရင်နီပြည်၊ ရှားတောမြို့နယ်၊ တောင်ယာခင်းတစ်ခုတွင် စစ်ရှောင်နေကြသည့် အရပ်သားပြည်သူ မိသားစု (၃) စု အား ဖမ်းဆီးခဲ့၍ လူသားဒိုင်းအဖြစ် အသုံးပြုပြီး ကလေးငယ် (၃) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးအပါအဝင် (၈) ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံများထဲက သုံးပွင့်ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦးအား KNDF က ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီထံမှ သိရသည်။

ရှားတောမြို့နယ်မတွင်း စစ်ရာဇတ်မှု ကျူးလွန်ထားသည့် စသ်ကောင်စီလက်အောက်ခံများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ရှားတောမြို့သိမ်းတို့က်ပွဲကို KA၊ KNDF၊ Loikaw PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား မှောက်လျက်အနေအထားဖြင့် တွေ့ရစဉ်။

“ရှားတောမှာ ကလေးငယ်လေးတွေကို ပစ်သတ်သွားတဲ့ ကောင်တွေကို သေသွားတဲ့ကလေးတွေရဲ့ မျက်နှာကို ကြည့်ခိုင်းတော့ မကြည့်ရဲဘူးတဲ့ အဲ့တော့ကျနော်တို့ပြည်သူတွေလည်း အဲ့လိုကောင်တွေဟာ ဘယ်လိုကောင်တွေလည်းဆိုတာ မြင်ရအောင်ပြပေးလိုက်ပါတယ် သူတို့ မိသားစုတွေမြင်ပါစေ အနီနဲ့က တပ်သား ကွက်ကျားနဲ့က သုံးပွင့်ဗိုလ်ကြီး” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့နံနက်ပိုင်းက တင်ပြထားသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်၊ နံနက် (၈) နာရီဝန်းကျင်၌ စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည့် အရပ်သားပြည်သူ ကလေးငယ် (၃) ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး (၃) ဦး၊ ကိုယ်ဝန်အတွင်း သန္ဓေသား​လောင်း (၁) ဦး နှင့်အမျိုးသား (၁) ဦး စုစုပေါင်း (၈) ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ (၈) ရက်နေ့က ထုတ်ပြန်ထားသည်။

“ဒီလူတွေကို ရှင်းပလိုက်လို့လာမပြောကြပါနဲ့ ကလေးတွေအတွက်တရားမျှတမှု့ကို ကျန်ခဲ့တဲ့မိဘတွေ ဆွေမျိုးတွေအတွက်ရှာဖွေဖို့လိုပါတယ် ဒီကောင်တွေဒီအတိုင်းသေသွားလို့မရပါဘူး သူတို့ရဲ့သခင်မင်းအောင်လှိုင်ကိုပါ ဆွဲခေါ်သွားဖို့လိုပါတယ်” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဆက်လက်ပြောကြားထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှားတောမြို့နယ်အတွင်းမှ ကလေးငယ် ၃ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် အပါအဝင် (၈) ဦးကို သတ်ဖြတ်ခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့မှာပင် ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီကျေးရွာနှင့် လွိုင်နန်းဖကျေးရွာတို့၌ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကို ကျူးလွန်ခဲ့သည့်အတွက် အပြစ်မဲ့ ကျောင်းသားကလေးသူငယ် (၄) ဦးနှင့် စစ်ရှောင်အမျိုးသား (၁) ဦး၊ စုစုပေါင်း (၅) ဦး သေဆုံးခဲ့ရသည်။

#RedNewsAgency

By RNA Editor