Author: Admin

  • ပြည်သူတိုင်း PDF တပ်သားလို့ ခံယူစေချင်

    ပြည်သူတိုင်း PDF တပ်သားလို့ ခံယူစေချင်

    ပြည်သူတိုင်း PDF တပ်သားလို့ ခံယူထားစေချင်ကြောင်း မြောင် အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့က ပြောကြား

    RNA_ဇန်နဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။

    “နွေဦးတော်လှန်ရေးမှာ PDF တွေ တိုက်ပွဲဝင်ပါလိမ့်မယ်ဆိုတဲ့ အနေအထားမျိုးနဲ့ မသွားချင်ဘူး၊ ပြည်သူတိုင်း ပြည်သူတိုင်းက ကိုယ့်ကိုယ်ကို ငါတို့သည် PDF တပ်သားပါဆိုတာမျိုးနဲ့ ခံယူထားစေချင်တယ်။ အုံနဲ့ကျင်းနဲ့ တော်လှန်ရေးပွဲကြီးကို ဆင်နွှဲကြတဲ့အခါမှာ ကိုယ်ကျရာ အခန်းကဏ္ဍကနေမှ အင်တိုက်အားတိုက်နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ပြည်သူ တစ်ယောက်ချင်းစီ တယောက်ချင်းစီတိုင်းကို မေတ္တာရပ်ခံချင်ပါတယ်” လို့ မြောင် အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့က အမရာ နှင့် ဟီရာတို့က ပြည်သူများကို ပြောကြားထားသည်။

    Red News Agency

  • လေးကေကော်မှာ မြောင်းမြ လွှတ်တော်ကိုယ်စားလှယ်နှင့်၁၀ ဦးကျော် ဖမ်းဆီးခံရ

    လေးကေကော်မှာ မြောင်းမြ လွှတ်တော်ကိုယ်စားလှယ်နှင့်၁၀ ဦးကျော် ဖမ်းဆီးခံရ

    RNA_ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။

    KNU တက်မဟာ (၆) နယ်မြေ လေးကေကော် မြို့သစ်အိမ်ယာမှာ စစ်ကောင်စီတပ်တွေ ယနေ့ နံနက်က ဝင်စီးရာမှာ မြောင်းမြလွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် အပါအဝင် (၁၀) ဦးကျော် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

    စစ်ကြောင်းဖြန့်ပြီး လေးကေကော်ထဲ ဝင်ရောက်ရှာဖွေမှုကြောင့် ယနေ့ နံနက်ဖမ်းဆီးခံရမှုများရှိသလို စစ်ရေးတင်းမာနေသည့်အတွက် ဒေသခံများ အထုပ်ပြင်ထားရကြောင်း၊ အချိန်မရွေး အပစ်အခတ်ဖြစ်လာနိုင်ကြောင်း၊ လေးကေကော်သည် KUN နယ်မြေဖြစ်ပြီး စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် မကြာခဏ ဝင်ရောက်နေကြောင်း သိရသည်။

    လေးကေကော်မြို့သစ်သည် ငြိမ်းချမ်းရေး ဆွေး‌နွေးပွဲတွေ ပြန်စသည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းမှ စစ်ဘေးရှောင်များ နေထိုင်ရန်ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြုလုပ်ထားသည့် အိမ်ယာဖြစ်ကြောင်း၊ ၂၀၁၀ အစိုးရ သဘောတူညီမှုဖြင့် ပြုလုပ်ထားပြီး KNU တပ်မဟာ (၆) နယ်မြေတွင်းဖြစ်ကြောင်း သိရသည်။

    Red News Agency

  • နေအိမ်ရှေ့ မြေမြှပ်မိုင်းပေါက်ကာ မိခင်သေဆုံးပြီး ၂ နှစ်အရွယ် ကလေးငယ် ခြေတဖက်ဆုံးရှုံး

    နေအိမ်ရှေ့ မြေမြှပ်မိုင်းပေါက်ကာ မိခင်သေဆုံးပြီး ၂ နှစ်အရွယ် ကလေးငယ် ခြေတဖက်ဆုံးရှုံး

    RNA_ဒီဇင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်။

    ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ နေအိမ်ရှေ့တွင် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲပြီး မိခင်သေဆုံးကာ (၂)နှစ်အရွယ် မိန်းကလေးငယ် ခြေတဖက်ဆုံးရှုံးလိုက်ရသည့်အတွင် ယူနီဆက်က ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

    ဒီဇင်ဘာလ ၅ ရက်နေ့က အိမ်ရှေ့မှာတင် မြေမြှပ်မိုင်း ကောက်ကွဲကာ မိခင်သေဆုံးပြီး၊ ကလေငယ်မှာ ညာခြေ ဖြတ်လိုက်ရပြီး ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

    ” မြေမြှုပ်မိုင်းများ အသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ရပါမည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို မိုင်းအန္တရာယ် အသိပညာပေးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိနိုင်ရေး၊ မပေါက်ကွဲသေးသော လက်နက်များ၊ လက်ရှိမိုင်းများကို ရှင်းလင်းရန်၊ ပဋိပက္ခဖြစ်ပွားနေသည့် နေရာများရှိ ကလေးသူငယ်များ ဘေးအန္တရာယ် ကင်းစေရန်နှင့် ၎င်းတို့၏ အကာအကွယ် ရပိုင်ခွင့်များကို ပံ့ပိုးပေးရန် ယူနီဆက်မှ တောင်းဆိုပါသည်” ဟု ဒီဇင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။

    နွေဦးတော်လှန်ရေး ခုခံစစ် တိုက်ပွဲများအတွင်း မြေမြှပ်မိုင်းကို စစ်ကောင်စီဘက်က အသုံးများပြီး၊ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်လုပ်ဆွဲမိုင်း( ပဒေသာမိုင်း) တို့ကို အသုံးပြုနေကြကြောင်း သိရသည်။

    Red News Agency

  • တိတ်ဆိတ်မှုနဲ့ တော်လှန်နေတဲ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်

    တိတ်ဆိတ်မှုနဲ့ တော်လှန်နေတဲ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်

    ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက်။

    ဒီနေ့ မနက်ပိုင်း ရန်ကုန်မြင်ကွင်းတွေအရဆိုရင်လမ်းပေါ်မှာ လူတွေ၊ကားတွေ စျေးသည်တွေ အတော့်ကို နည်းပါးလွန်းနေပါတယ်။ ဆိုင်အများအပြားပိတ်ထားတာကို တွေ့ရပြီး ပုံမှန်လူစည်ကားရာ ရန်ကုန်မြို့ နေရာတော်တော်များများ
    တိတ်ဆိတ်ခြောက်ကပ်နေတာတွေ့ရပါတယ်။

    ဒီအခြေအနေဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဖိအားပေး ခြိမ်းခြောက်နေတဲ့ ကြားက “ငါတို့မြို့ကို ငါတို့ပိုင်တယ် ငါတို့ငြိမ်ချင် ငြိမ်မယ် ငါတို့ လှုပ်ချင်လှုပ်မယ်” ဆိုပြီး ကားမရှိ၊ လူမရှိ၊ ဈေးသည်မရှိ တရက်တာ Silent Strike သပိတ်မှာ ပါဝင်ပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါတယ်။
    စစ်အာဏာရှင်တော်လှန်ရေး အသံတိတ်သပိတ် Silent Strike ကို ယနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့မှာ နိုင်ငံအဝှမ်းက ပြုလုပ်နေတာဖြစ်ပါတယ်၊ ပြည်သူများရဲ့ ဒီမိုကရေစီလိုလားမှုနဲ့ လူ့အခွင့်အရေးဆုံးရှုံးနေမှုတွေကို မီးမောင်းထိုးပြလိုက်တာဖြစ်သလို စစ်အာဏာရှင်ကို ပြည်သူတွေ ရွံရှာမုန်းတီးနေတဲ့အကြောင်း ကမ္ဘာကြီးကို လက်တွေ့ပြသလိုက်တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လျက်ရှိနေတဲ့ လူ့အခွင့် ရေးဆိတ်သုဉ်းနေမှုများကို ဖော်ညွှန်းရေး၊ တော် လှန်ရေးအ ဆက်ဆက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းအပေါင်းကို ဂုဏ်ပြုအောက်မေ့ရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ စစ်အာဏာရှင်တော်လှန်ရေး အသံတိတ်သပိတ် Silent Strike ကို ပြည်သူများ အပါဝင်ပြီး ပြုလုပ်နေတာဖြစ်ပါတယ်။

    မြန်မာနိုင်ငံက ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး
    များအတွက် တနိုင်ငံလုံး မနက် (၁၀) နာရီက‌နေ ညနေ (၄) နာရီထိ လမ်းပေါ်မှာ ဈေးဆိုင်မရှိ၊ ကားမရှိ၊ လူမရှိ ခြင်းနဲ့ “ဆိတ်သုဥ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ” ဆိုပြီး အသံတိတ်သပိတ် ပြုလုပ်ကြဖို့ သပိတ်ဦးဆောင်သူတွေက ပြည်သူလူထုကို ကြိုတင်ပြီး တိုက်တွန်းနှိုး‌ဆော်ထားတာပါ။

    မြန်မာပြည်သူတွေ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အာဏာသိမ်းစစ်တပ်ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတဲ့ ကာလဖြစ်ပါတယ်၊ လမ်းမတွေပေါ်မှာ ကြွေးကြော်သံတွေနဲ့ ကမ္ဘာကြီး တခုလုံးကြားအောင် အော်ဟစ်ခဲ့ကြတယ်၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့လူအုပ်ကြီးကို သေနတ်ပစ် ဖြိုခွင်းခဲ့ကြ၊ အကျဉ်းထောင်တွေထဲ မတရားဖမ်းဆီးခဲ့ကြ၊ လူပေါင်းထောင်ချီ အသတ်ခံနေရတာတောင် ပြည်သူတွေဟာ အခွင့်ရတိုင်း စစ်အာဏာရှင်တွေကို မောင်းထုတ်ဖို့ ရောက်တဲ့နေရာက ရတဲ့အခွင့်အရေးကို အသုံးပြုပြီး ကြိုးစားပြီး လုပ်ဆောင်နေကြ လူထုတိုက်ပွဲဖော်ဆောင်ဆောင်သူတွေရဲ့ တိုက်တွန်းနှိုးဆော်မှုတွေကို နားစွန့်နေကြတာပါ။
    ဒီလို တိုက်တွန်းနှိုးဆော်ချက်တွေနဲ့အတူ တဖက်မှာလည်း Silent Strike Day မတိုင်ခင် ဒီဇင်ဘာ ၉ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က လုပ်ငန်းရှင်တွေ၊ စျေးတွေ၊ ဈေးသည်တွေကို ဆိုင်တွေဖွင့်လှစ်ဖို့ ၊ လုပ်ငန်းတွေ မပိတ်ဖို့၊ စျေးတွေ မပိတ်ဖို့ ပုံစံအမျိုးမျိုးနဲ့ ဖိအားပေး ခြိမ်းခြောက်တာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။

    ဘယ်လိုပင် ခြိမ်းခြောက်ဖိအားပေးခဲ့ပါစေ”ငါတို့မြို့ကို ငါတို့ပိုင်တယ်၊ ငါတို့ငြိမ်ချင် ငြိမ်မယ် ငါတို့ လှုပ်ချင်လှုပ်မယ်” ဆိုတဲ့ အသံတိတ်သပိတ်Silent Strike ကို ရန်ကုန်နေပြည်သူများက ရဲရဲဝံ့ဝံ့ ပါဝင်တိုက်ပွဲ ဝင်နေကြခြင်း ဖြစ်ပါတယ်။

    Red News Agency

  • NUG ကို အခွန်မဆောင်သည့် ကုမ္ပဏီအကြီးစား လုပ်ငန်းများကို အရေးယူမည်

    NUG ကို အခွန်မဆောင်သည့် ကုမ္ပဏီအကြီးစား လုပ်ငန်းများကို အရေးယူမည်

    RNA_ဒီဇင်ဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာမည့် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကို ဝင်ငွေခွန်ဆောင်ကြရမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ကျော်လွန်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ယနေ့ ကြေညာထားသည
    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖြတ်သန်းသွာလာသည့်အချိန် စစ်ဆေးရာတွင် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများ NUG ကို အခွန်ဆောင်ထားသည့် Digital Slip ဖြတ်ပိုင်းများ ပြသရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလကျော်လွန်ပါက Digital Slip မပြနိုင်သည့် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများကို မြို့နယ် ပ-အ-ဖ များနှင့်ချိတ်ဆက်ပြီး ထိရောက်စွာ အရေးယူသွားမည် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
    စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အာဏာသိမ်းစစ်တပ်နှင့် ပတ်သက်သမျှ ထုတ်ကုန်များ မသုံးစွဲရေး တားမြစ်ထားပြီး တွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

    Red News Agency

  • ကနီနယ်တွင် စစ်ဘေးရှောင် ၁၅၀၀ ခန့် စားနပ်ရိက္ခာ ပျက်လပ်နေ

    ကနီနယ်တွင် စစ်ဘေးရှောင် ၁၅၀၀ ခန့် စားနပ်ရိက္ခာ ပျက်လပ်နေ

    ကနီ၊ ဒီဇင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၁၅၀၀ ခန့် စားနပ်ရိက္ခာ ခက်ခဲနေကြောင်း ဒေသခံပရဟိတအဖွဲ့ထံမှ ယနေ့ သိရသည်။

    “လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ မုတ်ထောမှာ နှစ်လုံးကျတယ်၊ မကွဲဘူး၊ ငဖျက်မှာ ၄ လုံးကျတယ်၊ ၂ လုံးကွဲတယ်၊ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူး၊ စစ်ဘေးရှောင်တွေအတွက် စားစရာ ခက်ခဲနေတယ်” ဟု ကနီမြို့နယ် ပရဟိတအဖွဲ့ဝင် တစ်ဦးကပြောသည်။

    ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ နတ်ကြီးတွင် စစ်ကောင်စီတပ်များမှ တပ်စခန်းချထားပြီး အနောက်ဘက်ကမ်းရှိ တဇယ်ချောင်၊ ညောင်ပင်ဝန်း၊ ပန်းဆိုင်း၊ ငဖျက်၊ မုတ်ထော၊ အိုင်တောင်၊ ချိုင်၊ သရက်ပင်၊ မအူ စသည့်ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။

    စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသည့်အတွက် ကနီ၊ ယင်းမာပင်၊ ဒီပဲယင်းစသည့် ကျေးရွာက ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသူ အများအပြားရှိကြောင်း သိရသည်။

    Photo: TGDN

  • ပွင့်ဖြူမြို့ အနောက်ဘက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး ဒေသခံများကိုဖမ်းဆီးမှုတွေ ပြုလုပ်နေ

    ပွင့်ဖြူမြို့ အနောက်ဘက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး ဒေသခံများကိုဖမ်းဆီးမှုတွေ ပြုလုပ်နေ

    RNA_ဒီဇင်ဘာ ၆ ရက်၊၂၀၂၁ ခုနှစ်။

    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့နှင့် စေတုတ္တရာကြား မုန်းဆည်အထက် ကြီးအုံကြီးဝလမ်းခွဲဝန်းကျင်ဘက်တွင် စစ်ကောင်စီတပ်က ယခုရက်ပိုင်း စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးနေကြောင်း သိရသည်။

    မုန်းဆည်အထက် ကြီးအုံကြီးဝလမ်းခွဲ ချောင်းဆုံကျေးရွာဝန်းကျင်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က မုန်း ပြည်သူ ၄ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း၊ မုန်းတမံ အနီးမှာလည်း ပြည်သူနှစ်ယောက်ကိုဖမ်းပြီး ပါးရိုက်ကန်ကြောက်ကာ နှိပ်စက်မှုများပြုလုပ်နေကြောင်း၊ ယနေ့တွင်လည်း တောနင်းပြီး ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

    ” အဓိက မုန်းချောင်းအတိုင်း စက်လှေတွေကို ရွာတွေကနေ အတင်းအဓမ္မခေါ်ပြီး ‌ရေကြောင်းက တက်တယ်၊ ကုန်းကြောင်းကလည်း လာတယ်၊ ဒေသခံမဟုတ်တဲ့သူတွေကော ဒေသခံတွေကော ဖမ်းနေတယ်၊ တချို့ဖမ်းပြီး ပြန်လွှတ်တယ် မလွှတ်ခင် လေးဘက်ထောက် သွားခိုင်းတာတွေလုပ်တယ်၊ သူတို့ဘာသတင်းရလို့လည်းမသိဘူး စေတုတ္တရာနဲ့ကြားဆိုတော့ PDF အသံကြားလို့နေမယ်၊ အခုတော့ တော်တော်ဆိုးဆိုးအဖွဲ့လိုက်ကြီး တောနင်းရှာနေတယ်” ဟု ဒေသခံတဦးက ပြောသည်။

    ယနေ့ နေ့ နံနက်ပိုင်းက PDF များကို ရှာမည်ဟုဆိုကာ စစ်ကောင်စီတပ် (၅၀) ဝန်းကျင်က စေတုတ္တရာမြို့နှင့် ပွင့်ဖြူမြို့အကြားက ကြီးအုံကျေးရွာနှင့် သံဆည်ကျေးရွာတို့က စက်လှေများ ချောဆွဲပြီး နွားမတောင် ခြောက်ရွာဘက်နှင့် ဝန်လို ခိုနန်းကျေးရွာများဘက်မှာ ရောက်ရှိနေကြောင်း၊ ဒီဇင်ဘာ ၇ ရက်နေ့တွင်လည်း ယင်းနယ်တဝိုက်ကို ထိုးစစ်ဆင်နိုင်ကြောင်း သိရသည်။

    မုန်းဆည်တမံအထက် ပိုင်းတွင် စေတုတ္တရာအထိ တောတောင်ထူထပ်ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များ ဆက်စပ်နေသည့် မကွေးတိုင်းအစပ်ဖြစ်ကြောင်း၊ ယင်းတောတောင်ဘက်ကို စစ်ကောင်စီတပ်က တောနင်းရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။

    Red News Agency

  • အင်းစိန်ထောင်တွင်း ဆန္ဒပြသူများ အရိုက်ခံရပြီး ဆေးကုသခွင့်မရ

    အင်းစိန်ထောင်တွင်း ဆန္ဒပြသူများ အရိုက်ခံရပြီး ဆေးကုသခွင့်မရ

    RNA_ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။

    ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင်း ဆန္ဒပြသူများ ဒီဇင်ဘာလ ၁၀ ရက်နေ့ညက အရိုက်ခံခဲ့ရပြီး ယနေ့ နေ့‌လည်ပိုင်းအထိ ဆေးကုသခွင့် မရကြောင်း သိရသည်။

    ” မနေ့က အစာငတ်ခံ ဆန္ဒပြတယ်၊ ပြီးတော့ သွေးသစ္စာသီးချင်းတွေ ဆိုကြတယ် ညကြတော့ အဲဒီ သီးသန့်ထောင်က ၅၀၅ တွေကို ထောင်မကြီးထဲပြောင်းတယ်၊ ထောင်ပိုင်က ရိုက်ဖို့အမိန့်ပေးတာ၊ ဒီနေ့ ထပ်ကြားရတာက ညကအရိုက်ခံရသူတွေကို ဆေးမကုရဘူးလို့ ထောင်ပိုင်က အမိန့်ထုတ်ထားတယ်” ဟု အင်းစိန်ထောင်နှင့် နီးစပ်သည့် ရှေ့နေတချို့ထံက သိရသည်။

    ဒီဇင်ဘာလ ၁၀ ရက်နေ့က အင်းစိန်အကျဉ်းထောင် သီးသန့်ထောင်မှာထားသည့် မတရားဖမ်းဆီးခံထားရသူများက အစာငတ်ခံဆန္ဒပြ သွေးသစ္စာသီချင်း သီဆိုခဲ့မှုကြောင့် ထောင်မကြီးထဲကို အမျိုးသား အမျိုးသမီး (၈၉)ဦးကို ပြောင်း‌ရွေ့ပြီး ထောင်ပိုင်က ရိုက်နှက်ရန် အမိန့်ပေး စေခိုင်းခဲ့ကြောင်း သိရသည်။

    အင်းစိန် ထောင်ပိုင် ဇော်လင်းအောင်သည် စစ်တပ်က အသွင်ပြောင်းဖြစ်ပြီး နိုင်ငံရေးသမား၊ နွေဦးတော်လှန် ရေးအတွင်း ဖမ်းဆီးထားသူများကို ရည်ရွယ်ချက်ရှိရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများလုပ်ကြောင်း၊ နိုင်ငံတော် တရားသူကြီးချုပ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ဦးဆောင်ရေးဆွဲခဲ့သည့် ဦးအောင်တိုး မြေးမ ယောက်ျားဟု သတင်းထွက်နေပြီး၊ အင်းစိန်ထောင်ကို နွေဦးတော်လှန်ရေး ကာလအတွင်း ပြောင်းလာပြီး မတရားဖမ်းဆီးခံရသူများ၏ ဆန္ဒပြမှု (၂) ကြိမ်ကြုံတွေ့ခဲ့ရာ ယခုတခါ ဆန္ဒပြပါဝင်သူများကို ရိုက်နှက်ဖို့ အမိန့်ပေးခဲ့ကြောင်း၊ အာဏာသိမ်းစစ်တပ်ထိပ်ပိုင်းနှင့် အဆက်အသွယ်ရှိသည့်အတွက် မည်သူ့ကိုမှဂရုမစိုက်အာဏာမက်သူဖြစ်ပြီး အာဏာရှင်ဆန်ဆန်ပြုမူဆောင်ရွက်ကြောင်း သိရသည်။

    Red News Agency

  • တော်လှန်ရေးအမြန်အောင်ဖို့ စစ်ရေးသက်သက်အမြင်ဖြင့် ချဉ်းကပ်၍ မရနိုင်

    တော်လှန်ရေးအမြန်အောင်ဖို့ စစ်ရေးသက်သက်အမြင်ဖြင့် ချဉ်းကပ်၍ မရနိုင်

    စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုကို လက်နက်ကိုင်တော်လှန်ရေးနဲ့ ဖြုတ်ချမယ်လို့ ကြွေးကြော်သံတင်ပြီးနောက် ရတဲ့နည်းနဲ့လက်နက်ရှာ၊စစ်သင်တန်းတက်၊ပျောက်ကြားအစုတွေဖွဲ့ပြီး တော်လှန်နေတဲ့အင်အားစုတွေ အများအပြားရှိနေကြပါပြီ။

    အဆိုပါတော်လှန်ရေးအင်အားစုတွေမှာ ကိုယ်ပိုင်ရည်မှန်းချက်အသီးသီးရှိကြသလို အားလုံးလက်ခံထားတဲ့ ဘုံရည်မှန်းချက်‌လည်း ရှိပါတယ်။ကိုယ်ပိုင်ရည်မှန်းချက်တွေကတော့ တဖွဲ့နဲ့တဖွဲ့ ခံယူကျင့်သုံးဆောက်တည်ပုံကို လိုက်ပြီး အနိမ့်အမြင့် အနီးအဝေး အကွာအလှမ်းတွေ တူမယ်မဟုတ်ကြပါဘူး။အနိမ့်ဆုံးဘုံရည်မှန်းချက်ကတော့ “စစ်သုံးစစ်တိုက်ဖျက်ရေး” တနည်းပြောရရင် “စစ်အာဏာရှင်စနစ်ပြုတ်ကျရေး”ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

    စစ်အာဏာရှင်ကို တိုက်တဲ့နေရာမှာ ကမ္ဘာအရပ်ရပ်က နမူနာတွေကိုကြည့်ပြီး သင်ခန်းစာထုတ်ယူနိုင်ဖို့ အရေးကြီးပါတယ်။အောင်မြင်တဲ့နိုင်ငံတွေရော မအောင်မြင်တဲ့နိုင်ငံတွေကိုပါ လေ့လာဆန်းစစ်ပြီး ဘာကြောင့်အောင်မြင်ရတယ်၊ဘာကြောင့် မအောင်မြင်ခဲ့ရဘူးဆိုတာတွေ သင်ခန်းစာထုတ်နုတ်ဆင်ခြင်သင့်တယ်လို့ အကြံပြုလိုပါတယ်။

    အခုဆောင်းပါးမှာ ထောက်ပြချင်တာက “စစ်ရေးလှုပ်ရှားမှုသက်သက်(ဝါ) စစ်ရေးသက်သက်အမြင်”နဲ့ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ မလွယ်ကူဖူးဆိုတာပါပဲ။ဒီလိုဆိုလိုတာဟာ “လက်နက်ကိုင်တော်လှန်ရေး”ကို အားမပေးတာမဟုတ်ဘူးလို့ ရှင်းရှင်းပဲ ပြောပါရစေ။လက်နက်ကိုင်တော်လှန်ရေးဟာ လူထုရဲ့တောင်းဆိုချက်ကြောင့် မဖြစ်မနေလိုအပ်ချက်တခုဖြစ်လာရသလို အခုတော်လှန်ရေးအဆင့်မှာလည်း သီအိုရီအရ လက်နက်ကိုင်တိုက်ဖို့လိုအပ်လာပါပြီ။သဘောတရားရော လက်တွေ့အရပါ “လက်နက်ကိုင်တော်လှန်ရေး”ကို လက်ခံရပါလိမ့်မယ်။ဒါပေမယ့် လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲကို မပေါင်းစပ်ဘဲ သွားလို့မရဘူးဆိုတဲ့ ရှုထောင့်ကနေ ကျနော်ချဉ်းကပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

    အထက်မှာဆိုခဲ့သလို “နွေဦးတော်လှန်ရေး”မှာ လက်နက်ကိုင်တိုက်ပွဲကို လက်ခံထားပြီးရင် ဘယ်လိုအောင်ပွဲခံအောင်လုပ်ရမလဲဆိုတာ ဆက်စဉ်းစားကြည့်ကြပါစို့။ဒီလိုစဉ်းစားတဲ့အခါ တိုက်ပွဲနည်းနာတွေ၊နည်းပရိယာယ်တွေ အများကြီးစုံလင်ကြွယ်ဝဖို့ လိုပါလိမ့်မယ်။”လက်နက်ကိုင်တိုက်ရုံသက်သက်”ထက် ပိုတဲ့နည်းပရိယာယ်လမ်းစဉ်တွေမရှိခဲ့ရင် တော်လှန်ရေးက ကြန့်ကြာပြီး ရေရှည်မှာ ကျည်အား၊ငွေအားသာတဲ့ဘက်က အနိုင်ရသွားမှာ ဖြစ်ပါတယ်။အားလုံးသိတဲ့အတိုင်း စစ်အုပ်စုက ကျနော်တို့ထက် လက်နက်၊ငွေ၊အာဏာနဲ့လုပ်ပိုင်ခွင့်တွေ အသာစီးရထားတာမဟုတ်ပါလား။ကျနော်တို့ သူတို့ကို ဘယ်လိုအနိုင်တိုက်ကြမလဲ။

    ပထမဆုံးလိုအပ်ချက်

    စစ်အာဏာရှင်စနစ်ကိုတိုက်ဖို့ ပထမဆုံးလိုအပ်ချက်က “စစ်အာဏာရှင်စနစ်”ကို ဘက်ပေါင်းစုံက နားလည်သဘောပေါက်အောင် လုပ်ဖို့လိုပါတယ်။စစ်အာဏာရှင်စနစ်ဆိုတာ တကြောင်းတည်းခြုံပြောရရင် “လက်နက်နဲ့အာဏာသိမ်းပြီး တိုင်းပြည်ရဲ့ စီးပွားရေးအခြေခံကအစ နိုင်ငံရေး၊လူမှုရေး၊ယဉ်ကျေးမှုအဆုံး အရာရာကို ချုပ်ကိုင်စိုးမိုးထားတဲ့စနစ်”ဖြစ်ပါတယ်။ဒါကြောင့် ဒီစနစ်ဟာ စစ်တပ်မှာ အရင်းခံဖြစ်ပေမယ့် တိုင်းပြည်ရဲ့ကဏ္ဍအသီးသီးနဲ့ သက်ဆိုင်နေပါတယ်။အကျယ်အပြန့် လွှမ်းခြုံတည်ရှိနေတယ်လို့ မြင်ရမှာဖြစ်ပါတယ်။

    ဥပမာ အုပ်ချုပ်ရေးကဏ္ဍကိုကြည့်ရင် စစ်ကောင်စီက ရပ်ကျေးကနေ နိုင်ငံတခုလုံးအဆင့် သူတို့အုပ်ချုပ်ရေးယန္တရားနဲ့လည်ပတ်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ဒီလို ကြိုးစားရာမှာ သူတို့အတွေးအခေါ်ကို လက်ခံလာအောင် မှိုင်းတိုက်ထားပြီးဖြစ်တဲ့ ကြံ့ခိုင်ရေး၊မဘသ၊စွမ်းအားရှင်၊ပျူစောထီးစတဲ့ အချောင်သမားတွေနဲ့ အစကတည်းက စိတ်ဓာတ်ရေးရာ ချွတ်ခြုံကျနေတဲ့ ဒုစရိုက်သမား ကလေကချေတွေကို အသုံးချပြီး ရပ်ကျေးအုပ်ချုပ်ရေးကို တည်ဆောက်နေတာကို တွေ့ရပါတယ်။ဆိုလိုတာက စစ်ကောင်စီက လူထုကို တဖက်မှာ အကြောက်တရားနဲ့အုပ်ချုပ်ပြီး တဖက်မှာ လူတချို့ကို သူတို့ဖက်ပါအောင် မက်လုံးပေးသိမ်းသွင်းတာ၊အတွေးအခေါ်အရ ဦးနှောက်ဆေးတာတွေလုပ်နေတာကို တွေ့ရပါတယ်။

    ဒါကြောင့် စစ်အာဏာရှင်ကို တိုက်တဲ့နေရာမှာ သူတို့အတွေးအခေါ်ကိုသာမက သူတို့ပိုင်စီးပွားရေးလုပ်ငန်းနဲ့ သူတို့ပေးလာမယ့် မက်လုံးတွေကိုပါ ဘယ်သူမှလက်မခံအောင် ဘက်‌ပေါင်းစုံကတိုက်ဖို့လိုပါလိမ့်မယ်။ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဒလန်သတ်တာလောက်နဲ့ ကျနော်တို့ အောင်မြင်မှာ မဟုတ်သေးပါဘူး။သူတို့တပ်ဆင်ထားတဲ့ ယန္တရားမပြိုလဲမချင်းတိုက်ရမှာဖြစ်သလို သူတို့အုပ်ချုပ်ရေးယန္တရားပြိုလဲတာနဲ့ ဘယ်လိုအုပ်ချုပ်ရေးယန္တရားအသစ်ကို အစားထိုးမလဲဆိုတာကအစ ထဲထဲနက်နက် တွေးခေါ်တွက်ချက်ထားဖို့ လိုပါလိမ့်မယ်။

    စစ်အာဏာရှင်စနစ်ကိုတိုက်ရင် “အတွေးအခေါ်စစ်ဆင်ရေး”၊ “စီးပွားရေးတိုက်ပွဲ”၊”နိုင်ငံရေးတိုက်ပွဲ”၊ “လူတန်းစားတိုက်ပွဲ”စတာတွေ မပါဝင်လို့ကို မရပါဘူး။လက်နက်ကိုင်တိုက်ပွဲ တခုတည်းနဲ့ သွားလို့မရဘူးဆိုတာ ဒီအချက်တွေကိုကြည့်ရင် သိနိုင်ပါတယ်။

    ဒုတိယလိုအပ်ချက်

    စစ်အာဏာရှင်စနစ်ကို တိုက်ဖို့ ဒုတိယလိုအပ်ချက်က ကျနော်တို့ဟာ စစ်ရေးသက်သက်ပဲစဉ်းစားပြီး နိုင်ငံရေးနဲ့ကင်းကွာလို့မဖြစ်ဘူးဆိုတဲ့ အတွေးအခေါ်ကို စိုက်ထူနားလည်ထားဖို့ လိုပါမယ်။ကျနော်တို့တွေ တပ်ဖွဲ့ရုံသက်သက်၊ပျောက်ကြားအစုတည်ဆောက်ရုံသက်သက်၊စစ်ရေးလှုပ်ရှားရုံသက်သက်နဲ့ မပြီးပါဘူး။ရန်သူ့စစ်တပ်လို အပေါ်က အမိန့်နာခံပြီး စစ်တိုက်ရုံသက်သက်ဆိုတာ ကျနော်တို့ရဲ့ အယူအဆမဟုတ်ပါဘူး။

    ကျနော်တို့ဟာ တိုက်ပွဲကို အထောက်အကူပေးဖို့ ပြည်သူလူထုကိုလည်း စည်းရုံးလှုံ့ဆော်ရမှာဖြစ်သလို လူထုကို လက်နက်တပ်ဆင်ပေးပြီး လူထုအာဏာတည်ဆောက်နိုင်ဖို့အထိ အဆင့်ဆင့်လုပ်ဆောင်ရမယ့် နိုင်ငံရေးတပ်ဖြစ်ဖို့လိုပါတယ်။စစ်ရေးက ပထမ၊ နိုင်ငံရေးက ဒုတိယလို့ စဉ်းစားလို့မရပါဘူး။အဲဒီလိုစဉ်းစားလိုက်ရင် စစ်ရေးကောင်းမှ နိုင်ငံရေးကောင်းမယ်လို့ တွေးတဲ့ဘောင်ထဲကို ရောက်သွားပါလိမ့်မယ်။စစ်ရေးအဓိက အယူအဆဘောင်ဟာ နိုင်ငံရေးကို နောက်တန်းပို့ ဖျက်သိမ်းလိုက်တဲ့ အခြေအနေတရပ်ဆီတွန်းပို့မှာဖြစ်ပါတယ်။ဒါဟာ တဖက်မှာ စစ်ဘုရင်အယူအဆ ရှေ့တန်းရောက်လာတာဖြစ်သလို အမိန့်ပေးဝါဒနဲ့ ပြည်သူကို အုပ်ချုပ်‌တဲ့ပုံစံဖြစ်လာနိုင်ပြီး လူထုနဲ့တပ်ကို ကင်းကွာသွားစေနိုင်ပါတယ်။နောက်ဆုံး လူထုထောက်ခံမှုလျော့ကျပြီး တော်လှန်ရေးလည်း ရှုံးနိမ့်သွားစေနိုင်ပါတယ်။

    ကျနော်တို့ရဲ့တပ်တွေဟာ အရွယ်အစားကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ နိုင်ငံရေးရှိဖို့လိုတယ်။တပ်တွေအားလုံး ဘုံရည်မှန်းချက်တူအောင်စုပြီး ညီညွတ်တဲ့မဟာမိတ်တွေဖွဲ့ဖို့လိုပါတယ်။တပ်တွေအားလုံး နောက်ဆုံးမှာ ဘုံလုပ်ငန်းစဉ်တူတဲ့အနေအထားကို ရောက်ဖို့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတွေးခေါ်နိုင်တဲ့ နိုင်ငံရေးအင်အားစုတခုရဲ့ အလံတော်အောက်မှာ လက်တွဲတိုက်ပွဲဝင်ဖို့လိုပါတယ်။ဒါဟာ ကျနော်တို့ လျှောက်ရမယ့် တခုတည်းသောလမ်းပါ။ဒါဟာ ကျနော်တို့အနေနဲ့ နွေဦးတော်လှန်ရေးအောင်ပွဲခံဖို့ ပြည်သူလူထုကို တင်ပြတဲ့ အဆိုပြုချက်ပါ။ဒါဟာ ကျနော်တို့အနေနဲ့ တိုင်းပြည်ရဲ့အနာဂတ်ကို ပုံဖော်ဖို့အတွက် ပျောက်ကြားတပ်တွေနဲ့ အတူလက်တွဲထုဆစ်မယ့် စီမံကိန်းပါ။

    “စစ်ရေးသက်သက်အမြင်”ကို မချဉ်းကပ်ဘဲ နိုင်ငံရေးပလက်ဖောင်းပေါ်မှာ ပြည်သူ့ညီညွတ်ရေးတပ်ပေါင်းစုအလံတော်ကို အမြင့်မားဆုံးလွှင့်ထူချီတက်ကြဖို့ အလေးအနက်အကြံပြုတိုက်တွန်းလိုပါတယ်။

    တတိယလိုအပ်ချက်

    စစ်အာဏာရှင်စနစ်ကို တိုက်ဖို့ တတိယလိုအပ်ချက်က ပြည်သူလူထုတရပ်လုံး ကျနော်တို့တော်လှန်ရေးမှာ စိတ်ရောကိုယ်ပါ ပါဝင်ပူးပေါင်းလာအောင် စည်းရုံးဖို့ပဲဖြစ်ပါတယ်။ဒီလိုလုပ်ဖို့ဆိုတာ နိုင်ငံရေးလုပ်ငန်းစဉ်တွေရှိဖို့ လိုပါတယ်။စစ်ရေးချည်းသက်သက် ဖိတိုက်ရုံနဲ့ မလုံလောက်ပါဘူး။ဘယ်ဒေသမှာ တိုက်ပွဲဘယ်လိုအောင်တယ်ဆိုတာလည်း အရေးကြီးပါတယ်။ဘယ်ဒေသမှာ ပြည်သူတွေက တည်တည်ငြိမ်ငြိမ်နဲ့ စစ်အာဏာရှင်ကို ခုခံဆန့်ကျင်နိုင်တယ်ဆိုတာ ပိုအရေးကြီးပါတယ်။

    ပျောက်ကြားတပ်က တခြား၊ပြည်သူလူထုက တခြား ကွဲပြားမနေဖို့လိုတဲ့အတွက် ပြည်သူနဲ့ပျောက်ကြား တသားတည်းကျဖို့ အရေးကြီးပါတယ်။ဆိုလိုတာက လက်နက်ကိုင်ယူဂျီလုပ်ငန်းလိုမျိုး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ကိုယ့်ပုံမှန်ဘဝမျက်နှာစာမှာ ပုံမှန်အနေအထားနဲ့ နေထိုင်နေပြီး တော်လှန်ရေးတာဝန်တွေထမ်းဆောင်တဲ့အချိန်မှာ ပျောက်ကြားတပ်သားအဖြစ် အသွင်ပြောင်းသွားတာမျိုးကို ရည်ရွယ်တာပါ။ဗီယက်ကောင်းပျောက်ကြားတွေလို ကျင့်သုံးရမှာပါ။လူထုကြီးတရပ်လုံးကို နိုင်ငံရေးအရ စည်းရုံးပြီး လက်နက်ကိုင်တော်လှန်ရေးမှာ ကျရာအခန်းက ပါဝင်လာအောင် လှုံ့ဆော်ပေးဖို့ပါပဲ။

    ပျောက်ကြားစစ်ကနေ ပြည်သူ့စစ်အဖြစ် ပြောင်းလဲနိုင်တဲ့အချိန်မှာ စစ်အုပ်စု အရေးနိမ့်ပြီး ကျနော်တို့တော်လှန်ရေး မုချအနိုင်ရစရာ အကြောင်းရှိပါတယ်။ပြည်သူတွေ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ နိုင်ငံပြင်ပကို ထွက်ပြေးရတာနဲ့ အေးအေးလူလူနေရဖို့ စစ်အုပ်စုကို အရှုံးပေးနာခံလိုက်ရတာမျိုးဆိုတဲ့ အစွန်းနှစ်ဖက်ုရောက်ရှိသွားဖို့ အလားအလာတွေရှိနေပါတယ်။

    တော်လှန်ရေးသမားများဟာ ပြည်သူကိုမစုစည်းနိုင်ရင်၊ပြည်သူ့ထောက်ခံမှုကို ရေရှည်မရခဲ့ရင် တော်လှန်ရှုံးတတ်ပါတယ်။ပြည်သူကို စုစည်းဖို့ဆိုတာ လက်နက်နဲ့တင်မရဘူးဆိုတာ သတိချပ်ရပါမယ်။နိုင်ငံရေးနည်းလမ်းဆိုတာ စွန့်လွှတ်လို့မရတဲ့အရာပါ။ရန်သူကို လက်နက်နဲ့ဖြေရှင်းရမယ်ဆိုရင်တောင် ပြည်သူကို နှလုံးသားနဲ့ကာကွယ်နွေးထွေးပေးရပါလိမ့်မယ်။

    အနှစ်ပြန်ချုပ်ရရင် စစ်ရေးသက်သက်နဲ့ ရန်သူ့နေရာကို အစားထိုးမသိမ်းပိုက်နိုင်ဘူး။ပြည်သူ့ထောက်ခံမှုနဲ့သာ စစ်အာဏာရှင်စနစ် ပြိုလဲနိုင်မယ်။ပြည်သူကို စုစည်းဖို့ မမေ့ပါနဲ့။နိုင်ငံရေးကိုလည်း မစွန့်လွှတ်ပါနဲ့။ပြည်သူ့ထောက်ခံမှုရအောင် ညီညွတ်ရေးတပ်ပေါင်းစု အမြန်ဆုံးတည်ဆောက်ကြပါစို့။ပြည်သူ့‌တော်လှန်ရေး
    တပ်ပေါင်းစုအလံကို အမြင့်မားဆုံးလွှင့်ထူကြပါစို့လို့ တိုက်တွန်း‌လိုက်ရပါတယ် ခင်ဗျား။ ။

    ကျော်ကိုကို (၂၆.၉.၂၀၂၁)

    Red News Agency

  • ဖားကန့်မြို့နယ်၌ ရဲတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

    ဖားကန့်မြို့နယ်၌ ရဲတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

    ဖားကန့်၊ ဩဂုတ် ၁၉ ရက်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၁) ဈေးကုန်း၌ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ရဲသားတစ်ဦး ယနေ့ ( ဩဂုတ်လ ၁၉ ရက်) ညနေပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    အရပ်ဝတ်ဖြင့်လာရာမှ သေနတ်ပစ်ခံရပြီး သေဆုံးသည့်ရဲသည် မူးယစ်ဆေး သုံးစွဲ ရောင်းချထံ စပ်ကြေးလာကောက်သူ ဖြစ်နိုင်ကြောင်း၊ မည်သည့်အဖွဲ့မှ ပြုလုပ်ခဲ့ကြောင်း အတိအကျမသိရသေးသော်လည်း အခင်းဖြစ်ပွားရာ ဈေးကုန်းနှင့် ယာယီကားလေးကွင်းအနီးတို့၌ မူးယစ်ဆေးဝါး သုံးစွဲသူ ရောင်းချသူများ ကျင်လည်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

    မူးယစ်ဆေး ရောင်းဝယ်သူများထံမှ အပတ်စဉ်ကြေး လစဉ်ကြေးများကောက်ယူရန် လာသောရဲသည် AD ဘင်ဖြင့် လာရောက်ခဲ့ပြီး၊ သေဆုံးသူမှာ ရဲတပ်ကြပ် ဝင်းမြင့်ဖြစ်ကြောင်း၊ အလောင်းအား ဖားကန့် ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

    #RedNewsAgency