ဖားကန့် စုပေါင်းရုံးတိုက်ခိုက်ခံရ

RNA_ဖားကန့်၊ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။

စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းပြုစုနေသည့် ထွေ/အုပ်၊ ရဲတပ်ဖွဲ့နှင့် လဝကရုံးများရှိရာ ဖားကန့်မြို့ စုပေါင်းရုံးအား တော်လှန်ရေးအင်အားစုများက ယနေ့ညနေ (၅) နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ညနေ ဖားကန့် စုပေါင်းရုံး တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို လတ်တလော အတည် ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက လူထုလက်မခံသည့် ရွေးကောက်ပွဲကို ပြုလုပ်ရန် ဖားကန့်မြို့နယ်တွင် အိမ်ထောင်စုစာရင်းများ‌နှင့် လူဦးရေစာရင်း ကောက်ယူနေကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ ရဲနှင့်စစ်သားများက ဖားကန့်မြို့ဝင် ပန်းတင်တံတားထိပ်၌ စစ်ဆေးမှုများတင်းကြပ်နေကြောင်း၊ ဇန်နဝါရီ ၄ ရက်နေ့ နံနက်ကလည်း လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားပြုလုပ်နေချိန် အဆိုပါစုပေါင်းရုံးအား တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ (၂) ဦးသေဆုံးသည်ဟု ပြောဆိုနေကြပေမဲ့ Red News Agency အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေး။

ဖားကန့်မြို့၌ ယခုလ ၁၉ ရက်နေ့က စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအချို့က လက်နက်ကိုင်အစောင့်အကြပ်များခြံရံကာ ငှက်ပျောတောရပ်ကွက်နှင့် မရှီကထောင်ရပ်ကွက်တို့တွင် တစ်အိမ်တက်ဆင်း လူဦးရေစာရင်းများလိုက်လံကောက်ယူခဲ့ပြီးနောက် သပိတ်အင်အားစုများ၏ တရားမဝင်ရွေးကောက်ပွဲအား ဆန့်ကျင်‌ကြရန် ဆန္ဒပြ စာတန်းချိတ်ဆွဲမှုများ၊ တော်လှန်ရေးအင်အားစုများ၏ စုပေါင်းရုံးအားပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

#RedNewsAgency

By Editor