96 Soldiers – PDF နှင့်ပတ်သက်ပြီး စာထုတ်သည့်ကိစ္စ NUG ထိခိုက်သလို တော်လှန်ရေးကိုလည်းထိခိုက်ဟု ကိုဇေယျာလွင်ပြော

RNA_ဇူလိုင်(၃၁)၊၂၀၂၃ ခုနှစ်။

အညာဒေသခြေစိုက် ကိုဇေယျာလွင် ဦးဆောင်သော 96 Soldiers – PDF အညာဒေသတပ်ခွဲကို ကျေးရွာတရွာတွင် အခြေချနေထိုင်ခြင်းမပြုရန် ညွှန်ကြားသည့်စာသည် NUG ကိုလည်း ထိခိုက်သလို တော်လှန်ရေးကိုလည်း ထိခိုက်သည်ဟု ကိုဇေယျာလွင်က ပြေကြားထားသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသရုံး၏ ညွန်ကြားချက်အရ ဇူလိုင်လ ၂၄ ရက်နေ့ရက်စွဲဖြင့် အခြေချနေထိုင်ရန် ရွှေ့ပြောင်းရောက်ရှိလာသော ကိုဇေယျာလွင် ဦးဆောင်သော 96 Soldier (LPDF) အဖွဲ့အား အခြေချနေထိုင်ခြင်းမပြုရန် ညွှန်ကြားခစာကို မြို့နယ်တာဝန်ခံက ထပ်ဆင့်ညွှတ်ကြားချက်ထုတ်ခဲ့ကြောင်းသိရသည်။

“ဒီလိုစာမျိုးက ဒီလိုကာလမျိုးမှာ အပေါင်းလက္ခဏာမဆောင်တဲ့ အနုတ်လက္ခဏာဆောင်တဲ့ စာမျိုးဖြစ်တယ်ပေါ့နော်။ အကျိုးမရှိတဲ့ စာမျိုးဖြစ်တယ်ပေါ့။ အဲလိုစာမျိုးထုတ်ချင်းက NUG ကိုလည်းထိခိုက်တယ်။ တော်လှန်ရေးကိုလည်း ထိခိုက်တယ်ပေါ့နော်။ အဲလိုလူမျိုးတွေ အောက်ခြေမှာ လုပ်ချင်တိုင်းလုပ် ထုတ်ချင်တိုင်းထုတ် စာတွေထုတ်နေတဲ့ အကျိုးဆက်ကို NUG လည်းထိခိုက်တယ် တော်လှန်ရေးအတွက်လည်း ထိခိုက်တယ်လို့ ကျွန်တော်မြင်တယ်” ဟု ကိုဇေယျာလွင်က ပြောကြားထားသည်။

ကိုဇေယျာလွင် ဦးဆောင်သည့် 96 Soldiers – PDF အညာဒေသတပ်ခွဲသည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဝက်လက်မြို့နယ်၊ ယင်းမှာပင်မြို့နယ် စသည်တို့တွင် ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေကြောင်း၊ ဒေသတွင်းအခြေချတော်လှန်ရေးလုပ်နေသည့်ကိစ္စကို လက်မခံသည့်ကိစ္စသည် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ခရိုင်နှင့် တိုင်းတာဝန်ရှိသူများကမဟုတ် မြို့နယ်တာဝန်ခံက ထုတ်သည့်စာဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ယခုလို အောက်ခြေမှာ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ကိစ္စတွေကို သေသေချာချာ ကြပ်ကြပ်မတ်မတ်နှင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်သင့်သည်ဟုကိုဇေယျာလွင်က NUG နှင့် MOD တာဝန်ရှိသူများကို အကြံပြုထားသည်။

NUG အစိုးရ၏ ညွှန်ကြားချက်အောက်တွင် မရှိသော အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဝင်ရောက်နေထိုင်ခွင့်မပြုရန်အတွက် NUG ကာကွယ် ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသရုံးက ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ရက်စွဲဖြင့် ညွှန်ကြားထားကြောင်း၊ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁ စစ်ဒေသသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ပါဝင်ကြောင်း သိရသည်။

#RedNewsAgency

By Editor