“လက်နက်ရှိတဲ့သူတွေ လက်နက်ကိုင်ပြီး ရန်သူနဲ့ရင်ဆိုင်ရသူတွေက အာဏာရှင်ဆန်ဆန်ဖြစ်လာတဲ့ အခြေနေမှာ အထက်က မကြည်ပြာကိစ္စမှာလည်း လက်နက်မရှိပေမယ့်လက်နက်ကိုင်တပ် အားကိုးနဲ့ အာဏာရှင် ဆန်လာတာကလည်း တော်လှန်ရေးပုံရိပ်ကို အရောင်ဆိုးသွားစေတယ်”
ရန်နိုင်
အရှုပ်တော်ပုံတွေ ခဏခဏပေါ်ပြီး ရှင်းလို့မပြီးသေးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရာထူးကြီး ပိုင်းတွေထဲ အခုတခါအလှည့်ကျလာတာတော့ အမြဲတမ်းအတွင်းဝန်တယောက်ဖြစ်တဲ့ ဒေါ်ကြည်ပြာ နဲ့ သူမအမျိုးသား ဦးညီညီမင်း ဆိုသူပါ။ နှုတ်ထွက်သွားတဲ့ ဝန်ထမ်း ဆယ်ယောက်ကျော်က အချက်အလက်ခိုင်ခိုင်မာမာနဲ့ တိုင်ကြားထားတာတွေ့ရ တယ်။ ဓါတ်ပုံသက်သေ၊ ရုပ်သံသက်သေ၊ စကရင်ရှော့သက်သေ တွေပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားထားကြတယ်။
“လူ့အခွင့်ရေးချိုးဖောက်မှု၊ အလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှု၊ ဝန်ထမ်းများအပေါ်နှင့် တော်လှန်ရေးအစိုးရ အတွင်း မလျှော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်ဆောင်ရွက်နေမှု” ဆိုတဲ့ အလွန်ရဲတင်းတဲ့စွပ်ဆွဲချက်တွေနဲ့ တိုင်ထားတာကို တွေ့ရပါတယ်။
ဒီအကြောင်းအရာတွေကို မှန်ခြင်း/မှားခြင်းဆိုပြီး မဝေဖန်ပဲ ဒီလိုအဖြစ်မျိုးတွေ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ဒီလိုအဖြစ်တွေကြောင့် တော်လှန်ရေးအပေါ် လူထုရဲ့ယုံကြည်မှုထိခိုက်ရတဲ့ အကြောင်းတွေနဲ့ လိပ်မူခံရတဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားစီရင်ရေးယန္တရားက ဘယ်လောက်ထိ အလုပ်လုပ်နိုင်မလဲဆိုတဲ့ ရှု့ထောင့်ကနေ အနည်းငယ်လေ့လာကြည့်ရအောင်ပါ။
တိုင်ကြားခံရသူက ဝန်ထမ်းတွေအပေါ် မောက်မာရိုင်းပျတာ၊ အပြန်လှန်ထိန်းကြောင်းမှုမရှိတာ၊ ရုံးရဲ့ဝင်ငွေ ထွက်ငွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတာဆိုတဲ့ အချက်တွေကိုအသာထား ရုံးလုပ်ငန်းကို ကိုယ်ပိုင် လုပ်ငန်းတခုလိုသဘောထား ချယ်လှယ်နေတာ၊ ရုံးအတွက်သုံးဖို့ Move Forward ကလှူပေးထားတဲ့ လက်ပ်တော့တွေကို ကိုယ်ကျိုးအတွက် ရောင်းစားတာ၊ ဝန်ထမ်းတွေကို ဘတ် ၄၀၀၀ လောက်ပေးပြီး မွေးထားတဲ့ ခွေးနှစ်ကောင်အတွက် တလကို ဘတ်သောင်းဂဏန်းလောက် သုံးနေတာ စတဲ့စွပ်စွဲချက်တွေက တိုင်ကြားသူ ဆယ်ယောက်ကျော်ရဲ့တူညီတဲ့ တိုင်ကြားချက်ပါပဲ။
တိုင်ကြားခံရသူပြောတဲ့ စကားတွေအဖြစ် “ဒီလူတွေက အခွင့်ရေးသမားတွေ နိုင်ငံခြားပဲထွက်ချင်နေတာ၊ ထောက်ခံစာပဲ လာတောင်းနေကြတာ” ဆိုတဲ့အစိုးရဌာတခုအဖြစ် ပြည်သူတွေ အားကိုးတကြီးတင်ပြ တောင်းဆိုတာတွေကို တုန့်ပြန်ပုံတွေက လန့်ချင်စရာပါ။ “ကိုယ့်ဘာကိုယ် ကြိုးစားအားထုတ်မှု မရှိဘူး တော်လှန်အစိုးရဆိုတာ မသိကြဘူးလား၊ ဖျားတာ၊ နာတာ ကလေးမွေးတာကအစ အစိုးရက တာဝန်ယူရမှာလား” ဆိုတဲ့ စကားလုံးတွေက အတွင်းဝန်တယောက်ရဲ့ သိက္ခာနဲ့တော့ ခပ်လွတ်လွတ်ပါပဲ။
အထက်ကအကြောင်းအရာတွေထက် စိတ်ဝင်စားစရာကောင်းတဲ့ တိုင်ကြားချက်ကတော့ တော်လှန်ရေး အတွက်လက်နက်ကိုင်နေတဲ့ PDF တွေကိုသုံးပြီး ရှင်းပစ်လိုက်လို့ရတယ်ဆိုတဲ့ အသက်န္တရာယ်ခြိမ်းခြောက်မှု တွေပဲ။ ဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာက “အမျိုးသားညီညွတ်ရေးအစိုးရ ပြုပြင်ပြောင်းလဲရေး ကော်မတီတစ်ရပ်ကို ကိုင်တွယ်ခြယ်လှယ်ပြီး ဝန်ကြီးများကို စိတ်ကြိုက်နေရာချထားတယ်” ဆိုတဲ့ တိုင်ကြားချက်ပဲ။
ပြည်သူတွေက NUG အစိုးရပြုပြင်ပြောင်းလဲဖို့ကို အကျယ်တဝင့်ဖိအားပေးနေကြတယ်။ ဒေါက်တာ တေဇာစန်း ကိုယ်တိုင်က NUG ကို အကြီးစားပြုပြင်ပြောင်းလဲဖို့လိုပြီလို့ သတိပေးခဲ့တယ်။ အစိုးရဝန်ကြီး တွေကလည်း ပြုပြင်ပြောင်းလဲတော့မယ် ဝန်ကြီးဌာန ၅ ခုအထိလျှော့ချတော့မယ်လို့ သတင်းဌာနတွေက ဖော်ပြနေကြတယ်။
ပြည်သူတွေရဲ့ခပ်ရေးရေးမျှော်လင့်ချက်မှာလည်း အသစ်ပြောင်းမယ့် ဝန်ကြီးတွေက တော်လှန်ရေးအတွက် ပိုအလုပ်လုပ်နိုင်မလားလို့ မျှော်လင့်နေချိန်မှာ ဒီဝန်ကြီးတွေကို “ပြစ်မှုမျိုးစုံနဲ့အတိုင်ခံထားရတဲ့ ဒေါ်ကြည်ပြာ က စိတ်ကြိုက်နေရာချထားမယ်” ဆိုတဲ့စွပ်စွဲချက်က ပြည်သူတွေအတွက် NUG အစိုးရအပေါ်သံသယတွေ ပွားလာနိုင်တယ်။ တိုင်ကြားချက်ထဲက ဘဏ္ဍာရေးအခြေနေဆိုရင်လည်း အတွင်းဝန်ရုံးရဲ့ ဝင်ငွေသဘောအရ MoPFI က လစဉ် သိန်း ၁၅၀၊ နိုင်ငံတကာအဖွဲ့စည်းတွေကနေ ဝန်ကြီးရုံးအမည်နဲ့ ရထားတဲ့ grant တွေ၊ ဝန်ကြီးဌာနတွေက ထောက်ပံ့တဲ့ငွေတွေစတဲ့ ငွေဝင်လမ်းကြောင်းတွေရှိပေမယ့် စာရင်းသွင်းရတဲ့သူကိုယ်တိုင်က မကြည်ပြာ ရဲ့ ညွှန်ကြားချက်အတိုင်း စာရင်းသွင်းရတယ်။ အပြန်အလှန်ထိန်းကြောင်းမှုဆိုတာ လုံးဝရှိမနေဘူး။
ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်သူလူထုတွေ့ဆုံမှုအတွက် Townhall Meeting ပွဲတပွဲကို မြေပြင်စီစဉ်သူတွေအတွက် ခန့်မှန်းချေကုန်ကျစရိတ် ဒေါ်လာ ၅၃၀၀ လို့သတ်မှတ်ထားပြီး တကယ်တမ်း မြေပြင်အဖွဲ့တွေကို ပေးတဲ့အခါ ၁၅ သိန်းပဲလွှဲပေးတယ်လို့ တိုင်ကြားစာမှာဖော်ပြထားတယ်။ ငွေကြေး ကွာဟချက်က အတော်ကြီးမားနေတာကို သိသာစေတယ်။ မကြည်ပြာက အမြဲတမ်းအတွင်းဝန်၊ ခင်ပွန်းဖြစ်သူ ကိုညီညီမင်းက ညွှန်ကြားရေးမှူးချုပ်၊ ရုံးဦးစီးအဖွဲ့မှူး ရာထူးကို ယူထားပြီး မကြည်ပြရဲ့ တူ ၂ ယောက်ကိုလည်း ဝန်ကြီးချုပ်ရုံးရဲ့ ဦးစီးအရာရှိရာထူးကို ပေးထားကြ တယ်။ တိုင်ကြားထားချက်အရ မကြည်ပြာ၊ ခင်ပွန်း၊ မိခင်၊ တူ ၂ ယောက်ဆိုတဲ့ မိသားစုဝင် ၅ ယောက်မှာ မိသားစုဝင် ၄ ယောက်က ဝန်ကြီးရုံံးရဲ့အကြီးအကဲနေရာတွေကို ယူထားကြတယ်။
နွေဦးတော်လှန်ရေးကာလအတွင်းမှာလည်း လုံခြုံရေးအရအရေးကြီးတဲ့ တာဝန်တွေယူထားရတာကြောင့် ရင်းနှီးတဲ့သူနဲ့ အပြည့်အဝယုံကြည်ရသူတွေကိုသာ သင့်တော်တဲ့တာဝန်တွေ ပေးတတ်တာကလည်း အများ အပြားပါပဲ။ PDF တပ်တွေမှာ တွေ့ရလေ့ရှိတာက စစ်ရေးအတွေ့အကြုံနဲ့ အရည်အချင်းပေါ် မူတည်ပြီး တာဝန်ပေးတာထက် ဆိုရှယ်မီဒီယာမှာထင်ရှားသူ၊ NLD ပါတီဝင် လူထုကိုယ်စားလှယ်ဆိုသူတွေက နေရာကြီးကြီးယူထားလေ့ရှိကြတယ်။ အထူးသဖြင့် NUG အစိုးရ(မဲဆောက်)နဲ့ နီးစပ်တဲ့အသိုင်းအဝန်းမှာ အဓိက တွေ့ရတတ်တယ်။ ဒီအချက်တွေကို မကျေနပ်ကြလို့ လက်နက်ကိုင်တော်လှန်ရေးကို စွန့်ခဲ့သူတွေ၊ မတူတဲ့တပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားသူတွေလည်း အများအပြားရှိကြတယ်။
ဒီလိုနည်းနဲ့လုံခြုံရေးအကြောင်းပြပြီး ‘လက်သင့်ရာစားတော်ခေါ်တတ်’ တဲ့ အလေ့အကျင့်တွေ၊ အလုပ်အတူ လုပ်တဲ့သူတွေရဲ့ မကျေမနပ်တဲ့အဖြစ်တွေနဲ့ အပြန်အလှန်စွပ်စွဲကြရင်း မကြာခဏ “ပွဲ”ဖြစ်တတ်တာတွေက ရန်သူစစ်အုပ်စုအတွက် သွေးခွဲစရာအခွင့်ရေးလဲဖြစ်နေတတ်တယ်။ မကြာခဏ ပွဲ ဖြစ်နေတဲ့ တော်လှန်ရေး ခေါင်းကြီးပိုင်းကပုဂ္ဂိုလ်တွေ အကွဲအပြဲတွေဖြစ်နေချိန်မှာ စစ်အုပ်စုရဲ့အဆက်မပြတ်သွေးခွဲတိုက်ခိုက် တဲ့အချိန်နဲ့ ဆုံသွားတဲ့အခါတွေမှာ ပြည်သူအချို့က တော်လှန်သူတွေအပေါ် စိတ်ပျက်လာတတ်ကြတယ်။ အထူးသဖြင့် တော်လှန်ရေးရဲ့တပ်ဦးလို့ခံယူထားတဲ့ NUG အစိုးရအပေါ် ပိုပြီးစိတ်ပျက်သွားတတ်ကြတယ်။
မန္တလေး ပီဒီအက်ဖ်လို ‘ပြည်သူကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့တတ်တဲ့ လက်နက်ကိုင်ရဲဘော်တွေ’၊ ဒီကိစ္စအပေါ်မှာ အမြင်ကွဲပြားတဲ့သူတွေကြားမှာ ‘လက်နက်ရှိရင်အာဏာရှင်ဆန်တတ်သွားသလား’ ဆိုတဲ့ စိုးရိမ်စိတ်တွေလဲ အားကောင်းလာတယ်။ NUG လက်အောက်ခံ လက်နက်ကိုင်တပ်အချို့ကလည်း လက်နက်ကိုင်ထား တယ်ဆိုတဲ့တာဝန်နဲ့ ပြည်သူတွေအပေါ် ရိုက်နှက်တဲ့ဖြစ်စဉ်တွေ မကြာခဏဖြစ်လေ့ ရှိတယ်။ “ပြည်သူတွေမှာက ဖြစ်သလိုနေပြီးကာမှ သူတို့ကအကြွေးယူပြီးတော့ အဝတ်တွေဝယ်တယ်။ ပြည်သူတွေက ဒီအကြွေးတွေဆပ်ရတယ်၊ ရွာကို မချိမဆန့်ကို ဆပ်ရပါတယ်။ ကြွေးကြေတယ်လို့ကို မရှိတော့ပါဘူး” ဆိုတဲ့ အပြောက မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပုတီးရွာခံတွေရဲ့ စကားပါ။
၂၀၂၅ စက်တင်ဘာလက မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပုတီးရွာဖြစ်စဉ်မှာလည်း ရွာကာကွယ်ဖို့ရွာမှာ တပ်စွဲထားတဲ့ လက်နက်ကိုင်တော်လှန်ရေးရဲဘော်အချို့ကို ပြည်သူတွေက လူစုပြီးနှင်ထုတ်ခဲ့တယ်။ ဒါကို ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲမှူးက ရပ်ကျေးအဖွဲ့တွေကို သေနတ်ပစ်ဖောက်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့ တယ်။ ဒီလိုပြည်သူတွေရဲ့မကျေနပ်ချက်တွေအပေါ်လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေ ရှင်းရှင်းလင်းလင်း တာဝန် မယူခဲ့ကြဘူး။ ပခုက္ကူခရိုင်ကွပ်ကဲရေးရုံး တာဝန်ရှိသူကိုယ်တိုင်က မေးခွန်းနဲ့မဆိုင်တဲ့ အကြောင်း အရာတွေနဲ့ တုန့်ပြန်ခဲ့တယ်။ အမှတ် ၁၂ တပ်ရင်းရဲ့ ထောက်လှန်းရေးအရာရှိကလည်း ဖြေရှင်းနေဆဲဖြစ်ပြီး ဖြေရှင်းပြီးရင် ဆက်သွယ်မယ်ဆိုပြီး ဆက်သွယ်မလာတော့ဘူး။ ပခုက္ကူ အမှတ် ၅ တပ်ရင်းကလည်း “မီဒီယာနဲ့ပြောဖို့ကျ တာဝန်ရှိသူတွေကို မေးလိုက်ပါအုံးမယ်ဗျ” လို့ ပြန်ပြောပြီး မဆက်သွယ်လာတော့ဘူး။
“တော်လှန်ရေးမှာ ကျွန်တော်တို့က သိလို့တတ်လို့ဦးဆောင်ခဲ့ရတဲ့သူတွေ မဟုတ်ပါဘူးခင်ဗျ၊ သိသလောက်၊ တတ်သလောက်နဲ့ လုပ်ရင်းကနေ တာဝန်ယူရတဲ့သူတွေဖြစ်လို့ လူအများသိမှာစိုးပါတယ်။ ကျွန်တော်တို့ နိုင်သလောက်လုပ်ပါရစေ” ဆိုပြီး The National Voice ရဲ့အမေးကို တုန့်ပြန်ခဲ့တယ်။
ဒီဖြစ်စဉ်တွေက လက်နက်ရှိနေတဲ့တပ်တွေရဲ့ ပြည်သူလူထုအပေါ် ကျေနပ်အောင်ဖြေရှင်းမပေးပဲ မတင်မကျ နဲ့အချိန်ဆွဲပြီး တုန့်ပြန်ခဲ့တာတွေပါ။ ကမ်ပိန်းလုပ်တဲ့အချိန်တွေမှာ “မိဘပြည်သူတွေ”ဆိုပြီး တော်လှန်ရေးကို ထောက်ပို့ပေးဖို့ တောင်းဆိုတတ်ကြတယ်။ တဖက်မှာလည်း လက်နက်ကိုင်ထားရလို့ဆိုပြီး ပြည်သူတွေကို အမိန့်တွေ တာဝန်တွေနဲ့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပြီးတာဝန်မယူတတ်တဲ့ အဖြစ်ပျက်တွေကလည်း ရှိနေပြန်တယ်။
ဒီလိုရှုပ်ထွေးလာတဲ့ လက်နက်ကိုင်လမ်းစဉ်ကြားမှာ ပြည်သူလူထုရဲ့ယုံကြည်မှုက တော်လှန်ရေးကာလအစလောက် အားကောင်းမနေတော့ဘူး။ “မရောက်တဲ့လမ်းတွေအတွက် အလှူခံတဲ့ကမ်ပိန်းတွေ”၊ “မကြီးတော့မယ့်လှိုင်းတွေအတွက် အလှူခံတဲ့ ကမ်ပိန်းတွေ”နဲ့ “တကယ်မဟုတ်တဲ့အောင်မြင်မှုတွေအတွက် အလှူခံလာတဲ့ကမ်ပိန်းတွေ” က ထင်ထားသလောက် မအောင်ကြတော့ဘူး။ ပြည်သူတွေရဲ့စားဝတ်နေရေး ခက်ခဲလာတာတွေရှိပေမယ့် တော်လှန်ရေးသမားတွေရဲ့ အမှားတွေကို အားမရလို့ လစ်လျူရှုတာတွေကြောင့် မအောင်တော့တဲ့ ကမ်ပိန်းတွေလည်း ရှိလာကြတယ်။
လက်နက်ရှိတဲ့သူတွေ လက်နက်ကိုင်ပြီး ရန်သူနဲ့ရင်ဆိုင်ရသူတွေက အာဏာရှင်ဆန်ဆန်ဖြစ်လာတဲ့ အခြေနေမှာ အထက်က မကြည်ပြာကိစ္စမှာလည်း လက်နက်မရှိပေမယ့်လက်နက်ကိုင်တပ် အားကိုးနဲ့ အာဏာရှင် ဆန်လာတာကလည်း တော်လှန်ရေးပုံရိပ်ကို အရောင်ဆိုးသွားစေတယ်။ လက်နက်ကိုင်တပ် တွေကို ပိုင်ထားတဲ့သူက အခြားသူတွေ (အထူးသဖြင့်ပြည်သူလူထု)နဲ့ အပြန်အလှန်ထိန်းကျောင်းမှု ကင်းမဲ့ လာစေတယ်။ အားလုံးမျှော်လင့်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရဲ့ အသက်ဖြစ်တဲ့ ‘အပြန်အလှန် ထိန်းကျောင်းမှု’ ဆိုတာကို အားနည်းလာစေတယ်။
‘လက်နက်ကိုင်တပ်တွေက ရန်သူကိုအသက်နဲ့ရင်းပြီး တိုက်နေရတာကြောင့် ပိုအရေးပါတယ်’၊ ‘လက်နက်ကိုင်ရဲဘော်တွေ စွန့်ခွာသွားရင် တော်လှန်ရေးအားလျော့သွားမယ်’ လို့ လက်ခံကြတဲ့ ပြည်သူတွေလဲ ရှိကြတယ်။ အထူးသဖြင့် မန္တလေး ပီဒီအက်ဖ်ရဲ့ စဉ့်ကူးမြို့နယ်က စတားလင့်ပိုင်ရှင်နဲ့ ဖြစ်စဉ်မှာ လက်နက်ကိုင်ရဲဘော် တွေကို ထောက်ခံကြတဲ့ပြည်သူတွေအားလုံးနီးပါးက ‘လက်နက်ကိုင်ရဲဘော်တွေ စိတ်ပျက်သွားလို့ မဖြစ်ဘူး’ ဆိုတဲ့ အမြင်မျိုးရှိကြတယ်။ မှတ်ချက်ပေးကြတယ်။ လက်နက်ကိုင်ရဲဘော်တွေကို ရန်မူတဲ့အရပ်သားတွေကို အပြစ်မြင်ကြတယ်။
တော်လှန်ရေးကာလအတွင်း တပ်နဲ့ပြည်သူလူထု အပြန်အလှန်ထိန်းကျောင်းမှုမရှိပဲ လက်နက်ကိုင်တပ်ရဲ့ သဘောတခုတည်းကို ဦးစားပေးသွားတဲ့အခါမှာ စစ်ရေးအမြင်၊ ကာကွယ်ရေးအမြင်နဲ့ချည်း ကြည့်မြင် ဆုံးဖြတ် သွားနိုင်ပါတယ်။ လက်ရှိအချိန်မှာ ကာကွယ်ရေးအမြင်တခုတည်းနဲ့ ကြည့်ပြီး ပြည်သူလူထုကို ထိန်းချုပ်နေတာကတော့ မြန်မာစစ်တပ်ပါပဲ။
ဒီလက်နက်ကိုင်တပ်တွေကို အသုံးချပြီးအာဏာရှင်ဆန်ဆန် ကျင့်သုံးလာရင်လည်း မြန်မာနိုင်ငံရဲ့အာဏာရှင် မျိုးဆက်က ပုံစံတမျိုးနဲ့ဖြစ်လာနိုင်ပါတယ်။ လက်နက်ကိုင်တပ်တွေ အားကိုးနဲ့ နေရာရလိုမှုတွေ၊ အခွင့်ရေး ရလိုမှုတွေဆိုတာလည်း ဖန်တီးလာနိုင်ပါလိမ့်မယ်။ တပ်အင်အားများများပိုင်လာပြီး တော်လှန်ရေးအတွက် အရေးကြီးတဲ့ တာဝန်တွေယူထားသူကို ဦးစားပေးရမယ်ဆိုရင်တော့ လက်ရှိမြန်မာနိုင်ငံမှာ ကြည်း၊ ရေ၊ လေ အားလုံးကိုပိုင်ထားတဲ့ စစ်အုပ်စုက ဦးစားပေးအဆင့် (၁) ဖြစ်နေပါလိမ့်မယ်။
လက်နက်ကိုင်တပ်တွေကို ပြည်သူတွေကထိန်းကျောင်းမထားနိုင်တဲ့ တော်လှန်ရေးကာလအတွင်းမှာ ဒီလက်နက်ကိုင်တပ်တွေကို အသုံးချပြီး အစိုးရဌာနအတွင်းမှာအာဏာရှင်ဆန်ဆန် ကျင့်သုံးလာတယ်လို့ တိုင်ကြားခံထားရတဲ့ မကြည်ပြာရဲ့ဖြစ်ရပ်တွေက စွပ်စွဲချက်သက်သက်ပဲ ဖြစ်သင့်ပါတယ်။ စွပ်စွဲချက် သက်သက်မဟုတ်ပဲ ကျူးလွန်မှုဆိုရင်တော့ ဒီကိစ္စကိုအရေးတကြီး ဖြေရှင်းသင့်ပါတယ်။
မကြည်ပြာဖြစ်စဉ်လို အမျိုးသားညီညွတ်ရေးအစိုးရထံကို လိပ်မူပြီး တိုင်ကြားထားတဲ့ အမှုတွေကိုကိုင်တွယ် ဖြေရှင်းရမယ့် MOD/MOJ ရဲ့ စွမ်းဆောင်ရည်ကရော ဒီအမှုကိုအလေးထား စစ်ဆေးနိုင်ပါ့မလား..?။ စတင်လည် ပတ်ချိန် ၂၀၂၂ နှောင်းပိုင်းကနေပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ရာဇဝတ်မှုနဲ့ တရားမမှုပေါင်း ၁၆၀၀ ကိုစွဲဆို ထားနိုင်ပေမယ့် အမှုပြီးပြတ်တာက ၈၄၀ ကျော်ပဲရှိတယ်။ ရာနှုန်းအားဖြင့်တော့ ၅၃ ရာနှုန်းထိ အောင်အောင်မြင်မြင် ဆောင်ရွက်ထားနိုင်တယ်လို့ NUG တရားရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ နှစ်ကုန်သတင်းစာ ရှင်းလင်းပွဲမှာ ဖော်ပြထားတယ်။
NUG/MOD ရဲ့ စစ်ဘက်ဆိုင်ရာပြစ်မှုတွေကိုစစ်ဆေးဖို့ ပြင်ဆင်တဲ့အနေနဲ့ အကျဉ်းစစ်တရားရုံး ၁၀ ရုံး၊ စစ်ခုံရုံး ၂ ရုံး ဖွဲ့စည်းထားပြီး စစ်ရေးဆိုင်ရာပြစ်မှု ၁၂ ခုကို စစ်ဆေးဆောင်ရွက်နေတယ်လို့ ဖော်ပြထားတယ်။ ပြစ်မှုကျူးလွန်သူ ၈၈ ဦးကိုလည်း အရေးယူထားနိုင်တယ်လို့လည်း ဖော်ပြထားတယ်။ ၂၀၂၅ ဖေဖော်ဝါရီ ၁၇ က ဖာသာရ်မာတင်ဒေါနယ်ကို သတ်ဖြတ်ခံရတဲ့အမှုမှာလည်း သံသယရှိသူ ၁၀ ဦးကို NUG ရဲ့စစ်ခုံရုံးက စစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားတယ်။
တခြားအမှုခင်းတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာက ၁၁ နှစ်အရွယ် ကလေးငယ်ကို မုဒိန်းမှုကျူးလွန်ခဲ့တဲ့ဖြစ်စဉ်မှာလည်း တရားခံဖြစ်သူကို ဖမ်းမိပေမယ့် ပွင့်လင်းမြင်သာတဲ့ တရားစီရင်မှု မရှိတဲ့အတွက် ပြည်သူ့တရားစီရင်မှုအတိုင်းတရားစီရင်ဖို့ ပြည်သူတွေက ၃ ကြိမ်တိတိ ဆန္ဒပြတောင်းဆိုပေမယ့် အချိန်ဆွဲပြီးမေ့လျော့ခံလိုက်ရတဲ့ အမှုခင်းတခုအဖြစ်နဲ့ပဲ အဆုံးသတ်သွားခဲ့တယ်။
ဒီလိုထင်ရှားပြီး တရားစီရင်မှုမပြီးဆုံးသေးတဲ့ အမှုခင်းတွေကို ဖြေရှင်းမပေးနိုင်သေးတဲ့ NUG ရဲ့ တရားစီရင်ရေး အပေါ် ဝန်ကြီးရုံးနဲ့အနီးကပ်ရှိနေတဲ့ မကြည်ပြာရဲ့ စွပ်စွဲခံရမှုဆိုတာလည်း ဘယ်လိုနည်းနဲ့ ပြီးဆုံးသွားနိုင်လဲ။ ရှင်းလင်းတဲ့ဖြေရှင်းချက်တွေနဲ့ တိုင်ကြားသူတွေကို ပြန်လည်မတုန့်ပြန်ပဲ အပြန်အလှန် တရားစွဲ တုန့်ပြန်လိုက်တဲ့ အခြေနေတွေကို NUG/MOJ အနေနဲ့ သမာသမတ်ကျကျ မြန်မြန်ဆန်ဆန် ဖြေရှင်းပေးနိုင်ဖို့ လိုပါလိမ့်မယ်။
“PDFများကိုသုံး၍ ရှင်းခိုင်းနိုင်သည်ဟု အသက်အန္တရာယ် ခြိမ်းခြောက်သည့်အပြောအဆိုများဖြင့် ဖိနှိပ်ခြင်း” ဆိုတဲ့တိုင်စာအရ စစ်အာဏာရှင်ကိုတော်လှန်ဖို့ လက်နက်ကိုင်ထားတဲ့ PDF ရဲဘော်တွေကို NUG အစိုးရရဲ့ အတွင်းဝန်တယောက်က သူ့ကိုဆန့်ကျင်တဲ့လက်အောက်ဝန်ထမ်းတွေကို ‘ရှင်းဖို့’ စေခိုင်းလို့ရသလား..? ဆိုတာက အတော်လေးအရေးကြီးတဲ့ စွပ်စွဲချက်တခုပါပဲ။ ဒီစွပ်စွဲချက်ကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ရင်တော့ လက်နက်ကိုင်တပ်တွေက ဝန်ကြီးတွေရဲ့ပုဂ္ဂိုလ်ရေးကိစ္စအတွက် သုံးလို့ရလား..? ဆိုပြီး ၂၀၂၁ နွေဦးတော်လှန်ရေးရဲ့ သမိုင်းဆိုးကြီးဖြစ်သွားပါလိမ့်မယ်။
“မကြည်ပြာအနေဖြင့် လက်ရှိအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြုပြင်ပြောင်းလဲရေးကော်မတီ တရပ်ကို ကိုင်တွယ်ခြယ်လှယ်ပြီး ဝန်ကြီးများကိုစိတ်ကြိုက်နေရာချထားခြင်း” ဆိုတဲ့ စွပ်စွဲချက်ကလည်း အကြီးစားပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ NUG အစိုးရအတွက် ဖြေရှင်းဖို့တော့လိုပါလိမ့်မယ်။ အစိုးရအဖွဲ့တခုလုံးရဲ့ ပုံရိပ်ကိုထိခိုက်လာစေတဲ့ တိုင်ကြားစာကို ယခင်နည်းအတိုင်း မိုတီရစေမယ့် ‘စကားလုံးအသစ်အဆန်းတွေ’၊ ထင်ယောင်ထင်မှားဖြစ်စေမယ့် ‘မျှော်လင့်ချက်အမှားတွေ’ပေးပြီး ဖြေရှင်းတဲ့ နည်းတွေမသုံးပဲ ပိုမိုကောင်းမွန်တဲ့နည်းလမ်းတခုနဲ့ ဖြေရှင်းသွားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။
“စီးပွားရှာလို့ကောင်းတဲ့အချိန်က စစ်ဖြစ်နေတဲ့အချိန်ရယ် စစ်ကြီးပြီးသွားတဲ့အချိန်ရယ်” လို့ ‘လေရူးသုန်သုန်’ စာအုပ်ထဲ ဖတ်မိပါတယ်။ ဒါကအခွင့်ရေးသမားတွေစွဲထားတဲ့ တရားပါ။ လက်ရှိနွေဦးတော်လှန်ရေး ဆိုတဲ့ ပြည်တွင်းစစ်ကြီး ဖြစ်နေတဲ့အချိန်ကိုလည်း ‘စီးပွားရှာလို့အကောင်းဆုံးအချိန်’ ဆိုပြီး ရသမျှအခွင့်ရေးတွေ ယူဖို့တော့ စိတ်ကူးမယဉ်ကြပါနဲ့။ ထင်သလောက်တော့ လွယ်တော့မှာမဟုတ်ပါဘူး။
အများကြီးတော့မမျှော်လင့်ပါဘူး။ “ဒီနေ့ငါသေပေးလိုက်လို့ မနက်ဖန်မှာတော်လှန်ရေးကြီး ပြီးသွားရင် သေပေးလိုက်ပါတယ်” လို့ ပြောခဲ့ဖူးတဲ့ လက်နက်ကိုင်ရဲဘော်လေးရဲ့ စိတ်ထား တဝက်စာလောက် စွန့်လွှတ်ရဲ စေချင်ပါတယ်။ အထူးသဖြင့် နေ့စဉ်ဗုံးဒဏ်ကြောက်ရတဲ့ ပြည်သူတွေနဲ့ အတူတူမနေရဲကြသေးတဲ့ ဝန်ကြီးတွေအနေနဲ့ တော်လှန်ရေးအတွက် စွန့်လွှတ်စွန့်စားရဲစေချင်ပါတယ်။
#RedNewsAgency #RNA #REDNEWS
