MNDAA၊ TNLA၊ AA၊ PLA၊ BPLA စသည့်မဟာမိတ်များ စုပေါင်းပြီး ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်

RNA_အောက်တိုဘာ(၂၇)၊၂၀၂၃ ခုနှစ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အထူးဒေသ (၁) အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းမည်ဟု ထုတ်ပြန်ပြီး ယနေ့ နံနက်စောစောပိုင်းက ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်မြို့အနီးရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကြောင်း သိရသည်။

MNDAA၊ TNLA၊ AA၊ PLA၊ BPLA စသည့် တော်လှန်ရေးအင်အားစုများ စုပေါင်းပြီး ချင်းရွှေဟော်မြို့အဝင် စစ်ကောင်စီလက်အောက်ခံ ဂိတ်များကို စတင်တိုက်ခိုက်ပြီး ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ရှမ်းပြည်နယ်အထူးဒေသ (၁) အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းရန်အတွက်လည်းကောင်း၊ လောက်ကိုင်မြို့နယ်ရှိ Online Game (ကျဖျင့်) ကုမ္ပဏီများကို တိုက်ဖျက်ရှင်းလင်းရန်အတွက်လည်းကောင်း၊ ယင်း ကျဖျင့်များကို အကာအကွယ်ပေးနေသော နောက်ကွယ်မှအင်အားစုများ လားရှိုးမှတဆင့် စစ်အင်အားတိုးချဲ့လာမည်ကို ဟန့်တားရနအတွက် ယနေ့မှစပြီး လားရှိုး မှ ချင်းရွှေဟော် နှင့် လားရှိုးမှ မူဆယ် ပြည်ထောင်စုလမ်းမကြီးများကို အရေးပေါ်ပိတ်ပင်လိုက်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် စစ်ရေးကော်မတီ ( MNDAA) ကယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA)၊ ရက္ခိုင် (UNA/AA) တို့က ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ဒေသကို မိမိတို့ ယခုထက် ပိုမို ထိန်းချုပ်နိုင်ရေးစသည်တို့နှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် Operation 1027 ( ၁၀၂၇ စစ်ဆင်ရေး) ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ကြောင်းလည်း ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor