စစ်ကောင်စီ လက်အောက်ခံ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး နေလင်းအောင်ကို အရှင်ဖမ်းဆီးခံရမိ

RNA_အောက်တိုဘာ(၂၉)၊၂၀၂၃ ခုနှစ်။

ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့များနှင့် BPLA တို့ပူးတွဲ ထိန်းချုပ်နေရာတစ်ခုသို့ စစ်ကောင်စီ၏ တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၃) မှ အင်အား(၇၀)ခန့်ဖြင့် ချဥ်းကပ်လာသဖြင့် တိုက်ပွဲဖြစ်ပြီး ခမရ (၁၃) မှ ၄၀ ကျော်​သေဆုံးကာ ဗိုလ်ကြီးနေလင်းအောင် အပါအဝင် (၃) ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းအခြေစိုက် ခမရ (၁၃) နှင့် ၁ နာရီကြာ တိုက်ပွဲဖြစ်ပွါးပြီးနောက် စစ်​ကောင်စီ လက်အောက်ခံ (၂၀) ကျော်သေဆုံကာ တချို့မှာနီးစပ်ရာ ကျေးရွာများအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ မဟာမိတ်တပ်ဖွဲ့မှ စစ်ကူတချို့ရောက်လာပြီး တပ်ပေါင်းစုကာ ရွာထဲအိမ်များတွင် ပြည်သူများကို ဓားစာခံလုပ်ကာ ပုန်းအောင်းနေသော ရန်သူများကို တစ်အိမ်ချင်း ခက်ခဲစွာရှင်းလင်းခဲ့ရသည်ဟု သိရသည်။

“ညနေ(၅)နာရီတွင် တိုက်ပွဲကို အဆုံးသတ်ထိန်းချုပ်နိုင်ခဲ့ပြီး ရန်သူ့အလောင်း (၄၀)ကျော် ရရှိခဲ့သည့်အပြင် ဗိုလ်ကြီးနေလင်းအောင်အပါအဝင် စစ်သုံ့ပန်း(၃)ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပါသည်” ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) က ယနေ့ ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း MA Series ရိုင်ဖယ်(၃၀)လက်၊ စက်ကလေး (၃)လက်၊ 40mm (၆)လက်/ကျည် ၈၀၊ 60mm (၂)လက်/ကျည် ၆၀၊ 80mm (၁)လက်၊ 100mm (၂)လက်/ကျည် ၁၀၊ RPG (၂)လက်/ကျည် ၁၀၊ ပစ္စတို (၂)လက်၊ Icom စက် (၃)လုံး၊ Drone detector (၁)ခု၊ WiFi Router (၁)ခု နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့ကို တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည်။

အထက်ပါတိုက်ပွဲအတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲဘော်(၄)ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးခဲ့ရပြီး ရဲဘော် (၆) ဦးထိခိုက်ဒဏ်ရာ ရရှိကြောင်း၊ BPLA သည် စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ရေးအတွက် ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိပြီး စစ်ရေးရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်သည်အထိ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

#RedNewsAgency

By RNA Editor