လေသံပြောင်းလို့ ဦးကျိုးလာတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ

“ဒီမိုကရေစီနှင့်ရွေးကောက်ပွဲကို အကြောင်းပြ စစ်တပ်အသုံးချခံပါတီများအဖြစ် သို့မဟုတ် စစ်တပ်လက်ဝေခံ ပါတီများအဖြစ်သာ ရပ်တည်ကြပြီး ပြည်သူထောင်ကျော်ကို သတ်ဖြတ်ထားသည့် စစ်ကောင်စီနှင့် လက်ဆွဲနှုတ်ဆက် စစ်ကျွန်ဘဝကို ရွေးချယ်ခဲ့ကြသူများသာဖြစ်သည်”

မေဇော်

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် မေလ၊ ၂၂ ရက်နေ့က ပဲခူးတိုင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကျင်းပပြီးပါက ရွေးကောက်ခံ အစိုးရထံသို့ နိုင်ငံ့တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း အာမခံချက်ပေးသည့် စကားပြောကြားခဲ့သည့်အပြင် တိုင်းပြည်အတွက် ကောင်းမွန်သည့်စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူမဆို လက်တွဲဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတော်ကို ကောင်းမွန်လိုစိတ်ဖြင့်သာ လုပ်ဆောင်နေသဖြင့် အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း မင်းအောင်လှိုင်က ပြောကြားခဲ့သေး၏။

အမှန်စင်စစ်မှာမူ စစ်ကောင်စီတပ်သည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် လူထု ဆုံးဖြတ်ထားသော မဲရလဒ်ကို လက်ခံနိုင်စွမ်းမရှိဘဲ စစ်အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရွေးကောက်ပွဲ ထပ်မံကျင်းပခြင်းသည် ၎င်းတို့အပေါ်  နိုင်ငံတကာဖိအားများလျော့ကျရန် အတွက်သာဖြစ်ပြီး ရွေးကောက်ပွဲ၏ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုမှာ အနှုတ်ပြနေ၏။ စစ်ခေါင်းဆောင်များသည် ယခုနှစ် ဇန်နဝါရီလက စတင်ကာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို အသစ်ပြဌာန်းခဲ့သည်။ ထို့နောက် ရက် (၆၀) အတွင်း ရွေးကောက်ပွဲကော်မရှင် UEC သို့ပါတီမှတ်ပုံတင်ပြီးရွေးကောက်ပွဲတွင်ဝင်ရောက်အရွေးချယ်ခံရန်ပါတီများကိုစည်းရုံးခဲ့သည်။

အဆိုပါ ရက် (၆၀) တာ ကာလအတွင်း နိုင်ငံရေးပါတီ (၆၃) ခုက မှတ်ပုံတင်လျှောက်ထားခဲ့ကြပြီး UEC ၏ မေလ (၁၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ ခွင့်ပြုချက်ရရှိသည့် နိုင်ငံရေးပါတီ ၁၆ ခု ရှိပြီဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲသို့ ဝင်ရောက်လျှောက်ထားခြင်းမရှိသည့် NLD နှင့် SNLD အပါအဝင် နိုင်ငံရေးပါတီ (၄၀) ကျော်ကိုမူပါတီအဖြစ်မှဖျက်သိမ်းကြောင်းစစ်ကောင်စီကထုတ်ပြန်ခဲ့သည်။

ပါတီများကို ဖျက်သိမ်းသည်ဟု ဆိုရာတွင် စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစ၍ NLD ပါတီ၏ နိုင်ငံအဝှမ်းရှိ ရုံးခန်းများကို မီးရှို့ခြင်း၊ ဗုံးခွဲဖျက်ဆီးခြင်းများ တစိုက်မတ်မတ် ပြုလုပ်ခဲ့သည်။ ပါတီဝင်များ၊ ကိုယ်စားလှယ်များကိုလည်း ဖမ်းဆီးအကျဉ်းချခြင်းနှင့် ရက်စက်စွာသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ပါတီဝင်မဟုတ်သည့် ပြည်သူများစွာကိုလည်း သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ စစ်အာဏာသိမ်းမှုကို မလိုလားသည့်အတွက် နိုင်ငံနှင့်တဝှမ်း လမ်းမပေါ်မှာ သိန်းချီသည့်လူအုပ်ကြီးများ ငြိမ်းချမ်းစွာဆန္ဒပြမှုကိုပင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။

NLD အပါအဝင် ရှမ်းတိုင်းရင်းများဒီမိုကရေစီပါတီ(SNLD) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပါအဝင်တိုင်းရင်းသားကိုယ်စားပြုပါတီများအစရှိသည့် လူထုထောက်ခံမှုမြင့်မားသောပါတီများသည် စစ်ကောင်စီကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲသို့ ဝင်ရောက်မှတ်ပုံတင်ခြင်းမရှိ။ စစ်ခေါင်းဆောင်များ၏ အကြမ်းဖက်ခြိမ်းခြောက်မှုများကိုရင်ဆိုင်ပြီးမိမိပါတီ၏နိုင်ငံရေးဂုဏ်သိက္ခာကိုစောင့်ထိန်းကြသည်။ အချို့သောပါတီဝင်များမှာ နွေဦးတော်လှန်ရေးတွင်ပါဝင်လှုပ်ရှားနေကြပြီး လူထုနှင့်တသားတည်းရပ်တည်လျက်ရှိကြ၏။

စစ်ကောင်စီရွေးကောက်ပွဲကို ဝင်ရောက်လျှောက်ထားခဲ့သောပါတီများတွင်မူ စစ်အာဏာသိမ်းမှုဖြစ်စဉ်ကိုထောက်ခံခဲ့သောပါတီများလည်းပါဝင်နေသည်ကို တွေ့ရှိရ၏။ အဆိုပါ ပါတီများသည် လူထုကို ရက်စက်စွာသတ်ဖြတ်သော အာဏာသိမ်းဖြစ်စဉ်ကို ထောက်ခံခဲ့မှုကိုကြည့်ချင်းအားဖြင့် လူထုအတွက် တည်ဆောက်ထားသော နိုင်ငံရေးပါတီများမဟုတ် စစ်ကောင်စီ၏လက်ကိုင်တုတ်ဖြစ်နေခြင်းမှာထင်ရှား၏။

ဒီမိုကရေစီနှင့်ရွေးကောက်ပွဲကိုအကြောင်းပြ စစ်တပ်အသုံးချခံပါတီများအဖြစ် သို့မဟုတ် စစ်တပ်လက်ဝေခံပါတီများအဖြစ်သာ ရပ်တည်ကြပြီ းပြည်သူထောင်ကျော်ကိုသတ်ဖြတ်ထားသည့် စစ်ကောင်စီနှင့် လက်ဆွဲနှုတ်ဆက် စစ်ကျွန်ဘဝကိုရွေးချယ်ခဲ့ကြသူများသာဖြစ်သည်။

ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည့်ပြည်သူလူထုအနေဖြင့်စစ်တပ်၏ဖိနှိပ်သတ်ဖြတ်မှုများကိုပြန်လည်ခုခံရန်လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ပြီးဖြစ်သော်လည်းဦးကိုကိုကြီး၏ပြည်သူ့ပါတီကဲ့သို့သောပါတီများမှာနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနှင့်ဖြေရှင်းမည်ဟုဆိုကာရွေးကောက်ပွဲတွင်မှတ်ပုံတင်ခဲ့ကြသည်။စစ်ကောင်စီသည်ရွေးကောက်ပွဲအတွက်တရားမျှတမှုရှိသောရလဒ်ဖော်ဆောင်ကာအာဏာခွဲဝေပေးလိမ့်မည်ဟုထင်မှတ်မှားနေကြဆဲပင်ဖြစ်နေခြင်းလားဒါမှမဟုတ်စစ်တပ်လက်အောက်ခံဘဝကိုတရှိုက်မက်မက်လိုချင်၍ဖြစ်မည်။

မည်သို့ဆိုစေကာမူလက်ရှိမြေပြင်တွင်ယခုနှစ်အတွင်းစစ်ကောင်စီကရွေးကောက်ပွဲကျင်းပနိုင်ရန်အခွင့်အရေးလုံလောက်စွာမရှိချေ။ နိုင်ငံတဝှမ်းဒေသအနှံ့အပြားတွင်တော်လှန်ရေးအင်အားစုများ၏ခုခံတိုက်ပွဲများသည်ယခုနှစ်အတွင်းပိုမိုပြင်းထန်လာပြီးစစ်ကောင်စီမှာနယ်မြေဒေသတိုင်းကိုဥဒဟိုဝင်ထွက်သွားလာခွင့်မရှိတော့။တိုက်ပွဲပြင်းထားလာမှုနှင့်အတူနယ်မြေစိုးမိုးမှုများစွာဆုံးရှုံးထားရသည့်စစ်တပ်အနေဖြင့်အောင်မြင်စွာကျင်းပနိုင်မည်မဟုတ်သည့်ရွေးကောက်ပွဲနိုင်ငံရေးထွက်ပေါက်တခုသာဖြစ်သည်။

စစ်ကိုင်း၊ တနင်္ဿာရီ၊ ကယားပြည်နယ် (ကရင်နီ)၊ ချင်းပြည်နယ် အပါအဝင် ဒေသအများအပြားတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် EROs များက တစတစခြေဆန့်လာကြပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲလှုပ်ရှားမှုများကိုဆန့်ကျင်ကြောင်းလည်း အပြင်းအထန်သတိပေးထားကြသည်။စစ်ကောင်စီ၏နိုင်ငံရေးထွက်ပေါက်ပေးကြမည့်အာဏာရှင်လက်ဝေခံပါတီများအနေဖြင့်လည်းရွေးကောက်ပွဲနှင့်ပတ်သက်သည့်လှုပ်ရှားမှုများကိုပြုလုပ်နိုင်ခြင်းမရှိသည်ကိုတွေ့ရှိရသည်။

ဗမာ့ရေးရာနှင့် ပဋိပက္ခ လေ့လာရေး – BACS ၏ ယခုနှစ်၊ မတ်လအတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်သည့် တွေ့ရှိချက်များတွင် ပြည်ခိုင်ဖြိုးပါတီကသာ စစ်ကောင်စီတပ်၏ လုံခြုံရေးပေးမှုနှင့် တလအတွင်း ရွေးကောက်ပွဲ ပညာပေး ၁ ကြိမ်၊ လူထုစည်းရုံးရေး ၁၇ ကြိမ်၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂၁ ကြိမ်၊ ပါတီတွင်း စည်းရုံးရေး ၃၂ ကြိမ် သာလုပ်ဆောင်နိုင်ခဲ့သည်။ အခြားသောပါတီများမှာမူ ရွေးကောက်ပွဲအတွက် လှုပ်ရှားမှုများ သိသာထင်ရှားစွာ မမြင်တွေ့ရပေ။ နယ်မြေမတည်ငြိမ်မှုနှင့် လူထုလက်မခံမှုကြောင့်သာ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲလှုပ်ရှားမှုများကို မပြုလုပ်နိုင်ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပ နိုင်မှု ရှိ/ မရှိဟူသည်မှာစစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ခြင်းအပြင်နယ်မြေစိုးမိုးနိုင်မှုအခြေအနေများကိုလည်းပေါ်လွင်စေမည်ဖြစ်သည်။ တပြိုင်နက်တည်းမှာပင်တော်လှန်ရေးအင်အားစုများ ရဲဘော်များ၏ ခုခံတော်လှန်နိုင်မှုနှင့်နယ်မြေရရှိမှုများကိုလည်း သိသာထင်ရှားစေသည်။ ရွေးကောက်ပွဲကျင်းပမည်ဟုပြောကြားထားသည့် စစ်ကောင်စီသည်နိုင်ငံရေးထွက်ပေါက်အဖြစ်ကို တခြားနည်းလမ်းမရှိတော့သည့်အတွက် နိုင်ငံတကာကိုအကြောင်းပြ ပြောဆိုလုပ်ဆောင်နေခြင်းသာဖြစ်သည်။ ပြည်သူများသည် ပါတီစုံရွေးကောက်ပွဲနှင့်ပတ်သက်ပြီးဆန္ဒသဘောထားများကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲများဖြစ်သည့်၂၀၁၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်၂၀၂၀ရွေးကောက်ပွဲတို့တွင်သက်သေပြပြီးဖြစ်သည်။

ထို့ကြောင့်ပင်စစ်ကောင်စီသည် နိုင်ငံရေးထွက်ပေါက်ရှာရန်ရွေးကောက်ပွဲကို ကျင်းပလိုသော်လည်း၎င်းတို့၏ မြေပြင်မစိုးမိုးနိုင်မှုကိုကမ္ဘာကသိရှိမည်ကိုလည်း စိုးရိမ်သောကရောက်ရှာသည်။ ဦးကျိုးလာသောရွေးကောက်ပွဲသည် မင်းအောင်လှိုင်ပခုံးပေါ်သို့ ဂုတ်ခွစီးနေပြီး ၂၀၂၃အတွက်စစ်ကောင်စီ၏ ရွေးကောက်ပွဲအိပ်မက်ကို စွန့်လွှတ်ရနိုင်ချေရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။သို့သော် စစ်ကောင်စီကျင်းပသည့်ရွေးကောက်ပွဲသည်ကား ပြည်သူများအသိအမှတ်မပြု လက်မခံနိုင်သည့် မတရားသည့်ရွေးကောက်ပွဲသာဖြစ်ပေလိမ့်မည်။

Red News Agency

By Editor