မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ

RNA_ဇူလိုင်(၃၀)၊၂၀၂၃ ခုနှစ်။
 
မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံများနှင့် မြိုင် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များ နေ့စဉ် ပစ်ခတ်မှုဖြစ်ပွားနေပြီး တော်လှန်ရေးအရှိန်မြင့်လာကြောင်း သိရသည်။
 
ဇူလိုင် ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ ပျူရွာ၊ ကြားဖြတ် တိုက်ခိုက်မှုမျိုးစုံရှိခဲ့ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား ၅ ဦး၊ ပျူ ၃ ဦး၊ ရဲ၁ ဦး သေဆုံးခဲ့ရကြောင်း၊ ပျူရွာများအတွင်းနှင့် ရဲစခန်းများအတွင်း Drone ဗုံးသီးများ၊ ရှော့တိုက်ဒုံး ပစ်ခတ်မှုများအတွင်း ထိခိုက်ပျက်စီးမှုများကို တိတိကျကျ မသိရှိရသေးကြောင်း သိရသည်။
” တော်လှန်ရေးအရှိန်မြင့်တင်လာသည်နှင့်အမျှ စခ၊ ပခ များအနေဖြင့် မိမိတို့ နေရာများသည် လုံခြုံမှုကင်းမဲ့နေပြီ ဟုသော အတွေးရစေရန်  အခွင့်အရေးရသည်နှင့် အလစ် ဝင်ရောက်တိုက်ခိုက်သွားမည်ဖြစ်ပါသည်။ မြို့နေမိဘပြည်သူများအနေဖြင့်လည်း စခ၊ ပခ များနှင့် နီးစပ်ရာနေရာများတွင် နေထိုင်ခြင်း၊ သွားလာခြင်း မပြုလုပ်ကြရန်နှင့် အကယ်၍ ပြည်သူများရှိခဲ့မည် ဆိုပါက အတတ်နိုင်ဆုံးပြည်သူများ ကိုထိခိုက်မှုမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟု မြိုင် ပ.က.ဖ ထုတ်ပြန်ထားသည်။

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ကန်နီပျူရွာ၊ ပေါက်မြို့နယ် အုန်းတောကျေးရွာအနီး စစ်ကြောင်းထိုးလာသော အင်အား ၄၀ ကျော်ရှိစစ်‌ကြောင်း၊ ပခုက္ကူမြို့နယ် တင်းဂါတ်စစ်ဆေးရေးမှ ယာဉ်တစီး၊ မြိုင်မြို့ စီမံခန့်ခွဲရေးရုံးနှင့် ဂိတ်၊ ယာကြီးပြင်ပျူရွာ၊ တပ်ကုန်း၊ ရွာသစ် ၊ ကိုင်းလည်ရဲစခန်း တို့ကို ဇူလိုင် ၂၄ ရက်မှ ၂၈ ရက်နေ့အတွင်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
 
ယခုရက်ပိုင်း ဖော်ဆောင်ခဲ့သည့် ပစ်ခတ်မှုများကို မြိုင် ပ.က.ဖ၊ တပ်ရင်း (၁) တပ်ခွဲ (၅)၊ တပ်ရင်း (၃) တပ်ခွဲ (၁) တပ်စု (၂)၊ ပေါက်ဗိုလ်တစေအဖွဲ့ ၊ ပေါက်ကာကွယ်ရေးအဖွဲ့ ၊ဗိုလ်လင်းမြွေအဖွဲ့ဦးဆောင်အဖွဲ့၊ M ဒေါင်းနီအဖွဲ့၊ Hero အဖွဲ့ စသည့် မဟာမိတ်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
#RedNewsAgency
By Editor