သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်

RNA_အောက်တိုဘာ(၂၉)၊၂၀၂၃ ခုနှစ်။

၁၀၂၇ စစ်ဆင်ရေးတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People’s Liberaion Army – PLA တပ်ရင်းများသည် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ ဦးဆောင်မှုဖြင့် အခြားမဟာမိတ်တပ်များ၊ Drone တပ်ဖွဲ့များနှင့်အတူ သိန္နီမြို့ မြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ကာ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဆင်နွှဲလျက်ရှိကြောင်း သိရသည်။

“PLA ဟာ မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအောက်မှာ သိန္နီမြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို စီးမိထားတယ်။ တောင်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်နေဆဲဖြစ်ပါတယ်” ဟု PLA ကထုတ်ပြန်ထားသည်။

PLA နှင့် မဟာမိတ်ရဲဘော်များသည် အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီတွင် သိန္နီ မြို့ကို စတင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရန်သူ့စခန်းများကို ဝိုင်းရံပိတ်ဆို့ထားနိုင်ခဲ့ပြီး၊ ၂၈ ရက်နေ့တွင်လည်း ထပ်မံပိတ်ဆို့ပြီး တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းမှာ မဟာမိတ် သုံးဖွဲ့၏ သိန္နီမှာ တာဝန်ယူထားသည့် ဒရုန်းတပ်ဖွဲ့မှ စစ်ကောင်စီတပ် တပ်မ(၁၆) ၏ ဌာနချုပ်ကို ဒရုန်း ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး တပ်မမှူးအပါအဝင် တပ်သားများ ကျဆုံး(စုံစမ်းဆဲ)သွားသည်ဟု ကနဦး သတင်းရထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိန္နီမြို့အား စီးနင်းချိန်တွင် စစ်ကောင်စီဖက်မှ အတွဲလိုက်ဒုံး အချက်ရေ ၄၀ ကျော်ပစ်ခတ်ခဲ့ပြီး သိန္နီမြို့တွင်းနှင့် အနီးတစ်ဝိုက်ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယခုလက်ရှိတွင် ဒေသခံစစ်ဘေးရှောင် ၆၀၀၀ ကျော်ခန့်သည် သိန္နီမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် ခိုလှုံနေရသည်ဟု သိရသည်။

စစ်သုံးစစ်အမြစ်ဖြတ်ရေး၊ အဖိနှိပ်ခံပြည်သူများ၏ လွတ်မြောက်ရေးအတွက် နိုင်ငံအဝှမ်း မည်သည့်နေရာဒေသတွင်မဆို လူမျိုးပေါင်းစုံပြည်သူလူထု တိုင်းရင်းသားညီအကိုများ၊ နိုင်ငံအနှံ့ တိုက်ပွဲဝင်နေကြသော တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ခိုင်မြဲသောတွဲလက်များဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း People’s Liberation Army – PLA က လေးစားစွာ ထုတ်ပြန်ထားသည်။

#RedNewsAgency

By RNA Editor