“သိန္နီ” ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက် ဆက်လက်တိုက်ခိုက်သိမ်းပိုက်

RNA_အောက်တိုဘာ(၇)၊၂၀၂၃ ခုနှစ်။

မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် မဟာမိတ်များ ပူးပေါင်းဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး “Operation 1027” တတိယနေ့ ယနေ့ နံနက် ၁၁ နာရီအထိ သိန္နီ ရဲစခန်းအပါအဝင် စစ်ကောင်စိတပ် စခန်းများကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

စစ်ဆင်ရေး တတိယနေ့တွင် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်များအတွင်း၌ စစ်ကောင်စီတပ် စခန်းသိမ်း တိုက်ပွဲများကို ပြုလုပ်လျက်ရှိကြောင်း၊ စစ်ကောင်စီလက်အောက်ခံ အလောင်းအမြောက်အမြားနှင့်အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ နံနက် (၁၀) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် သိန္နီ ရဲစခန်းကို အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့အတူ သိန္နီမြို့နယ်အတွင်းရှိ “နမ့်စလပ်” ရဲစခန်းကို ယမန်နေ့ အောက်တိုဘာလ(၂၈) ရက်နေ့တွင် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နံနက် ၄နာရီ ၄၀ မိနစ်မှ ၆ နာရီ ၄၀ မိနစ်အတွင်း လားရှိုးမြို့၊ အရှေ့ဘက်ခြမ်း၊ (၄၀၀) ကီလိုမီတာကျော်အကွာအဝေးရှိ ရန်သူ့စစ်စခန်း (၂)ခု ကို တပြိုက်နက်တည်းသိမ်းပိုက်နိုင်ခဲ့သည်။

နံနက် ၉ နာရီမှ ၁၀ နာရီ ၁၅ မိနစ်မတွင်း ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း၌လည်း သိန္နီမြို့နယ် “မာချီနော့” စစ်တပ် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင်လည်း ချင်းရွှေဟော်ဒေသ “ယာခုတ်ကိုက်” စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နံနက် ၁၀ နာရီကျော်ကလည်း မုံးကိုးခရိုင် “နမ်ယမ်” စစ်တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့၊ နံနက် (၄) နာရီခန့်က နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား အပြီးသတ်တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း၊ မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းကျေးရွာဘက်တွင်လည်း နံနက် (၅း၀၀)နာရီ ခန့်က တအာင်းတပ်မတော် PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့မှ အကောင်းဆုံးခုခံတိုက်နိုင်ခဲ့သည်။

တိုက်ပွဲပြင်းထန်နေသည့် ရှမ်းမြောက်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်နေကြောင်း၊ တိုက်ပွဲဖြစ်ပွါးမှုနှင့် လက်နက်ကိုင်တော်လှန်ရေး ရဲဘော်များမရှိသည့် ကျေးရွာများအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုပြုလုပ်နေကြောင်း သိရသည်။

#RedNewsAgency

By RNA Editor