ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

Written by

in

RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ လူထုကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု ယနေ့ ကျင်းပသည့် NUG ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
 
၂၀၂၃ ခုနှစ်ထဲတွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်​သလို ပြည်သူ လူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း၊ NUG အစိုးရအနေဖြင့် အတိတ်က ဖြစ်ခဲ့သည့် နိုင်ငံရေး အမှားများကို သင်ခန်းစာယူရမည်ဟု ယာယီသမ္မတက တိုက်တွန်းခဲ့သေးသည်။

“အထူးသဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာ တခုက တော့ NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘူးဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးအလုပ်တွေကိုလည်း လုပ်မယ်။ ဖြစ်သင့်တာတွေကို ဖြစ်နိုင်ချေရှိလာအောင်လည်း ကြိုးစားကြမယ်။ အထူးသဖြင့် ပြည်သူလူထုကို လက်တွေ့ရလဒ်နဲ့ သက်သေပြချင်ပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားခဲ့သည်။
 
လက်ရှိတော်လှန်ရေးအနေအထားတွင် မဟာမိတ်ဆက်ဆံရေးအနေဖြင့် လက်တွဲထားသည့် တော်လှန်သော အစုအဖွဲ့များထံမှ ထိုက်သင့်သည့် စစ်ရေးအထောက်အပံ့နှင့် စစ်ရေးအကူအညီများ ရသင့်သလောက် ရထားမှု တွေ့ရသည့်အတွက် အားတက်ရကြောင်း၊ စစ်စိုးမိုးဧရိယာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်က နွေဦးတော်လှန်ရေးအားသာချက်အဖြစ် ရှုမြင်ဖို့လိုအပ်ပြီး စစ်ရေးစိုးမိုးမှု ဧရိယာများတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တယား စနစ်တကျ အသက်ဝင်ဖို့ကိစ္စ အထူးပြုလုပ်ဆောင်ရန် လိုအပ်သည်ဟု စသဖြင့် ယာယီသမ္မတက ပြောကြားခဲ့သည်။
 
Red News Agency