ဆောမြို့နယ်က ၆ ရက်တာတိုက်ပွဲ

“ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အလောင်းတွေကို သုသာန်ကိုသယ်လာပြီးမှ အလောင်းတွေကို သင်္ဂြိုလ်ကာ ဒဏ်ရာရတွေကို ဆောမြို့ပေါ်ကို သယ်ဆောင်သွားတာပါ။ ဆောမြို့ပေါ်ကို သယ်ဖို့အရေး စစ်ကောင်စီက ငါးနာရီလောက်စောင့်ဆိုင်းခဲ့ရပြီး ညနက်ပိုင်းမှသာ သယ်ယူပို့ဆောင်ခဲ့တာ”

ကျော်ရဲစံ

မကွေးတိုင်း ပခုက္ကူကနေ ဆိပ်ဖြူ-ဆင်ဖြူကျွန်း-စလင်း-စေတုတ္တရာဘက်ကို ဇူလိုင်လ ၇ ရက်နေ့က သံချပ်ကာကား ၃ စီးအပါအဝင် အစီးရေ သုံးဆယ်ကျော်ရှိတဲ့ အကြမ်းဖက်အာဏာသသိမ်းတပ်က စစ်ကြောင်းထွက်လာပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ခြေလျင်အင်အား ၃၀၀ ဝန်းကျင်ဟာ စေတုတ္တရာမြို့နယ်ကို ရောက်ရှိလာတာပါ။

ခြေလျင် အင်အားနဲ့ စစ်ကြောင်းက စေတုတ္တရာ ကျွန်းတောကနေ လောင်းရှည် က.ပ.စ ၂၅ အဲဒီကနေမှ ချင်းပြည်နယ် ကျင်ဒွေးဘက်ကို ရိက္ခာပို့သွားကြတာ ဖြစ်ပါတယ်။ ကြားထဲမှာလည်း လောင်းရှည်ဒေသမှာ ဆောဘက်ကို ထိုးမယ့် အင်အား ၁၂၀ စစ်ကြောင်းရှိနေပါတယ်။ ပြောရရင်တော့ စစ်ကြောင်း ၂ ကြောင်းပါ တကြောင်းက ရိက္ခာပို့ တကြောင်းက နယ်မြေရှင်းလင်းရေးပေါ့။

ဓာတ်ပုံ – ချင်းပြည်နယ်နှင့် မကွေးတိုင်းစေတုတ္တရာမြို့နယ် နယ်စပ်တွင် ခေါ်နူးတပ်ရင်း (CDF-KANPETLET) နှင့် ပူးပေါင်းတပ်ဖွဲ့များ ၂၀၂၂ ခုနှစ်​ အောက်တိုဘာလအတွင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်။

ခြေလျင်အင်အား ၃၀၀ ဝန်းကျင်က ရှေ့ပြေးအနေနဲ့ လောင်းရှည်ဒေသကို ဇူလိုင်လ ၁၁ ရက်နေ့မှာ ရောက်ရှိပြီးတော့ ဇူလိုင်လ ၁၂ ရက်မှာ ကျင်ဒွေးဘက်ကို ​ရှေ့ပြေးစစ်ကြောင်းထိုးပါတယ်။ လောင်းရှည် ဘက်က အင်အား ၁၂၀ ပါတဲ့ စစ်ကြောင်းကလည်း ဆောမြို့ဘက်ကိုစတင်စစ်ကြောင်းထိုးလာပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ မင်းဘူးခရိုင်တပ်ရင်းတွေနဲ့ လောင်းရှည်မြို့တစ်နေရာမှာ တိုက်ပွဲ ဖြစ်ပွားပြီး နှစ်ဖက်အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ စစ်ကြောင်းတွေထွက်လာပြီဆိုကတည်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြင်ဆင်ထားတာတချို့ကိုလည်း လုပ်ဆောင်နေခဲ့တာပါ။ ဇူလိုင်လ ၁၄ ရက်နေ့မှာတော့ အင်အား ၁၂၀ ကျော်ပါတဲ့ စစ်ကြောင်းနဲ့ မင်းဘူးခရိုင်တပ်ရင်းတွေ ရင်းကဲ ကျေးရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စစ်ကောင်စီက ရင်းကဲကျေးရွာကို မီးလောင်ဗုံးတွေနဲ့ လက်နက်ကြီးတွေပစ်ခတ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က အထိနာတာမျိုးရှိနိုင်ပါတယ်။

ဇူလိုင်လ ၁၅ ရက် နေ့မှာတော့ ရင်းကဲ ကျေးရွာအနီးမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲထပ် ဖြစ်ပွားခဲ့ပြီး စလင်းပကဖ သုံးဦးနဲ့ PDF ရဲဘော်နှစ်ဦး တိုင်းပြည်အတွက်အသက်ပေးလှူသွားရပါတယ်။ အဲဒီနေ့မှာပဲ စစ်ကောင်စီက ဆောနယ်တစ်နေရာကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့မှာလည်း စစ်ကောင်စီဘက်က သေဆုံးတာတွေ ရှိနိုင်ပါတယ်။

ဓာတ်ပုံ – ချင်းပြည်နယ်နှင့် မကွေးတိုင်းစေတုတ္တရာမြို့နယ် နယ်စပ်တွင် ခေါ်နူးတပ်ရင်း (CDF-KANPETLET) နှင့် ပူးပေါင်းတပ်ဖွဲ့များ ၂၀၂၂ ခုနှစ်​ အောက်တိုဘာလအတွင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်။
ဓာတ်ပုံ – ချင်းပြည်နယ်နှင့် မကွေးတိုင်းစေတုတ္တရာမြို့နယ် နယ်စပ်တွင် ခေါ်နူးတပ်ရင်း (CDF-KANPETLET) နှင့် ပူးပေါင်းတပ်ဖွဲ့များ ၂၀၂၂ ခုနှစ်​ အောက်တိုဘာလအတွင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်။

ဇူလိုင်လ ၁၆ ရက်နေ့မှာ အင်အား ၁၂၀ ပါတဲ့ စစ်ကြောင်းဟာ ဆောမြို့အနီးကပ်လာပြီးတော့ ပြည်သူ့ကာကွယ်ရေး စုပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ ကာကွယ်ရေးအဖွဲ့ပေါင်းစုံရဲ့ အလယ်ကို ကျွံလာတဲ့ သဘောပါ။ အဲဒီနေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ဦးနဲ့ ဒရုန်းတပ်ဖွဲ့က ရဲဘော်တစ်ဦး အသက်ပေးလှူခဲ့ရပါတယ်။ တိုက်ပွဲအတွင်းတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်က စုစုပေါင်းဆို ရဲဘော် ၇ ဦး ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

တစ်နေ့တည်း ထိတွေ့ တစ်ခါဖြစ်ခဲ့ပြီးတော့ ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ကို ဆောတပ်ရင်းတွေနဲ့ မင်းဘူးခရိုင်ပူးပေါင်းတပ်တွေက သုံးကြိမ်တိုင်တိုက်ခိုက်ခဲ့ပါတယ်။ ပထမရက်တွေတုန်းက စစ်ကောင်စီဘက်က သေဆုံးမှုကို အတည်မပြုနိုင်ပေမဲ့ အဲဒီနေ့တစ်ရက်တည်းမှာတင်စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း နေရာတင်သေဆုံးခဲ့ရတယ်လို့ တိုက်ပွဲဝင်ရဲဘော်တစ်ဦးကပြောပြထားပါတယ်။ အဲတော့ တိုက်ပွဲဖြစ်ပွားတဲ့ ၆ ရက်အတွင်းမှာ စစ်ကောင်စီတပ်က အနည်းဆုံး ၂၀ ကနေ ၃၀ အတွင်းတော့ သေဆုံးတာ ရှိနိုင်တယ်လို့လည်း မြေပြင်ကသုံးသပ်ထားတာရှိပါတယ်။

ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရဆိုရင် ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အလောင်းတွေကို သုသာန်ကိုသယ်လာပြီးမှ အလောင်းတွေကို သင်္ဂြိုလ်ကာ ဒဏ်ရာရတွေကို ဆောမြို့ပေါ်ကို သယ်ဆောင်သွားတာပါ။ ဆောမြို့ပေါ်ကို သယ်ဖို့အရေး စစ်ကောင်စီက ငါးနာရီလောက်စောင့်ဆိုင်းခဲ့ရပြီး ညနက်ပိုင်းမှသာ သယ်ယူပို့ဆောင်ခဲ့တာလို့ သိရပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့မှာတော့ အဲဒီစစ်ကြောင်းဟာ ဆောမြို့ပေါ်ကို ရောက်ပြီး ဇူလိုင်လ ၁၉ ရက်နံနက်ပိုင်းကပဲ ကန်ပက်လက်ဘက်ကို ပြန်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ဂန့်ဂေါခရိုင်ရဲ့ မြို့နယ်တော်တော်များများဟာ ကာကွယ်ရေးအဖွဲ့တွေက နယ်မြေစိုးမိုးမှုရယူထားတာ ဖြစ်ပြီးတော့ ယခုတိုက်ပွဲဖြစ်တဲ့ ဆောမြို့နယ် လောင်းရှည်ဒေသဆိုတာ ဂန့်ဂေါခရိုင်၊ မင်းဘူးခရိုင်နဲ့ ချင်းပြည်နယ်ရဲ့ အစပ်ဒေသလည်းဖြစ်ပါတယ်။ ကန်ပက်လက်မှာလည်း စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားနေတာဟာ ဇူလိုင်လ အစောပိုင်းကတည်းက ဖြစ်ပြီးတော့ စစ်တပ်က လေကြောင်းနဲ့ အကြိမ်ကြိမ် တိုက်ခိုက်နေတာပါ။ သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့တွေကတော့ အဖွဲ့လိုက် သတင်းထုတ်ပြန်တာ ဇူလိုင် ၁၉ ရက်နေ့အထိ မတွေ့ရသေးပါဘူး။

ဇူလိုင်လ ၁၈ ရက်နေ့က ကျင်ဒွေးဘက်ကို သွားတဲ့ အင်အား ၃၀၀ ပါစစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတာ၊ ရော့ကတ်နဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီဘက်က ၈၀ ဝန်းကျင် ထိခိုက်သေဆုံးနိုင်တယ်လို့ထုတ်ပြန်နိုင်ပေမဲ့ ဒေသခံတွေအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး၊ အတည်ပြုဖို့ဟာကလည်း အတော်ခက်ခဲနေတဲ့ အနေအထားဖြစ်ပါတယ်။

ဒါပေမဲ့ ဇူလိုင်လ ၁၈ ရက်နေ့လည်ပိုင်းမှာတော့ ကန်ပက်လက်မြို့နယ် မဆာတွီရွာကို စစ်ကောင်စီက လေယာဉ် ၂စီးနဲ့လာရောက်တိုက်ခိုက်ခဲ့ပြီး ရွာကိုဗုံးကျဲတာနဲ့ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲနေအိမ်တော်တော်များများ ထိခိုက်ပျက်စီးသွားပါတယ်။ ဆောမြို့နယ်တိုက်ပွဲတွေအတွင်းမှာ လောင်းရှည်-ကျင်ဒွေးလမ်းပိုင်းက ကျေးရွာတွေအပြင် ဆောမြို့နယ်က ကျေးရွာတော်တော်များများလည်း စစ်ဘေးရှောင်နေရပြီးတော့ ဇူလိုင်လ ၁၄ ရက်က စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် ၁၂ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးသေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ – ချင်းပြည်နယ်နှင့် မကွေးတိုင်းစေတုတ္တရာမြို့နယ် နယ်စပ်တွင် ခေါ်နူးတပ်ရင်း (CDF-KANPETLET) နှင့် ပူးပေါင်းတပ်ဖွဲ့များ ၂၀၂၂ ခုနှစ်​ အောက်တိုဘာလအတွင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်။

အကျဉ်းချုပ်အနေနဲ့ပြောရရင်တော့ ချင်းပြည်နယ်ကို တက်မဲ့ စစ်ကောင်စီတပ် ရိက္ခာပို့စစ်ကြောင်းကော စစ်ကြောင်းကို ကာကွယ်မဲ့ စစ်ကြောင်းကိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တော်တော်လေး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတာ ပြင်းထန်တဲ့အတိုင်းပဲ စစ်ကောင်စီဘက်ကလည်း အသေဆုံးများခဲ့တဲ့အတွက် လေကြောင်းပစ်ကူတွေ၊ ကျေးရွာတွေကို လက်နက်ကြီးပစ်တာတွေလုပ်ခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း စုစုပေါင်းရဲဘော် ၇ ဦးကျဆုံးခဲ့ရပါတယ်။

လွယ်မြောက်နယ်မြေတို့ လွတ်လပ်နယ်မြေတို့ဆိုတာက လွယ်လွယ်တော့ ရမှာမဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။ ပေးဆပ်ရတာတွေရှိသလို အောင်မြင်မှုတွေလည်း ရှိလာမှာပါဖြစ်တယ်။ အခု တိုက်ပွဲ ၆ ရက်တာ ဖြစ်ပွားခဲ့တဲ့ နေရာတွေ လမ်းကြောင်းတွေက အမှန်အားဖြင့်တော့ စစ်ကြောင်းမရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးထားနိုင်ပါပြီ။ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာလည်း အချိန်အကြာကြီးမနေရဲတာ သေချာနေပါပြီ။ အောင်နေပြီလို့ အားလုံးစုံ ပြောလို့မရသေးပေး နယ်မြေစိုးမိုးမှုတွေရနေပြီလို့တော့ သတင်းကောင်း ပါလိုက်ချင်ပါတယ်ခင်ဗျား။ ။

Red News Agency

By Editor