မြဝတီမြို့နယ်အတွင်းက တရုတ်များ ဖားအံအရောက် တစ်ယောက် (၅) သိန်း​စျေးပေါက်

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၅ခုနှစ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို နှိမ်နင်းနေသလို လုပ်ပြနေသည့်အတွက် တစ်ချို့သော ငွေလိမ်ဂိုဏ်းနှင့် ပတ်သက်သူများသည် ရွှေကုက္ကိုအပါအဝင် ကျားဖြန့်လုပ်ငန်းများမှ ရှောင်ပြေးချင်သည့်အတွက် မြဝတီမြို့နယ်မှ ဖားအံအရောက် တစ်ဦးကို ကျပ် (၅) သိန်းစျေးဖြင့် လက်နက်ကိုင်များက တာဝန်ယူ ပို့နေကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း Red News Agency ၏ သတင်းရင်းမြစ်က ” မြဝတီ-ဖားအံ တစ်ဦး ၅ သိန်းယူပြီးတော့ DKBA/BGF/PC တွေက ပို့ပေးနေတယ်။ ထီလုံ၊ နဘူး၊ ဖားအံတောင် ကလေးဂိတ်က စကစ၊ လဝကတွေက ငွေပေးနိုင်ရင်လွှတ်ပေးနေတယ်”ဟု နိုဝင်ဘာ ၂၂ ရက်နေ့က ပြောထားသည်။

ရွှေကုက္ကိုရှိ ကျားဖြန့်များကို အာဏာသိမ်းစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းမှု မပြုလုပ်ခင်ကတည်းက ကျားဖြန့်လုပ်ငန်း တာဝန်ခံများနှင့် ပတ်သက်သူများကို နေရာပြောင်းရွှေ့ထားမှုများ ပြုလုပ်ထားကြောင်း သတင်းများ ထွက်ပြီးနောက်၊ ရရှိထားသည့် အချက်အလက်များထဲတွင် ရန်ကုန်နှင့်အခြား နေရာများကို ဖြန့်ထားသည့်အပြင် BDF ထိန်းချုပ်နယ်မြေအတွင်းမှ သစ်ကတေဌာနချုပ်ဝင်းနှင့် လှိုင်းဘွဲ့ BGF တပ်နယ်ဘက်များကို ရွှေ့ထားသည်ဟုလည်း ကြားသိရသည်။

ယခုရက်ပိုင်း မြဝတီ-ဖားအံကို အဓိက တရုတ်များကို သယ်ထုတ်နေသော သတင်းများနှင့် ပတ်သက်ပြီး ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (BKBA)က ထိန်းချုပ်နယ်မြေအတွင်း သတ်မှတ်ထားသည့်နေရာများ၌ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ နိုင်ငံခြားသားများ (အထူးသဖြင့် တရုတ်နိုင်ငံသားများ) အား သယ်ဆောင်ခြင်းအား စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမည်ဟု နိုဝင်ဘာ (၂၄) ရက်နေ့က ထုတ်ပြန်ထားသည်။

KNU/KNLA-PC အောက်ခြေရဲဘော်တစ်ချို့က မြဝတီ-ဖားအံ ကိုလူသယ်ပို့လုပ်ဆောင်နေသော်လည်း DKBA လိုတရားဝင်ထုတ်ပြန်ချင်းမရှိသော်လည်း ဌာနချုပ်အနေဖြင့် တားမြစ်ထားကြောင်း၊ BGF အနေဖြင့် ကျားဖြန့်နှိမ်နင်းရေးအတွက် အာဏာသိမ်းစစ်တပ်နှင့်ပေါင်းပြီး ရွှေကုက္ကိုရှိ ဖျားဖြန့်အဆောက်အဦးများ ဝင်ရောက်စီးနင်းမှုတွင်လည်း ကျားဖြန့်တရားခံများကို ဖမ်းဆီးမရမိခြင်းမရှိပေမဲ့ အလုပ်သမား(နိုင်ငံခြားသား) များနှင့် လုပ်ငန်းခွင်အသုံးပြုသည့် ပစ္စည်းများကိုသာ ဖမ်းဆီးရမိသည့်အတွက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သော်လည်း BGF ထိန်းချုပ်နယ်မြေအတွင်း ကျားဖြန့်များရှိသေးသည်ဟု သတင်းများထွက်ပေါ်နေသည်။

ကရင်လက်နက်ကိုင်တစ်ဖွဲ့ဖြစ်သည့် KNU အနေဖြင့် နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်မှုကွန်ရက်များ၊ လည်ပတ်ဆောင်ရွက်နေမှုများနှင့် ယင်းဆက်စပ်ရာဇဝတ်မှုများအား နိုင်ငံတကာမှ တိုက်ဖျက်ရေး ကြိုးပမ်းမှုတွင် ပူးပေါင်းဆောင်ရွက်မည်ဟုပြောထားပြီးနောက် ထိုင်း-မြန်မာနယ်စပ်၊ မင်းလက်ပံရွာရှိ DKBA မှ ဗိုလ်မှူးစောကျော်ကိုဝင်း (ခ) သခွါးသီးနှင့် အခြားအဖွဲ့ဝင်များ လုံခြုံရေးယူပေးထားသည့် ကာစီနိုအပါအဝင် ကျားဖြန့်လုပ်ငန်းခွင်တစ်ခုကို KNU/KNLA ရဲဘော်များက နိုဝင်ဘာ ၂၁ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီး DKBA တပ်ဖွဲဝင် (၂၀) နှင့်အတူ လက်နက် ၁၇၆ လက်ကို သိမ်းဆည်းနိုင်ခဲ့ကြသည်။

 

မင်းလက်ပံကျေးရွာ သောင်ရင်းမြစ်ကမ်းအစပ်တွင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) အကာအကွယ်အောက်ရှိ နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်း (Scam Operation) တစ်ခုကို ကရင်အမျိုးသားအစည်းအရုံး (KNU) က မမျှော်လင့်ဘဲ ဝင်ရောက်စီးနင်း ထိန်းချုပ်နိုင်ခဲ့သည်ဟု ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) နံနက်ပိုင်းတွင် KNU က သတင်းထုတ်ပြန်ထားကြောင်း၊ KNU ဝင်ရောက်စီးနင်းနိုင်ခဲ့သည့် DKBA လုံခြုံရေးယူထားသည့် ကျားဖြန့်လုပ်ငန်းခွင်က ခေါင်းဆောင်ဟုယူဆရသော ဗိုလ်မှူးစောကျော်ကိုဝင်း (ခ) သခွါးသီးကို စစ်စည်းကမ်း ပုဒ်မ(၂)အရ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန် ပျက်ကွက်ခြင်း၊ စစ်စည်းကမ်းပုဒ်မ(၁၃)အရ ပေးအပ်ထားသော တာဝန်ထက် ကျော်လွန်လုပ်ဆောင်ခြင်းတို့ကြောင့် DKBA ကလည်း နိုဝင်ဘာ ၂၄ ရက်နေ့က ဖမ်းဝရမ်းထုတ်ထားသည်။

#RedNewsAgency #RNA #REDNEWS

By RNA Editor