KNDF ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က လက်နက်နှင့် စစ်ရေးအကူအညီများပေးခဲ့

RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က လက်နက်အပါအဝင် စစ်ရေးအကူအညီများ ပေးခဲ့ကြောင်း ယနေ့ကျရောက်သည့် KNDF (၂) နှစ်ပြည့် အထိမ်းအမှတ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့သည် နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကို ကူညီပေးမှုများစွာရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားကြသည်။

နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲနှင့် နယ်မြေစိုးမိုးမှုအောင်ပွဲများစွာ ရရှိထားသည့် KNDF သည် (၂)နှစ် အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ( ၁၀၀၀ ) ကျော်ဖြစ်ပွားခဲ့‌ကြောင်း၊ စစ်ကောင်စီတပ်ထံမှ လက်နက် အလက်(၆၀၀)ကျော်နှင့် ခဲယမ်းများစွာသိမ်းဆည်းရမိပြီး၊ စခန်းငယ် (၁၀)ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ (၁၀၀၀) ကျော်သေဆုံးခဲ့ကြောင်း၊ KNDF ရဲဘော် (၁၃၅) ဦးကျဆုံးခဲ့ရပြီး (၇၅)ဦးခြေလက်အင်္ဂါဆုံးရှုံးခဲ့ရကြောင်း သိရသည်။

KNDF အနေဖြင့် ညီနောင်မဟာမိတ် (၃) ဖွဲ့အပြင် KNU ထံမှ စစ်ရေးသင်တန်းများ၊ KA ထံမှ စစ်ရေးဦးဆောင်မှုအကူအညီများရရှိခဲ့ပြီး NUCC၊ NUG၊ CRPH တို့နှင့် ဆက်လက်ပြီး လက်တွဲပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရသည်။

#RedNewsAgency

By Editor