ပုသိမ်ထောင်မှာ စစ်ကောင်စီလက်အောက်ခံများပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား (၂) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၇)၊၂၀၂၃ ခုနှစ်။
 
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုဆန္ဒပြမှုကို စစ်ကောင်စီတပ်လက်အောက်ခံ ရဲနှင့်တပ်က ပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား ကိုဝင်းမင်းထက်နှင့် ကိုဝေယံဖြိုးတို့ သေဆုံးခဲ့ရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တဦးသာ အတည်ပြုထားနိုင်သေးကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီပေးနေသူများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း အတည်ပြုထားနိုင်သည့် သေနတ် (၃) ချက်မှတ် သေဆုံးသူမှာ ကိုဝင်းမင်းထက် (ခ) မဲကြီး (အသက် ၃၁ နှစ်)ဖြစ်ပြီး ပုသိမ်မြို့၊ ကုလားစု (၆) ရပ်ကွက်တွင်နေထိုင်သူဖြစ် ဖြစ်ကြောင်း၊ သေဆုံးသည်ဟု သတင်းထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးသည့် ကိုဝေယံဖြိုးကို စစ်ကောင်စီလက်အောက်ခံများက မတရားဖမ်းဆီးထားပြီး ပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ)၊ ၅၂ (က) တို့ဖြင့်တရားစွဲခံထားရသူဖြစ်ကြောင်း၊ ထောင်တွင်း ပစ်ခတ် အကြမ်းဖက်နှိမ်နှင်းသည့်အတွက် ဖမ်းဆီးခံထားရသူ (၆၀ ) ဝန်းကျင်ဒဏ်ရာရရှိပြီး (၄) ဦးမှာ စိုးရိမ်ရသည့်အနေအထားဖြစ်ကြောင်း သိရသည်။
 
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၅)ရက်နေ့တွင် ထောင်တွင်း ကီးပတ်ဖုန်းတွေ့သည်ဟုဆိုကာ ကိုဝေယံဖြိုး (ခ) ကိုမဲကြီးအား ထောင်ဝန်ထမ်များက ဖမ်းဆီးခေါ်ဆောင်ကာ နှိပ်စက်သည့်အတွက် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများက ပြန်လွှတ်ပေးရန် ဇန်နဝါရီ(၆)ရက်တွင် တောင်းဆိုဆန္ဒပြရာမှ စတင်ကာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်က ထောင်တွင်းဆူပူမှုကို ခရိုင်ရဲတပ်ဖွဲ့ ဦးစီးပြီး အကျဉ်းထောင်အတွင်း ဝင်ရောက်ကာ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့်နှိမ်နှင်းခဲ့သောကြောင့် ရဲ(၂)ဦး နှင့် အကျဉ်းဦးစီးဌာန၏ ဝန်ထမ်း(၉)ဦး ထိခိုက်ခဲ့သည်ဟု အဖြစ်မှန်ကို ဖုံးကွယ်ကာ လိမ်လည်ထုတ်ပြန်ထားသည်။
 
#RedNewsAgency
By Editor