သတင်းထောက် ကိုနောင်ရိုး ယနေ့လွတ်မြောက်၊ ဖမ်းဆီးခံရတာ နောင်တမရ သတင်းထောက်ဆက်လုပ်မည် 

ဖားကန့်၊ အောက်တိုဘာ (၃)၊၂၀၂၂ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မှ ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် Voice of Milikha သတင်းဌာန၏ သတင်းထောက် ကိုနောင်ရိုးသည် ယနေ့ နံနက် (၈)နာရီက ဖားကန့် (မဇွပ်ယန်) အချုပ်ထောင်မှ လွတ်‌မြောက်လာသည်။

“ကျွန်တော် စကတည်းက သတင်းထောက်လုပ်တယ်၊ ဖမ်းဆီးခံရပြီး ထောင်ကျတယ်၊ ခုလည်းသတင်း ထောက်အလုပ်ပဲ ဆက်လုပ်သွားမယ်၊ ဖမ်းဆီးခံရလို့လည်း နောင်တမရဘူး၊ ကျွန်တော် မှန်တဲ့အလုပ်ကို လုပ်နေတာခြင်းသာဖြစ်တယ်” ဟု ယနေ့ လွတ်မြောက်လာသည့် သတင်းထောက် ကိုနောင်ရိုးက ပြောသည်။

ကိုနောင်ရိုးအပါအဝင် ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးခံထားရသူ (၁၂)ဦး လွတ်မြောက်ခဲ့ပြီး လုံးခင်းကျေးရွာ၊ ရာစုသစ် လက်ဖက်ရည်ဆိုင်မှ ‌ဆိုင်ပိုင်ရှင် ဒေါ်ဝါဝါလွင်နှင့် ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာမှ အမျိုးသား(၁၀)ဦးတို့ ပါဝင်ကြောင်း သိရသည်။

ဖားကန့်၌ ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ(၄၇)ဦးကို ထောင်ဒဏ် တစ်နှစ်ခြောက်လစီချမှတ်ပြီး လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရသူ(၂၀)ဦးခန့် ကျန်ရှိနေသေးကာ သတင်းထောက် ကိုနောင်ရိုးသည် ဆိုင်ကယ်(Without)မှု ပို့ကုန်သွင်းကုန်ဖြင့် ထောင်ဒဏ်တစ်လ ထပ်မံချမှတ်ခံခဲ့ရသည့်အတွက် စုစုပေါင်း တစ်နှစ်နှင့်ခုနှစ်လ ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရသည်။

ကိုနောင်ရိုးသည် ၂၀၂၁ ခုနှစ်၊ ဧပြီ(၉)ရက်နေ့ မနက်က အာဏာသိမ်း စစ်ကောင်စီကို ပြည်သူလူထုက ဆန္ဒပြဆန့်ကျင်သည့် မြေပြင်အခြေအနေသတင်းအား ရယူနေစဉ် ဖားကန့်မြို့ဝင် ပန်းတင်တံတားထိပ်၌ ဖမ်းဆီးခံခဲ့ရကာ ဖားကန့်အချုပ်ခန်းအတွင်း ထိန်းသိမ်းပြီး အမှုကို တစ်နှစ်နီးပါးရင်ဆိုင်ခဲ့ရပြီး ၂၀၂၂ခုနှစ်၊ မတ်လတွင်မှ အပြီးသတ်ကာ ဖားကန့်(မဇွပ်ယန်)အချုပ်ထောင်ကို ပြောင်းရွေ့ခံ ခဲ့ရသည်။

“အချုပ်ထောင်မှာ အဓိက ရင်ဆိုင်ရတဲ့ပြဿနာက ကျန်းမာရေးစောင့်ရှောက်မှုပဲ၊ အစစအရာရာ ကိုယ့်အချင်းချင်းပဲ ဖေးမကြရတယ်၊ ဘာမှပြည့်စုံတာမရှိဘူး၊ ကျွန်တော်တော့ ကျန်းမာရေး နှစ်ကြိမ်ဖောက်ခဲ့တယ်၊ ခုမလွတ်သေးတဲ့အထဲမှာလည်း ကျန်းမာရေး မကောင်းတာ နှစ်ဦးရှိသေးတယ်၊ တစ်ဦးက အသည်းတော်တော်ဆိုးနေတယ်”ဟု အချုပ်ထောင်တွင်း အခြေအနေကို ကိုနောင်ရိုးက ပြောပြသည်။

“ဒီဖားကန့်(မဇွပ်ယန်) အချုပ်ထောင်က လျှပ်စစ်မီးကြေးကို ထောင်သားတွေဆီက တစ်ဦးကို ကျပ်ငါးထောင်နှုန်း နေ့စဉ်ကောက်တယ်၊ တစ်ဦးကို တစ်လ တစ်သိန်းခွဲဗျာ၊ ထောင်မှူးပြောတာတော့ ‌အချုပ် ထောင်က ပြည်ထဲရေးပေါက်မဟုတ်လို့ ထောင်ရဲ့ခွဲတမ်းကုန်ကျစရိတ်မချပေးဘူးတဲ့၊ အဲ့တော့ထောင်သားတွေဆီက အကုန်ဖြတ်တယ်၊ အဲ့တာတစ်ခုတော့ တော်တော်ဆိုးတယ်”ဟု အတွေ့အကြုံကို ဆက်လက် ရှင်းပြသည်။

ဖားကန့်၌ နိုင်ငံရေးပုဒ်မတပ် အဖမ်းခံရပြီးလွတ်မြောက်လာသူများသည် လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင်ပါဝင်ခွင့်မရရှိခဲ့ပဲ သာမန်လွတ်ရက်စေ့မှသာ လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။

Red News Agency

By Editor