တစ်လှိုင်းပြီးတစ်လှိုင်း (သို့) MNDAA ရဲ့ အိမ်ပြန်လမ်းလား

“ချင်းရွှေဟော်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်လိုက်ပါတယ်။ ချင်းရွှေဟော်ရဲ့ မြောက်ဘက်မှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA တို့ရဲ့ ဌာနချုပ်ဟောင်း လောက်ကိုင်မြို့ရှိပါတယ်။ လောက်ကိုင်ဟာ အရင်တုန်းက MNDAA ရဲ့ ဌာနချုပ်”
*****************************

လှဆောင်

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့အတူ လက်တွေ့လုပ်ဆောင်ချက်တွေက ဒီနေ့ တစ်နိုင်ငံလုံးက ပြည်သူတွေကို အံ့အားသင့်သွားစေပါတယ်။ သူတို့ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ထဲမှာ အွန်လိုင်းလောင်းကစားလိမ်လည်မှုတွေ ပပျောက်ရေးအတွက်ပါလို့ ခေါင်းစဉ်တပ်ထားတဲ့အတွက် အိမ်နီချင်း တရုတ်နိုင်ငံက မီးစိမ်းပြလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

ဒီနေ့ အကြီးအကျယ်တိုက်ပွဲဖြစ်ပြီး တံတားပါ ပျက်စီးခဲ့တဲ့နေရာဟာ နယ်စပ်ကုန်သွယ်ရေးဂိတ် ချင်းရွှေဟော်အဝင်မှာပါ။ အဲဒီ ချင်းရွှေဟော်မြို့ဆိုတာဟာ မန်းလေးဘက်က တက်လာရင် လားရှိုးအကျော် မူဆယ်မရောက်ခင် သန္နီမြို့လမ်းခွဲကနေ ညာဘက်ချိုးသွားရတာပါ။ ကွမ်လုံကိုကျော်ပြီး တံတားကူးပြီးရင်တော့ ချင်းရွှေဟော်ကို ရောက်ပါပြီ။ အဲဒီလို သန္နီကနေ ညာမချိုးဘဲ ရှေ့ဆက်သွားရင်တော့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကို ရောက်ပါတယ်။ ဒီတော့ ဒီနေ့ (အောက်တိုဘာ ၂၇ ရက်) မနက်ပိုင်း MNDAA ရဲ့ ထုတ်ပြန်ချက်အရ တော်လှန်ရေးအင်အားစုတွေဟာ လားရှိုး-မန္တလေး-မူဆယ် လမ်းမကြီးကို လားရှိုးကနေစပြီး မူဆယ်အထိ ပိတ်ချလိုက်ပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတာကတော့ လားရှိုးမြို့မှာပါ။ လားရှိုးလောက်နေ လမ်းစပိတ်လိုက်တဲ့အတွက် စစ်ကောင်စီဟာ စစ်ကူပို့ဖို့ မလွယ်ကူခဲ့ပါဘူး။

အဲဒီနောက် နေရာဒေသ ၅ ခုမှာ မနက် ၄ နာရီကစပြီး တော်လှန်ရေးအဖွဲ့တွေက တပြိုင်ထဲ ထိုးစစ်စခဲ့ပါတယ်။ နောက်တော့ ချင်းရွှေဟော်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်လိုက်ပါတယ်။ ချင်းရွှေဟော်ရဲ့ မြောက်ဘက်မှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA တို့ရဲ့ ဌာနချုပ်ဟောင်း လောက်ကိုင်မြို့ရှိပါတယ်။ လောက်ကိုင်ဟာ အရင်တုန်းက MNDAA ရဲ့ ဌာနချုပ်ဖြစ်ပြီး ဦးသန်းရွှေခေတ်မှာ ပြည်သူ့စစ်အဖြစ်မပြောင်းနိုင်တာကြောင့် ၂၀၀၉ ခုနှစ်မှာ စွန့်ခွာခဲ့ရတာဖြစ်ပါတယ်။

လောက်ကိုင်မြို့ကနေ တရုတ်ဘက်နဲ့ လားရှိုးဘက်ထွက်ချင်တယ်ဆိုရင်လည်း ချင်းရွှေဟော်ဘက်ကနေ ထွက်ကြတာဖြစ်ပါတယ်။ အခုတော့ စစ်ကောင်စီက လောက်ကိုင်မြို့ကို ညမထွက်ရအမိန့်ထုတ်ပြန်ထားပါပြီ။ ဒီနေ့နေ့ခင်းပိုင်းအထိတော့ တော်လှန်ရေးအဖွဲ့တွေဟာ ချင်းရွှေဟော်ကနေ လောက်ကိုင်ကို တက်သွားပြီး လမ်းမှာရှိတဲ့ စစ်ကောင်စီစခန်းတစ်ခုကို ထပ်သိမ်းပိုက်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကိုင်းနဲ့ ကချင်ပြည်နယ်တကြောမှာလည်း စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို KIA နဲ့ PDF တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီနေ့ တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ချေမှုန်းခဲ့တဲ့ နေရာတွေကတော့ (၅) နေရာထက်မနည်းလှပါဘူး။ အဲဒီ မြန်မာပြည်အရှေ့မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာပဲ တောင်းပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က စစ်ကောင်စီစခန်းတွေကိုလည်း KNU က ဝင်ရောက်တိုက်ခိုက်ပါတယ်။ ကော့ကရိတ်ကို ကျော်ပြီးရင်တော့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီကို ရောက်ပါပြီ။

အဲဒီလို အပြိုင်အဆိုင် ထိုးစစ်တွေဆင်နေတဲ့အချိန်မှာပဲ အမျိုးသားညီညွတ်ရေးအစိုး (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာ အတွင်းဝန်ကလည်း “တစ်လှိုင်းပြီး တစ်လှိုင်း” ဆိုတဲ့ ဗွီဒီယိုကို တင်ဆက်ခဲ့ပါတယ်။ အဲဒီ ဗွီဒီယိုဟာ ကြိုတင်ပြီးတော့ သေချာရိုက်ကူးထားတာဖြစ်ပြီး တော်လှန်ရေးဘက်က ထိုးစစ်စတဲ့အချိန် အချိန်ကိုက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ညီနောင် ၃ ဖွဲ့က ဒီနေ့ စစ်ရေးသတင်းပူးပေါင်းထုတ်ပြန်တဲ့ Facebook ပေ့ချ်ဟာဆိုရင်လည်း ပြီးခဲ့တဲ့ ၅ ရက်ကတည်းက ဖွင့်ထားတဲ့ ပေချ် ဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးအင်အားစုတွေဘက်က ထိုးစစ်ကို မဟာဗျူဟာမြောက်မြောက် အဘက်ဘက်က စဉ်းစားပြီး ကြိုတင်ပြင်ဆင်ခဲ့တယ်ဆိုတာကို ပြသနေတာပါပဲ။


ညီနောင် ၃ ဖွဲ့ကတော့ “တစ်ဖွဲ့ရဲ့ပြဿနာဟာ သုံးဖွဲ့လုံးရဲ့ ပြဿနာဖြစ်တယ်” ဆိုတဲ့ မူဝါဒကိုစွဲကိုင်ပြီး တော်လှန်ရေးကို ဆင်နွှဲနေတာလို့လည်း ဒီနေ့ကြေညာချက်မှာ ရေးသားထားပါတယ်။ ပြီးတော့ အခုတိုက်ခိုက်နေတဲ့ စစ်ဆင်ရေး ၁၀၂၇ ရဲ့ ပစ်မှတ်တွေကိုလည်း ဆက်တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။ ဒီလိုကြေညာချက်တွေအရ ညီနောင် ၃ ဖွဲ့ဟာ သူတို့ရဲ့ညီနောင် MNDAA ရဲ့ ဌာနချုပ် လောက်ကိုင်မြို့ကို ပြန်သိမ်းပေးတော့မှာ လားဆိုတာကတော့ သိပ်မကြာခင် အဖြေထွက်တော့မှာ ဖြစ်ပါတယ်။ ။

#RedNewsAgency

By Editor